မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် ပရဝဏ်၌ ဂေါပက အဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဂတိ လိုက် စားမှုများ ပြုလုပ်နေသည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ၏ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။
ကျိုက်ထီးရိုး စေတီတော် ပရဝဏ်ရှိ ဆိုင်ခန်း ပိုင်ရှင်များသည် ဂေါပကအဖွဲ့သို့ ဆိုင်ခန်း မြေနေရာ အတွက် အခွန်အခကို ပေး ဆောင်ရသည့် အပြင် သီးသန့် အပိုငွေ ထပ်မံပေးနေရခြင်းမျိုးလည်း ရှိကြောင်း ဆိုင်ခန်းရှင်များက ပြောပြသည်။
“ဆိုင် စဆောက်တုန်းကဆိုရင် အခွန်က ကျပ် ၃၀၀၀ သာ ရှိပေမယ့် ဂေါပက တာဝန်ခံတွေကို ၃၀၀၀၀ ထပ်ပေးရပါတယ်။ အခုဆို တရားဝင်အခွန်က ကျပ်၂ သိန်း၊ ဒါပေမယ့် ဆိုင်အရှေ့က ကလဖျဉ်းအမိုးအတွက် တရားမဝင် နေရာဆိုပြီး ၂ သိန်း ထပ်ပေးနေရ တယ်”ဟု ကျိုက်ထီးရိုးတွင် ဈေးရောင်းနေသူ ကိုစိုးမိုးက ပြောသည်။
အဝတ်အထည် ရောင်းချလိုသူများသည် ဂေါပကအား ကျပ် ၁၅ သိန်းပေးရပြီး တရားဝင် သတ်မှတ်ထားသော အခွန်နှုန်းထားသည် ကျပ် ၃ သိန်း ဖြစ်ကြောင်း၊ ဘောက်ချာစာရင်းတွင်လည်း ၃ သိန်းသာ ရေးပေးကြောင်း ဆိုင်ခန်းရှင်များ၏ ပြောကြားချက်အရ သိရ သည်။
ကျိုက်ထီးရိုးရှိ လူထမ်း၊ ကုန်ထမ်း အလုပ်သမားများကိုလည်း အဓမ္မ အလုပ်ခိုင်းစေမှုများနှင့်ငွေတောင်းခံမှုများ ရှိကြောင်း အလုပ် သမားများက ပြောသည်။
“ကားတွေသွားတဲ့ တောင်ပတ်လမ်းက ပျက်စီးနေလို့ အထမ်းသမားတွေကို မြေတွေပေါက်ခိုင်း၊ ကားပေါ်ကိုထမ်းတင်ပြီး ကျင်းတွေ၊ ချိုင့်တွေကို လောင်းခိုင်းတယ်။ အဲဒီလို မလုပ်တဲ့သူတွေကို တယောက် ကျပ် ၅၀၀ ပေးရမယ်လို့ ပြောတယ်။ အဲဒီ ငွေ မှ မပေးရင် အထမ်း မထမ်းရဘူးလို့ ပြောတယ်”ဟု ကျိုက်ထီးရိုး လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂမှ ကိုစိန်ဝင်းက ပြောပြသည်။
ယင်း လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂအား အစိုးရက ဇူလိုင် ၁၇ ရက်နေ့တွင် တရားဝင်ဖွဲ့စည်းပေးပြီး လွပ်လပ်စွာ လုပ် ပိုင်ခွင့် ပေးခဲ့သော်လည်း ဂေါပကလူကြီးများနှင့် ကင်ပွန်းချောင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီသာ တရားဝင်ဖြစ်၍ ထိုကော် မတီက ခွင့်ပြုထားသူများသာ လူထမ်း၊ ကုန်ထမ်း လုပ်ငန်း လုပ်ကိုင်ရမည်ဟု ပြောဆိုလုပ်ကိုင်လျက် ရှိကြောင်းလည်း သိရသည်။
ထိုပြဿနာ အရပ်ရပ်အား မကျေနပ်သည့် ဒေသခံများသည် ကျိုက်ထိုမြို့ရှိ တပ်မ ၄၄ သို့ သွားရောက် တိုင်ကြားသော်လည်း မည်သည့် အရေးယူ ဆောင်ရွက်မှုမှ မရှိကြောင်း အလုပ်သမားများက ပြောဆိုသည်။
“စေတီတော် ရင်ပြင်တာဝန်ခံ ဦးတင်ညွန့်နဲ့ ပတ်သက်ပြီး နေရာတော်တော်များများမှာ တိုင်ဖူးတယ်။ အထူးသဖြင့် တပ်မ ၄၄ မှာ တိုင်ဖူးပါတယ်။ သူက တပ်မ ၄၄ နဲ့ တော်တော်ရင်းနှီးသူပါ”ဟု ကိုစိုးမိုးက ဆိုသည်။
ကျိုက်ထီးရိုး ဂေါပက ဥက္ကဋ္ဌ ဦးစံမြင့်က စီးပွားရေးသမားများနှင့် ကျိုက်ထီးရိုး ဂေါပကများ ပူးပေါင်းကာ အာဏာရှင်ဆန်စွာ ပြုမူနေခြင်း မဟုတ်ကြောင်း၊ ယခင်က ဆိုင်ခန်း အငှားချခြင်းကိုလည်း ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ အစိုးရ တာဝန်ရှိသူများ၏ အမိန့်အရ လုပ်ရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များကို တင်ပြပြီးမှသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြန်ရှင်းသည်။
“ကျနော်တို့ ဂေါပကတွေက မှန်မှန်ကန်ကန်ပဲ လုပ်ဆောင်နေပါတယ်”ဟု သူက ဆိုသည်။
ဆိုင်ခန်းများအတွက် အခွန်ငွေအပြင် အပိုငွေ ပေးရသည် ဆိုခြင်းမှာလည်း မဟုတ်ကြောင်း၊ တရားဝင် တောင်းခံခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဆိုင်ခန်းရချင်လို့ လက်သိပ်ထိုး ပေးတာတို့၊ အပိုငွေ ပေးနေရတာတို့တော့ ကျနော်မသိပါဘူး။ အခုအချိန်မှ၊ အားကိုးပေါ်လာမှ ပြော တဲ့ စကားတွေကလည်း ဘယ်လိုမှ အမှန်မဖြစ်နိုင်ပါဘူး”ဟုလည်း ဦးစံမြင့်က ပြောသည်။
ကျိုက်ထီးရိုးစေတီ ဂေါပက အဖွဲ့ဝင်ဟောင်း တဦးဖြစ်သည့် ဦးဉာဏ်ထွန်းကမူ စေတီတော် သာသနာ့မြေအား ဂေါပကများက မြေ လွတ်မြေရိုင်းဟု အမည်တပ်၍ ဝယ်ယူလိုသည့် စီးပွားရေးသမားများကို ကန့်ကွက်ရန်မရှိဆိုသည့် ထောက်ခံစာ ထုတ်ပေးမှု ရှိကြောင်း၊ ယခု ထို သာသနာ့ နယ်မြေတွင် တိုက်တာ အဆောက်အအုံများ တည်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။
“ကျိုက်ထီးရိုးဘုရားရဲ့သစ်တောကြိုးဝိုင်း ဧရိယာကို ၆၆၉၈ ဧက ရှိတယ်လို့ ၂၀၀၁ မှာ သစ်တောဝန်ကြီးက လက်မှတ်ထိုး ထုတ်ပြန် ထားတယ်။ အခု အဲဒီ သစ်တော ဧကတွေကို ဂေါပက က လန ၃၉ ပေးပြီး ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေကို ရောင်းချတာတွေ လုပ် နေတယ် ဆိုတာ ကျနော့်မှာ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ရှိပါတယ်”ဟုလည်း သူက ဆိုသည်။
ထိုသို့ ကျိုက်ထီးရိုးစေတီ၌ ဖြစ်ပေါ်နေသော ပြဿနာများနှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု(MDCF) အဖွဲ့က ပြီးခဲ့သည့် သြဂုတ်လအတွင်း သွားရောက်လေ့လာ၍ စက်တင်ဘာ လဆန်းမှစတင်ပြီး သမ္မတ ရုံးနှင့် သာသနာရေး ဝန်ကြီး ဌာန အပါအဝင် အစိုးရ အာဏာပိုင်များသို့ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိ၍ အောက်တိုဘာ ၂၂ ရက်၌ ရန်ကုန် မြောက် ဥက္ကလာပ တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျိုက်ထီးရိုး ဘုရားမှာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှုတွေ၊ ဂေါပကတွေရဲ့ အလွဲသုံးစား လုပ်မှုတွေကို စာရင်းနဲ့ အတိအကျ တိုင် တယ်။ ဒါပေမယ့် ဘာမှလုပ်ပေးတာ မရှိဘူး”ဟု MDCF အဖွဲ့မှ ဦးဆောင်သူ တဦးဖြစ်သည့် ဦးထင်ကျော်က ပြောသည်။
ယင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ကို ဖယ်ရှားပေးရန် MDCF က တောင်းဆို ထားကြောင်းလည်း သိရသည်။