မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ထပ်မံ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး ၈၈ မျိုးဆက် ကျောင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့က အသီးသီး တိုက်တွန်း မေတ္တာ ရပ်ခံစာများ ယနေ့ ထုတ်ပြန်လိုက်သည်။
လတ်တလော အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးအတွက် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှုထောင့်များအပေါ် အခြေခံကာ ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းကြပါရန် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မေတ္တာရပ်ခံချက် ထုတ်ပြန်သည်။
“လတ်တလော ဖြစ်ပွားနေတဲ့ကိစ္စတွေကို အကြမ်းဖက် ဖြေရှင်းနေကြရင် နိုင်ငံရဲ့ ပုံရိပ်လည်းပျက်မယ်။ နိုင်ငံသားများရဲ့ ပုံရိပ်လည်း ပျက်မယ်။ ဒီကိစ္စ အမြော်အမြင်ရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတာ ကောင်းတယ်။ ရန်ကို ရန်ခြင်း တုန့်နှင်းတာ မကောင်းဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပြန်ကြားရေးဌာနမှ ဦးဇော်မင်းက ဧရာဝတီကို ပြောသည်။
ယခု ပဋိပက္ခ ဆက်လက်ဖြစ်ပေါ်ရခြင်းမှာ တရားဥပဒေ စိုးမိုးရေးအတွက် အချိန်မီ လုံခြုံရေး အင်အား အလုံအလောက် ချမှတ်ထားခြင်း မရှိမှု၊ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းချက်တို့ကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ရာမှာ အချိန်နောက်ကျတယ်လို့ ကျနော်တို့ ကောက်ချက် ဆွဲလို့ရတယ်။ ဒါကို ဆက်ပြီး ကျနော်တို့ သက်ဆိုင်ရာကိုလည်း တိုက်တွန်းသွားမယ်” ဟု ဦးဇော်မင်းက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးကလည်း ဖြစ်ပေါ်နေသော အခြေအနေများသည် ဥပဒေအရ တပြေးညီမရှိဘဲ လိုအပ်ချက်များ ရှိနေကြောင်း၊ မကြာသေးမီက ရန်ကုန်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချီတက် လမ်းလျှောက် ဆန္ဒဖော် ထုတ်ခဲ့ကြသူများကို ဥပဒေကြောင်းအရ အမှုဖွင့် အရေးုယူခဲ့သော်လည်း ရခိုင်ပြည်နယ် ကိစ္စတွင် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ထောက်ပြသည်။
“ဒီလို ကိစ္စလေးတောင် အမှုဖွင့် နိုင်သေးတာ၊ ဟိုမှာ အုပ်စုချင်း ရိုက်ပြီးတော့ သတ်ဖြတ်နေကြတဲ့ ကိစ္စကျတော့ ဘာဖြစ်လို့ တရားဥပဒေ လွှမ်းမိုးမှုကို မလုပ်နိုင်တာလဲ။ ဘာဖြစ်လို့ အဲဒီလို ကိစ္စမျိုးကို ထိထိရောက်ရောက် အရေးမယူနိုင်တာလဲ” ဟု ဦးမြအေးက ဆိုသည်။
NLD ပါတီ၏ ယမန်နေ့က ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယနေ့ နေ့လည်က ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ရခိုင်တိုင်းရင်းသားနှင့် ဘင်္ဂါလီလူမျိုးတို့အကြား ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ အမ်းဒေသများတွင် ပဋိပက္ခများ ထပ်မံ ဖြစ်ပွားလာသဖြင့် လူအသေအပျောက်များရှိခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားလည်းရှိကြောင်း ဝမ်းနည်းဖွယ် ကြားသိရသည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိမ်းသိမ်းရေးနှင့် တည်ငြိမ်မှု ရစေရေးအတွက် နိုင်ငံတော် အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမို ဝိရိယ စိုက်ထုတ်ဆောင်ရွက်ရန် လိုအပ်နေပါသည်ဟု ဖော်ပြပြီး ထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံး ဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းပါသည်ဟု ထုတ်ပြန်လိုက်သည်။
NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကလည်း ပဋိပက္ခသည် ဥပဒေ၏ အားနည်းချက်ကြောင့် မဟုတ်ဘဲ ဥပဒေကို အကောင်အထည် ဖော်ဆောင်သူများ၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“အခု ဖြစ်နေတဲ့ ကိစ္စတွေက ဥပဒေ ချွတ်ယွင်းချက် မဟုတ်ဘူးဗျ။ အကောင်အထည်ဖော်တဲ့ လူတွေရဲ့ မပြည့်စုံမှုပဲ။ ဥပဒေမှာရှိတဲ့အတိုင်း အကောင်အထည် ဖော်ခဲ့ရင် ဒီလောက်အထိ ဖြစ်လာစရာ မရှိဘူး။ ဒါ ဥပဒေချွတ်ယွင်းချက်လို့ ကျနော် မမြင်ဘူး” ဟု သူက ပြောသည်။
လူစုလူဝေးဖြင့် အဓိကရုဏ်းများ ဖြစ်ပေါ်လာသည့်အခါ ထိမ်းသိမ်းကာကွယ်ရန်အတွက်မှု နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ လက်ရှိကျင့်သုံးနေသည့် ရာဇသတ်ကြီး ပုဒ်မများဖြင့် ထိမ်းသိမ်းရန်လိုအပ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
“ပုဒ်မ ၁၄၄ ထုတ်ထားပြီး လူမစုရဘူး၊ စုလို့ရှိရင် ခွဲရမယ်။ ဥပဒေ ထုတ်ထားပြီး တဲထဲမှာ အိပ်နေရင်တော့ လူစုတာ ဘယ်သိတော့မလဲ။ ကျနော်သဘောပြောတာပါ။ ဒါမျိုးတွေပေါ့။ အမြဲတမ်း ညကင်းလှည့်တာ စသဖြင့် ဒါတွေက လုပ်နေရမှာ။ ဥပဒေ ထုတ်ပြန်ပြီး လူမစုနိုင်အောင်၊ ပဋိပက္ခ မဖြစ်အောင် လုပ်ရမယ်လေ” ဟု သူက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပြန်ကြားရေး ဌာနမှ ဦးဇော်မင်းကလည်း ရခိုင်ပြည်နယ် ပဋိပက္ခအတွက် စုံစမ်းရေး ကော်မရှင်၏ ဆောင်ရွက်မှုများကိုလည်း အားမရကြောင်း ဧရာဝတီကို ပြောသည်။
“စုံစမ်းရေး ကော်မရှင်အနေနဲ့ ကိစ္စတခုကို စုံစမ်းမယ်၊ တိကျတဲ့ အချက်တွေ့တာနဲ့ ချက်ချင်း အဲဒါကို အရေးယူဆောင်ရွက်၊ ဘယ်နေရာမှာ အနီရောင်အလံ၊ ဘယ်နေရာမှာတော့ လိမ္မော်ရောင်အလံ၊ ဘယ်နေရာကတော့ အဖြူရောင် စသဖြင့် သတ်မှတ်ပြီး ချက်ချင်း ပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေအပေါ် ချက်ချင်းတင်၊ ချက်ချင်း ဥပဒေ ဆုံးဖြတ်ချက်ချ၊ ချက်ချင်း အရေးယူ အကောင်အထည်ဖော် ဖြစ်ရမှာ။ အခု အဲဒီလို မဟုတ်ဘူးဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
သမ္မတက ဖွဲ့စည်းပေးထားသည့် ရခိုင် ပဋိပက္ခစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ စောင့်ဆိုင်းရင်း ကိုင်တွယ် ဖြေရှင်းသွားမည်ဆိုပါက အောက်ခြေ ဒေသခံများအနေဖြင့် အသေအပျောက် ပိုများလာနိုင်စရာ ရှိသည်ဟု အဆိုပါ ကော်မရှင်အပေါ် ဝေဖန်အကြံပြု ရေးသားထားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကျော်မြင့်၏ စာတွင်လည်း ဖော်ပြထားသည်။
နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် “ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ဖြစ်ပွားလျက် ရှိသော မတည်မငြိမ်မှုများနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များအား ပြည့်စုံစွာ ထုတ်ပြန်သွားမည် ဖြစ်သလို ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများအားလည်း သတင်းမီဒီယာများအား သတင်းအချက်အလက်များ ပြည့်စုံစွာ ရှင်းလင်း ဖြေကြားပေးရန် ညွှန်ကြားထားကြောင်း အသိပေးအပ်ပါသည်” ဟု ရေးသားထားသည်။
အစိုးရ သတင်းထုတ်ပြန်မှုအရ သတင်းစာတွင် မင်းပြားမြို့နယ်မှ ကျေးရွာ ၆ ရွာ၌ အိမ်ခြေ ၅၃၁ အိမ်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၂ ရွာ၌ အိမ်ခြေ ၅၀၈ အိမ်၊ စုစုပေါင်း အိမ်ခြေ ၁၀၃၉ ဆုံးရှုံး ပျက်စီးခဲ့ပြီး အမျိုးသားတဦးနှင့် အမျိုးသမီးတဦး အသက်ဆုံးရှှုံးခဲ့ကာ အမျိုးသား ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ၂၄ ရက်နေ့ သတင်းစာတွင် ဖော်ပြခဲ့သည်။