၁၉၆၂ ခုနှစ် အာဏာသိမ်း တော်လှန်ရေးကောင်စီ ၏ ဒု ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး (၉၄) နှစ်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ခန့် က မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ ကျောင်းလမ်း နေအိမ်၌ ရုတ်တရက် ကွယ်လွန်သွားသည်။
ဦးအောင်ကြီး၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို လာမည့် စနေနေ့ နေ့လယ် ၁၁ နာရီခန့်တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဟု သမီးကြီးဖြစ်သူက ဧရာဝတီသို့ ပြောသည်။
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်ဇာတိ ဦးအောင်ကြီးသည် သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် ဒို့ဗမာ အစည်းအရုံးဝင် တဦးဖြစ်သည်။ ဂျပန်ခေတ် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) တွင် ပြည်သူ့ အရေးတော်ပုံ ပါတီ ခေါင်းဆောင်တဦးအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ရန်ကုန်ဘဆွေ၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် အတူ ရပ်တည်ခဲ့သူ ဖြစ်သည်။
ဂျပန်တော်လှန်ရေး ကာလ ဦးအောင်ကြီး၏ အပြောင်မြောက်ဆုံး လုပ်ရပ်မှာ အင်္ဂလိပ်စစ်တပ်မှ သိမ်းယူထားသည့် ရန်ကုန်မြို့ကို ဗမာ့ တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးကြီးနေဝင်းက ဦးဆောင်သိမ်းပိုက်လိုက်ကြောင်း မမှန်ကန်သည့် ရေဒီယို အသံ လွှင့်ချက် ဖြစ်သည်။
ထိုအသံလွှင့် ကြေညာချက်ကြောင့် ရန်ကုန်မြို့ကို ဗမာ့တပ်မတော်မှ သိမ်းယူခဲ့သည်ဟု ကမ္ဘာကမှတ်ယူခဲ့ကြောင်း မကြာသေးမီက ထုတ်ဝေခဲ့သည့် ကျွနု်ပ်တို့နှင့် ဦးကျော်ငြိမ်း စာအုပ်တွင် ဦးအောင်ကြီးက ရေးသားထားသည်။
စစ်ပြီးခေတ် ပြန်လည်ထူထောင်သည့် မြန်မာ့ တပ်မတော်၌ ပါဝင်ခဲ့ရာ ပြည်တွင်းစစ် အစပိုင်းတွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ရာ ထူးဖြင့် စစ်သားစုဆောင်းခြင်းနှင့် ထောက်ပံ့ရေးကိစ္စများကို တာဝန်ယူခဲ့ပြီး လစ်လပ်နေသည့် တပ်မတော် ဒု ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်မှူးချုပ် အောင်ကြီးအား ခန့်အပ်ခြင်း ခံခဲ့ရသည်။
ထိုအချက်များကြောင့် ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဦးအောင်ကြီးသည် စစ်မတိုက်ဖူးသည့် စစ်ဗိုလ်၊ တပ်တွင်း အာဏာ ကို ခုန်ပျံကျော်လွှားကာရရှိသူဟု အတိအလင်း ဝေဖန်ခဲ့သည်။
ဖဆပလ အစိုးရလက်ထက် ကွန်မြူနစ်ဆန့်ကျင်သည့် ဆိုရှယ်လစ် ပါတီ လိုလားသူ တပ်မှူးတဦးအဖြစ် ရပ်တည်ခဲ့ပြီး ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် စစ်တပ်ကို အာဏာလွှဲပေးရန် ဝန်ကြီးချုပ် ဦးနုအား ဗိုလ်မှူးချုပ် မောင်မောင်နှင့် အတူ ဖိအား ပေးခဲ့သူဖြစ်သည်။
စစ်တပ် စီးပွားရေးဖြစ်သည့် မြန်မာ့ စီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း(BEDC) တည်ထောင်ခဲ့သူ တဦးဖြစ်၍ ယနေ့ တပ်မတော်၏ မြန်မာ့ စီးပွားရေး ဦးပိုင် လိမိတက် ဖခင် ဟုပင် ခေါ်ဆိုနိုင်သည်။ အင်းဝဘဏ်၊ ကြယ်ငါးပွင့် ပင်လယ်ကူး သဘောၤလုပ်ငန်း ၊ ရေ နက် ငါးဖမ်း လုပ်ငန်း၊ မွေးမြူရေး စသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများစွာကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။
ဦးအောင်ကြီးသည် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် နီးစပ်သူ၊ အကျိူးလိုလားသူ၊ မည်သည့် အချိန်မဆို ဦးနေဝင်းနှင့် ပတ်သက်လာလျှင် ကာကွယ်ပြောဆိုသူ ထောက်ခံသူ တဦးဟု လူသိများသော်လည်း မိမိသည် ဦးနေဝင်း၏ တပည့်တဦးမဟုတ်သလို ဆရာလည်း မဟုတ်ကြောင်း လျှပ်တပြက်ဂျာနယ်နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထိုသို့ရင်းနှီးသူဖြစ်သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏသိမ်းယူမှုတွင် ပါဝင်ခြင်းမရှိဘဲ အသစ်ဖွဲ့စည်းသည့် တော် လှန်ရေး ကောင်စီ တွင် ဒု ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမှသာ ဦးအောင်ကြီးအနေဖြင့် သိရှိရသည်ဟု စာရေးဆရာ ကိုကိုမောင်ကြီး( အညမည ဦးချစ်လှိုင်) ၏ တရံရောအခါများ စာအုပ်တွင် ရေးသားထားသည်။
သို့သော် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖောက်ခွဲ ဖျက်ဆီးရာတွင် ထိုစဉ်က တာဝန်ရှိသည့် တော်လှန်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်မှူးချုပ်အောင်ကြီးတို့ တဦးနှင့် တဦး အကြား ယနေ့အထိ အပြန်အလှန် အပြစ် ဖို့ နေသော်လည်း လက်သည်တရားခံ မပေါ်ပေါက်ခဲ့ပေ။
၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ ဒု ဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခံခဲ့ရမှာ နိုင်ငံရေးအရ သဘောကွဲလွဲ မှုများကြောင့် ဖြစ်ကြောင်း၊ ဆိုရှယ်လစ် လမ်းစဉ် ချီတက်ရာတွင် အမြင်တူညီခြင်းမရှိဘဲ ပြည်သူပိုင်သိမ်းခြင်းကို မလိုလားကြောင်း လျှပ်တပြက်ဂျာနယ်တွင် ဖော် ပြ ထားသည်။
နောက်ပိုင်းတွင် တပ်တွင်း အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဗိုလ်မှူးကြီး ကြည်မောင်နှင့်အတူ ၄ နှစ်ကျော် အထိန်းအသိမ်းခံခဲ့ရပြီး နောက် ပြန်လွတ်လာသည့်အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ အကူအညီဖြင့် စားသောက်ကုန် လုပ်ငန်း ဖြစ်သည့် အောင်ကြီးကိတ်မုန့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
စာပေရေးသားမှုအနေဖြင့် သခင်အောင်ကြီး(ပေါင်းတည်) အမည်ဖြင့်“ကျွန်တော်အညာသားပါခင်ဗျာ” ဆိုသည့် ဗိုလ်ချုပ်အောင် ဆန်း အကြောင်း အပါအဝင် နိုင်ငံရေးနှင့် တော်လှန်ရေး အတွေ့အကြုံများကို ပေဖူးလွှာ မဂ္ဂဇင်းတွင် လစဉ်ရေးသားခဲ့သည်။
ထို့နောက် အစိုးရကို ဝေဖန်သည့် စာများရေးသားဖြန့်ဝေလာရာ ၁၉၈၈ ခုနှစ် ၎င်းရေးသားသည့် စာမျက်နှာ ၄၁ မျက်နှာပါ စာတမ်း မှာ လူထုအုံကြွမှု အထိ လှုံဆော်နိုင်ခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။
၁၉၈၈ အရေးအခင်းကာလအတွင်း လူများစုထောက်ခံမှုကို ရရှိသော်လည်း ဒီမိုကရေစီ မရရင် မိမိကိုယ်ကို မီးရှို့မည်ဟု ပြောဆို ခြင်း၊ “စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့”ဆိုသော စကားရပ်များကြောင့် လူထုထောက်ခံမှု ကျဆင်းခဲ့သည်။
“အောင်စုတင်”ဟု အများခေါ်ဝေါ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဖွဲ့စည်းစဉ်က ထိပ်တန်းခေါင်းဆောင် တဦးအဖြစ်ပါဝင် ခဲ့ပြီး နောက်ပိုင်းတွင် NLDပါတီအတွင်း ကွန်မြူနစ်များ ကြီးစိုးနေသည်ဟု စွပ်စွဲပြောဆိုမှုကြောင့် မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်သည့် အတွက် ပါတီမှ နုတ်ထွက်ခဲ့ရသည်။
သို့သော် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီ(UNDP)ကို တည်ထောင်၍ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သော်လည်း အပြတ်အသတ်ရှုံးနိမ့်ကာ နိုင်ငံရေးလောကမှ ထွက်ခွာခဲ့ရသည်။
ဦးအောင်ကြီး ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦးနှင့် မြေး ၅ ဦး ကျန်ရစ်ခဲ့သည်။