မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် အသွင်ကူးပြောင်းရာမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာထက် ပိုပြီး အချက်အချာကျတဲ့ ကိစ္စ ရှိချင်မှရှိလိမ့်မယ်၊ ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဘယ်မူဝါဒကိုမဆို လွှတ်တော်က စဉ်းစားရာမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ တိုးတက်မှုကို ထည့်သွင်းစဉ်းစားနိုင်တယ်လို့ အမေရိကန်လွှတ်တော်ရဲ့ နောက်ဆုံး အစီရင်ခံစာတစောင်မှာ ရေးသားထားပါတယ်။
“မြန်မာ့နိုင်ငံရေး အကျဉ်းသားများ အခြေအနေသည် အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မည်သည့် မူဝါဒကိုမဆို လွှတ်တော်က စဉ်းစားရာ၌ အရေးပါနိုင်သည်။ လွှတ်တော် အနေနှင့် ယင်းကိစ္စအား သီးခြားဖြစ်စေ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပိုမို ကျယ်ကျယ် ပြန့်ပြန့် ပြန်လည် သုံးသပ်ရာ၌ အစိတ် အပိုင်းတခု အဖြစ်ဖြစ်စေ စောကြော စစ်ဆေးရန် ရွေးချယ်ကောင်း ရွေးချယ်နိုင်သည်” လို့ အစီရင်ခံစာက ဆိုပါတယ်။
“ထို့အပြင် လွှတ်တော် အနေနှင့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားဆဲ ဒဏ်ခတ် အရေးယူမှု တချို့အား ပြင်ဆင်ရန်၊ မွမ်းမံရန် သို့မဟုတ် ဖယ်ရှား ပစ်ရန်အတွက် ဥပဒေပြဌာန်းချက် အသစ် တရပ်ကိုလည်း လွှတ်တော်၏ သဘောဆန္ဒအရ ဖြစ်စေ သမ္မတအိုဘားမား အစိုးရအဖွဲ့က တောင်းဆို၍ဖြစ်စေ စဉ်စားကောင်း စဉ်းစားနိုင်သည်” လို့ ပါတီနှစ်ရပ်ပေါင်း ဖွဲ့ထားတဲ့ အမေရိကန် လွှတ်တော် သုတေသန အကူအဖွဲ့ (Congressional Research Service – CRS) က ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် အပါအဝင် နိုင်ငံရေး အကျဉ်းသား ကိစ္စကို အမေရိကန် နိုင်ငံခြားရေး ဌာနက မြန်မာအစိုးရနဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေ ပြီးတော့ တိုင်းရင်းသားအဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ တက်တက်ကြွကြွ ဆွေးနွေးနေတယ်လို့ CRS က အမေရိကန် လွှတ်တော်အမတ်တွေအတွက် ပြင်ဆင်ပေးတဲ့ စာမျက် နှာ (၁၂) မျက်နှာပါ အဲဒီ အစီရင်ခံစာအရ သိရပါတယ်။ ဒီဆွေးနွေးမှုတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှုဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဖယ်ရှားပစ်ရေးအတွက် အရေးပါတယ်ဆိုတာကို အမေရိကန် အရာရှိတွေက အလေးအနက်ထားပြီး ဆွေးနွေးကြတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
“မြန်မာနိုင်ငံ၏ လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံတခုအဖြစ် အသွင်ကူးပြောင်းမှုတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်ထက် ပို၍အချက်အချာကျသော ကိစ္စရပ် ရှိချင်မှရှိပါလိမ့်မည်” လို့ CRS ရဲ့ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။ အဲဒီ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေဟာ အမေရိကန်မူဝါဒ ပြောင်းလဲနိုင်ဖို့ အတွက် အရေးတကြီး ကိစ္စရပ်ဖြစ်တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖြည့်စွက်ထားပါသေးတယ်။
အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု အတော်များများကို ဖယ်ရှားပစ်ရေးဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် တချို့ အခြေအနေတွေအရ ဖြစ်နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် နိုင်ငံရေးအကျဉ်းသား ပြဿနာကို အားလုံးက နားလည်လာဖို့ထက် ဘာမှ ပိုအရေးမကြီးဘူးလို့လည်း အစီရင်ခံစာက ပြောပါတယ်။
“မြန်မာနိုင်ငံ၏ စီးပွားရေးဆောင်ရွက်မှုများအား ကန့်သတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအရ ဒဏ်ခတ် အရေးယူမှုများသည် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်သည်အထိ ဆက်လက် တည်ရှိနေမည်ဖြစ်သည်။ ၎င်းတို့ ပါတီဝင်များ အကျဉ်းထောင်မှ လွတ်မြောက်လာရေးကို စောင့်ဆိုင်းနေကြသည့် နိုင်ငံရေးပါတီများ၏ ပါဝင်ဆောင်ရွက်မှု မရှိဘဲ မြန်မာနိုင်ငံတွင် လုံးဝလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်လိမ့်မည် မဟုတ်ပေ” လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် အရေးကြီးတဲ့ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့လည်း သူတို့ခေါင်းဆောင်တွေ ထောင်က မလွတ်သရွေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။ ဒီအစီရင်ခံစာကို အာရှကိစ္စတွေအပေါ် အထူးပြုလေ့လာနေတဲ့ မိုက်ကယ် အက်ဖ် မာတင် (Michael F. Martin) က ရေးသားခဲ့တာပါ။
“လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား မည်မျှရှိသည်ကို အားလုံးကလက်ခံသည့် အရေအတွက် မရှိသေးပေ။ နိုင်ငံရေးအကျဉ်းသား အရေအတွက်နှင့် ပတ်သက်၍ ခန့်မှန်းမှုများမှာလည်း ၂၀၀ မှ ၇၀၀ ကျော်အထိ ကွဲပြားလျက်ရှိသည်။ ထို့အပြင် နိုင်ငံရေးမှုဖြင့် ထပ်မံ ဖမ်းဆီးထိန်းသိမ်း ခံရသည်များကိုလည်း အခါအားလျော်စွာ သတင်းဌာနများက ဖော်ပြနေကြသည်။ ယခုကဲ့သို့ မတူကွဲပြားမှုများ ဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းတရပ်မှာ မြန်မာနိုင်ငံရှိ ထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁၀၉ ခု မှတ်တမ်းများတွင် ရှင်းရှင်းလင်းလင်း မရှိခြင်းပင် ဖြစ်သည်” လို့ အစီရင်ခံစာက ဆိုပါတယ်။
အကျဉ်းသားအရေအတွက် ကွာခြားမှုကြီးနေရတဲ့ နောက်ထပ် အဓိကအကြောင်းရင်းတရပ်ကတော့ ဘယ်သူ့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းထဲထည့်မှာလဲဆိုတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ကွဲပြားတာပါပဲလို့လည်း အစီရင်ခံစာထဲမှာ ဖြည့်စွက်ထားပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ်အရေးယူမှု အများအပြားကို ဖယ်ရှားပစ်ဖို့အတွက် ကြိုတင်သတ်မှတ်ချက် တရပ်ဖြစ်တယ်လို့ CRS က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၉၀ အကောက်ခွန်နှင့် ကုန်သွယ်ရေး အက်ဥပဒေ (Customs and Trade Act of 1990) အရ ချမှတ်ထားခဲ့တဲ့ အဲဒီ ဒဏ်ခတ် အရေးယူမှုတွေဟာ သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီပါပြီလို့ သမ္မတက လွှတ်တော်ကို တရားဝင် အတည်မပြုသရွေ့ အရင်အတိုင်း ဆက်ရှိနေမှာဖြစ်ပါတယ်။
“မြန်မာအစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာစေခဲ့လျှင်၊ နိုင်ငံရေး လုပ်ရှားမှုကြောင့် ပြန်လည်ဖမ်းဆီးခဲ့လျှင် သို့မဟုတ် နိုင်ငံပြည်ပသို့ မောင်းထုတ်ခဲ့လျှင် သို့မဟုတ် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအား ကြီးကြီးမားမား ဖိနှိပ်ခဲ့လျှင် သို့မဟုတ် အကြမ်းဖက်ခဲ့လျှင်” မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလုပ်ဖို့ ပိတ်ပင်တားဆီးနိုင်တယ်လို့ ၁၉၉၇ နိုင်ငံရပ်ခြား ဆောင်ရွက်မှုများ၊ ပို့ကုန် ငွေကြေးအထောက်အပံ့နှင့် ဆက်စပ် အစီအစဉ်များ လျာထားခြင်းအက်ဥပဒေ (Foreign Operations, Export Financing, and Related Programs Appropriations Act of 1997) က သမ္မတကို လုပ်ပိုင်ခွင့်ပေးခဲ့တာပါ။
ဒါတင်မကပဲ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက ချမှတ်ခဲ့တဲ့ မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ အက် ဥပဒေ (Burmese Freedom and Democracy Act of 2003) ကလည်း မြန်မာပြည်ကနေ အမေရိကန် ပြည်ထောင်စုကို ပို့မယ့် ပို့ကုန်တွေ အားလုံးကို ပိတ်ပင်တားဆီးခဲ့ပါသေးတယ်။ အဲဒီ အက်ဥပဒေထဲမှာ မြန်မာကုမ္ပဏီတွေက ထွက်ကုန်တွေကို တားမြစ်တာနဲ့ မြန်မာအာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာအပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ “နိုင်ငံရေးအကျဉ်းသားအားလုံး” လွတ်မြောက်ရေးအပါအဝင် သတ်မှတ်တဲ့ အခြေအနေတွေနဲ့ မကိုက်ညီသရွေ့ “မြန်မာပြည်ကို ငွေချေးခြင်း သို့မဟုတ် ဘဏ္ဍာရေး သို့မဟုတ် နည်းပညာ အကူအညီပေးခြင်း” မလုပ်ရဘူးလို့ ပါရှိပါတယ်။
၂၀၀၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက ချမှတ်ခဲ့တဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများအား အာဏာရှင်က ဖိနှိပ်နေသည့်အပေါ် ဆန့်ကျင်သည့် အက်ဥပဒေ (Junta’s Anti-Democratic Efforts of 2008 – JADE Act) မှာတော့ သတ်မှတ်ထားတဲ့ မြန်မာအာဏာပိုင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်တာ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာနဲ့ သူတို့ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မပေးဖို့ ဟန့်တားတာတွေ ပါဝင်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေးအပါအဝင် အက်ဥပဒေမှာ တိတိကျကျ သတ်မှတ်ထားတဲ့ အခြေအနေတွေ နဲ့ မကိုက်ညီသရွေ့ အဲဒီပိတ်ပင်မှုတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြဌာန်းထားခဲ့တာပါ။
အဲဒီအက်ဥပဒေအရ မြန်မာပြည်ကနေ အမေရိကန်ပြည်ထောင်စုဆီ ကျောက်စိမ်းအရိုင်းနဲ့ ပတ္တမြားတွေ တင်ပို့တာကိုလည်း တားမြစ်ခဲ့တယ်လို့ CRC အစီရင်ခံစာထဲမှာ ရေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအပါအဝင် အက်ဥပဒေထဲက သတ်မှတ်အခြေအနေတွေနဲ့ မကိုက်ညီသရွေ့ အဲ့ဒီအရာတွေပါတဲ့ လက်ဝတ်ရတနာတွေ တင်ပို့မှုကို ဆက်လက် ပိတ်ပင်သွားမှာ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။