ရခိုင်ပြည်နယ်တွင် ထပ်မံဖြစ်နေသော ပဋိပက္ခများကြောင့် တိုးပွားလာသော ဒုက္ခသည်များကို ရေရှည်ကူညီပံ့ပိုးရန် အစိုးရအနေဖြင့် အခက်ကြုံမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။
လက်ရှိအခြေအနေအရ တလလျှင် ကျပ်သိန်းပေါင်း ထောင်ချီ ထောက်ပံ့ပေးနေရပြီး နိုင်ငံတကာ လှူဒါန်းထောက်ပံ့မှုများ ရှိသည့်တိုင် ရေရှည်အတွက် မဖြစ်နိုင်ကြောင်း၊ ဖြစ်ပေါ်နေသော ပြဿနာများအရ တဖက်နှင့်တဖက် အတူတကွ ယှဉ်တွဲနေထိုင်ရန် ဖြစ်နိုင်ခြေမရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။
“ဒီလူတွေ ဘယ်အချိန်ပြန်နေနိုင်မလဲဆိုတာ တော်တော်ကို စဉ်းစားရကျပ်တဲ့ အနေအထားပဲ။ အခုက အခြေအနေ တော်တော်ဆိုးနေတယ်။ လက်တလောတော့ မရနိုင်သေးဘူး။ လှူတာ၊ တန်းတာတွေ ရှိနေပေမယ့် တလ၊ နှစ်လလိုမျိုး မဟုတ်တော့ ဘယ် လိုလုပ်မလဲ” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ယခု ပဋိပက္ခဖြစ်ပွားချိန်တွင် တူရကီနိုင်ငံမှ ရောက်လာသည့် အကူအညီအများစုမှာ အစားအသောက်များဖြစ်ကြောင်း၊ ယခင် မလေးရှားနိုင်ငံမှ ပေးပို့သည့် ဆန်နှင့် အစားအစာများသည်လည်း လိုအပ်ချက်နှင့် နှိုင်းယှဉ်လျှင် ရေရှည်အတွက် မဖြစ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည်ရက်ပိုင်းအတွင်းကလည်း သမ္မတ ဦးသိန်းစိန်က ရေရှည်တွင် ဒုက္ခသည်များ၏ စားရေးသောက်ရေးမှာ အခက်တွေ့နိုင်မည်ဟု မီဒီယာများသို့ ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပဋိပက္ခများ တကြော့ပြန်ဖြစ်ပွားသော မြို့နယ်များမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မြေပုံနှင့့် ပေါက်တောတို့ ဖြစ်သည်။
ရခိုင်လူမျိုးများနှင့် အစ္စလမ်အများအကြား ပြန်လည်အခြေချနေထိုင်ရေးသည် အစိုးရတခုတည်းစွမ်းဆောင်မှုဖြင့် မရနိုင်ဘဲ မြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းလုပ်ဆောင်မှ ရမည်ဖြစ်ကြောင်းလည်း ဦးဝင်းမြိုင်က ပြောသည်။
“လက်တလောတော့ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တော်တော်များများက သူ့ဓလေ့ထုံးစံတွေ ရှိကြပေမယ့့် တူညီတာတွေ ရှိပါတယ်။ ဘင်္ဂါလီလူမျိုးတွေကျတော့ မတူကြဘူး။ ဒါ့ကြောင့် အချိန်တော့ ယူရဦးမယ်” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ပဋိပက္ခပြီးနောက် ကျောက်ဖြူမြို့ပေါ်တွင် ကျန်နေသော မွတ်စလင် ၃၀၀ ကျော်ကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့နှင့် ၃ မိုင်ခန့်ဝေးသော ကျောက်တလုံး ဆားကွင်းသို့ ဒေသဆိုင်ရာ အာဏာပိုင်များက ဦးစီးကာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် သံပန်ချောင်းရပ်ကွက်နှင့် အရာရှိရပ်ကွက်တို့၌ မွတ်စလင်နှင့် ရခိုင်လူမျိုးများ တရပ်ကွက်တည်း နေထိုင်လျက်ရှိကြောင်း၊ သို့သော် ပဋိပက္ခများ ထပ်မံ မကူးစက်စေရန် မွတ်စလင်များကို ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက သွားရောက်စည်းရုံးပြောဆိုပြီး ရွှေ့ပြောင်းပေးခြင်းဖြစ်ကြောင်း ကျောက်တော်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုလှမျိုးကျော်က ပြောသည်။
“အဲဒီရပ်ကွက်ထဲမှာက ရခိုင်နဲ့ ဘင်္ဂါလီတွေက အိမ်ဘေးချင်းကပ် နေကြတာဆိုတော့ နောက်ထပ် မီးရှို့တာမျိုး ထပ်ဖြစ်မှာ စိုးရိမ်ကြတယ်။ ဒါ့ကြောင့် အခြေအနေက ရွှေ့ထားလိုက်တာ ပိုကောင်းတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ရွှေ့ပြောင်းစဉ် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးသောကြောင့် မွတ်စလင်တချို့ ပျောက်ဆုံးနေသည်ဟု သိရကြောင်း ကျောက်ဖြူဒေသခံ ဦးရန်အောင်က ပြောသည်။
“အခုလောလောဆယ် ပျောက်နေတာ ဘင်္ဂါလီ ၃၀ လောက်ရှိတယ်ကြားတယ်။ ညကလည်း ကျောက်ဖြူ-ရန်ကုန် အဝေးပြေး ကားဂိတ်ထဲကို ဘင်္ဂါလီတချို့ ဝင်လာတယ်ကြားလို့ဒီက ရခိုင်တွေလိုက်ကြတာကို လုံခြုံရေးတွေက တားပြီး မိုးပေါ်ကို သေနတ်နဲ့ပစ်ဖောက်တဲ့ အခြေအနေအထိ ရောက်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသော မွတ်စလင်အနည်းငယ်ကြောင့် ကျန် မွတ်စလင်အများစုများ ပဋိပက္ခများအကြား ကြားညပ်သကဲ့သို့ ဖြစ်ခဲ့ရကြောင်း ကျောက်တော် လူငယ်အဖွဲ့ ခေါင်းဆောင် ကိုလှမျိုးကျော်က ပြောသည်။
ယမန်နေ့က ကျောက်တော်မြို့နယ် လက်ဆောင်ကောက် ကျေးရွာ၌ ဒေသလုပ် တူမီးသေနတ် ၄၁ လက်အား သိမ်းဆည်းရမိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါသေနတ်များသည် ပဋိပက္ခ ဖြစ်ပွားခဲ့ရာတွင် ကျန်ရစ်ခဲ့သောလက်နက်များဖြစ်ပြီး မည်သည့်ဘက်မှ အသုံးပြုသော လက်နက်ဖြစ်သည်ကို ပြောနိုင်ရန် ခက်ခဲကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
“ဖြစ်ပွားမှုအပြီးမှာ လုံခြုံရေးတွေ လိုက်လံကောက်ယူခဲ့လို့ ရခဲ့တဲ့လက်နက်တွေပါ။ အဲဒါ ရခိုင်လက်နက်လို့လည်း ပြောလို့မရသလို ဘင်္ဂါလီလက်နက်လို့လည်း ပြောလို့မရပါဘူး” ဟု ၎င်းက ပြောသည်။
ယခုအခါ ပဋိပက္ခများ ကူးစက်နိုင်ဖွယ်ရှိသည့် မြို့နယ်များ၊ ကျေးရွာများတွင် လုံခြုံရေးတာဝန်ရှိသူများ အနေဖြင့် အခြေအနေထိန်းသိမ်းနိုင်ရန ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် နယ်စပ်ဒေသ တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်တိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက်နေကြောင်း သိရသည်။