ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခသည် ယနေ့တွင် ကျောက်တော်၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များသို့ ကူးစက်ပြန့်နှံ့သွားပြီး ပဋိပက္ခများအတွင်း စစ်တပ်မှ ပစ်ခတ် လူစုခွဲရာ သေဆုံးမှုတချို့ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။
ရခိုင်ပြည်တွင်းရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် ယခုအခါ ရခိုင်ပြည်နယ်တခုလုံးနီးပါး ကူးစက်ပြန်နှံ့နေကြောင်း၊ နှစ်ဖက်အကြား အပြန်အလှန် တိုက်ခိုက်မှု၊ မီးရှှို့မှုများ ဖြစ်ပွားကာ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုလည်း အများအပြားရှိကြောင်း၊ လူနေအိမ် ထောင်ချီ၍ မီးလောင်ကျွမ်းသွားသည့်အတွက် နှစ်ဘက်စလုံး၌ ဒုက္ခသည် ထောင်ချီရှိကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား အပြန်အလှန်တိုက်ခိုက်၍ သေဆုံးခြင်း၊ စစ်တပ်မှ ပစ်ခတ်လူစုခွဲရာတွင် သေနတ်ထိမှန် သေဆုံးခြင်းနှင့် ထိခိုက် ဒဏ်ရာရသူ အများအပြား နှစ်ဖက်စလုံးတွင် ရှိကြောင်း သိရသော်လည်း အရေအတွက်ကို ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ၌ ဖြစ်ပွားသော ပဋိပက္ခကို ထိုဒေသ၌ အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း (၅၃၆) မှ ပစ်ခတ် လူစုခွဲရာ၌ ဦးအောင်ဇံဝေနှင့် ဦးသိန်းလှမောင်တို့ သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားပြီး ၈ ဦး ဒဏ်ရာရ ရှိသွားကြောင်း၊ မွတ်စလင်များဘက်တွင်လည်း သေဆုံးမှု၊ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ကျောက်တော်မြို့နယ်၊ ပိုက်သည်ကျေးရွာ၌ ယနေ့ နံနက်တွင် ဖြစ်ပွားသည့် ပဋိပက္ခကိုလည်း စစ်တပ်က ပစ်ခတ် လူစုခွဲရာ ဦးကျော်သိန်း၊ ဦးဇော်ဝင်း၊ ဦးထွန်းအောင်သာ တို့ ၃ ဦး သေဆုံးသွားကာ ထိခိုက်ဒဏ်ရာ ရသူများကို စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ပဋိပက္ခများ ပြန့်ပွားလာခြင်းသည် မမျှော်လင့်ဘဲ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခများ ဆက်လက် မပြန့်ပွားရေးအတွက် ပြည်နယ်အစိုးရက အလေးထား ဆောင်ရွက်နေကြောင်း၊ သို့သော် စစ်တပ်အင်အား ထပ်မံတိုးချပေးရန် မရှိကြောင်း၊ စစ်တပ် တိုးချပါက နိုင်ငံတကာမှ ပြောဆိုလာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေးတာဝန် ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။
“ရခိုင်မှာ ရှိတဲ့စစ်တပ်တွေနဲ့ပဲ ထိန်းပေးဖို့၊ လုံခြုံရေး တာဝန်ယူပေးသွားမှာပါ။ ပြည်ထောင်စုအစိုးရ အကူအညီနဲ့ တခြားဒေသက စစ်တပ်တွေကို ထပ်မံ ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး၊ စစ်တပ်ကိုလည်း ပစ်မိန့် ပေးထားတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် ရခိုင်ဒေသတွင်း ကြီးထွားလာသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် ဒေသတွင်းရှိ စစ်တပ်နှင့် လုံထိန်း တပ်ဖွဲ့ဝင်များကို ပဋိပက္ခဖြစ်ရာ ဒေသများ၌ အင်အားတိုး ချပေးနေကာ အခြေအနေပေါ် မူတည်၍ ဥပဒေအရ လုပ်ဆောင်သွားရန် စစ်တပ်ကို တာဝန်ပေးထားကြောင်းလည်း ပြည်နယ်အစိုးရအဖွဲ့က ဆိုထားသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုသည်။ လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ်သည်လည်း လိုအပ်သည်ထက် ပိုမိုပစ်ခတ်မှုကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရသူ အများအပြား ရှိကြောင်းလည်း ဒေသခံတို့က ဆိုသည်။
ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကမူ စစ်တပ်ပစ်မှုကြောင့် သေဆုံးသူစာရင်း ၎င်းတို့ထံ မရောက်သေးကြောင်း၊ သို့သော် လူစုခွဲရာ၌ မတော်တဆ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ပြောဆိုသည်။
မင်းပြားမြို့နယ်၌ အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခသည် မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော် စသည့်မြို့များအထိ ပြန့်နှံ့ ဖြစ်ပွားနေကာ နေအိမ်များ မီးလောင်ကျွမ်းသွားသည့် မြို့နယ်အားလုံးတွင် ဒုက္ခသည်များ ရှိနေသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
အလားတူ မွတ်စလင်များနှင့် နီးစပ်သည့် ရခိုင်နှင့်တခြား တိုင်းရင်းသား ကျေးရွာများကလည်း မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လာရောက် ခိုလှှုံနေကြကြောင်း သိရသည်။ ထို့အတူ နေအိမ် မီးလောင်သွားသည့် မွတ်စလင်များကလည်း မွတ်စလင် ဦးရေများပြားသည့် ကျေးရွာများသို့ ပြောင်းရွှေ့ခြင်း၊ ထွက်ပြေးခြင်း၊ ကျောက်ဖြူ မြို့မှ မွတ်စလင်များသည်လည်း စက်လှေများဖြင့် စစ်တွေဒေသသို့ ပြောင်းရွှေ့သွားကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
ကျောက်ဖြူ ပဋိပက္ခကြောင့် ထိုဒေသမှ မွတ်စလင်များသည် စက်လှေစီးရေ ၄၀ ဝန်းကျင်ဖြင့် စစ်တွေမြို့ သဲချောင်းကျေးရွာသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ တချို့သောသူများသည် ပုဏ္ဏားကျွန်း ဒေသသို့ ရောက်ရှိနေကြောင်း စစ်တွေမြို့ခံများက ပြောသည်။
မီးဘေးဒုက္ခသည် အရေအတွက်ကို မြို့နယ်အလိုက် စိစစ်နေဆဲ ဖြစ်ကြောင်း၊ ဒုက္ခသည်များကို နေရာချထားပေးရေးနှင့်
စားသောက်ရန် ရိက္ခာများကို မြို့နယ်အလိုက် ပေးဆောင်သွားမည်ကြောင်း ရိက္ခာ အလုံလောက်ရှိကြောင်း ဦးဝင်းမြိုင်က ဆိုသည်။
မြောက်ဦးမြို့နှင့် မင်းပြားမြို့နယ်တို့တွင် အောက်တိုဘာ ၂၁ နှင့်၂၃ တို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင်လည်း အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးကာ အိမ်ခြေစုစုပေါင်း ၁၀၃၉ အိမ် မီးလောင်ဆုံးရှှုံးသွားကြောင်း အစိုးရ သတင်းစာများက ရေးသားထားသည်။
ကျောက်ဖြူမြို့တွင်လည်း အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အိမ်ခြေ ၇၀၀ ကျော် မီးလောင်သွားပြီး၊ လူတဦး သေဆုံး၍ လူ ၂၀ ကျော် ဒဏ်ရာရကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားသည်။