ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲအင်းပဋိပက္ခအတွင်း ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီးအသတ်ခံရမှုနှင့် ပတ်သတ်၍ သက်ဆိုင်ရာ ရဲစခန်းက လူ ၈ ဦးအား ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။
ကိုတရုတ်ကြီးအား သတ်ဖြတ်ရာတွင် ဦးဆောင်သူဟု ရှားခဲရွာသားများက စွပ်စွဲနေသည့် ကိုဖိုးလူ၀ (ခေါ်) ကိုကျော်သိန်းအပါအဝင် လူ ၈ ဦးအား အထောင်မြို့နယ်ရဲစခန်းက ဝရမ်းထုတ်ပြန်၍ ယခုလ ၂၁ ရက်နေ့တွင် ရှားခဲရွာရှိ လူစည်ကားရာနေရာများတွင် ကပ်ထားကြောင်း ဒေသခံများက ပြောသည်။
“အဲဒီလူတွေက ထွက်ပြေးလို့ ရွာမှာ ဝရမ်းကပ်ထားတာပါ။ ရွာက အုပ်ချုပ်ရေးမှူးရုံးနဲ့ လူစည်တဲ့နေရာတွေမှာ စာကပ်ထားတယ်။ ဝရမ်းမှာတော့ ဒီလူတွေကိုတွေ့ရင် စခန်းကို အကြောင်းကြားဖို့နဲ့ ထိမ်းသိမ်းထားတဲ့လူ၊ ဖွက်ထားပေးတဲ့လူကို ထောင်ဒဏ်ချမယ်လို့ ရေးထားတယ်”ဟု ရှားခဲရွာသား ကိုထွန်းထွန်းမိုးက ဧရာဝတီကို ပြောသည်။
ဝရမ်းထုတ်ခံရသူ ၈ ဦးမှာ ကိုဖိုးလူ၀ (ခေါ်) ကိုကျော်သိန်း၊ ကိုလှသန်း၊ ကိုမင်းမင်း၊ ကိုဇော်မျိုး၊ ကိုလှိုင်မျိုး၊ ကိုအောင်သူ၊ ကိုခင်မောင်လတ်နှင့် ကိုကုလားပုတို့ ဖြစ်ပြီး ကိုတရုတ်ကြီး သေဆုံးမှုအတွက် လူ ၇ ဦးအား ရဲက ဖမ်းဆီးထားကြောင်း ရွာသားများက ပြောသည်။
ရှားခဲအင်းအား လုပ်ပိုင်ခွင့် ချထားပေးမှုနှင့်ပတ်သတ်ပြီး ဒေသခံတံငါများနှင့် ဝိုင်းဝိုင်းလည် သမအသင်းတို့ အငြင်းပွားကြရာမှ ပြီးခဲ့သည့်လ ၂၇ ရက်နေ့ညတွင် ရှားခဲရွာသား ကိုတရုတ်ကြီး အသတ်ခံခဲ့ရသည်။
ကိုတရုတ်ကြီးအသတ်ခံရမှုကိုအကြောင်းပြု၍ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲက ပစ်ခတ်ဖြိုခွင်း သဖြင့် ရွာသား ၄ ဦး သေနတ်မှန်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့သည်။
ကိုဖိုးလူဝတို့အဖွဲ့မှာ ပဋိပက္ခဖြစ်ပွားပြီး တပတ်ကျော်သည်အထိ ရွာတွင် နေထိုင်သွားလာနေပြီး ယခုလ ဒုတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်သွားကြခြင်း ဖြစ်ကြောင်းနှင့် ထွက်ပြေးပြီးနောက် ဝရမ်းထွက်လာခဲ့ကြောင်း အမည်မဖော်လိုသည့် ရှားခဲရွာသားတဦးက ပြောသည်။
“သူတို့ (ရဲတပ်ဖွဲ့) က ရွာမှာရှိနေတုန်းက မဖမ်းဘဲနဲ့ ထွက်ပြေးသွားတော့မှ ဝရမ်းထုတ်တဲ့ပုံစံ ဖြစ်နေတယ်”ဟု သူက ပြောသည်။
ကိုဖိုးလူဝတို့အဖွဲ့အား ရဲက လက်ရဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ရွာသားများမှာ ကြောက်လန့်နေကြပြီး ယနေ့တိုင် စုပေါင်းအိပ်စက်နေရဆဲဖြစ်ကြောင်း ကိုထွန်းထွန်းမိုးက ပြောသည်။
“ရွာမှာ ရဲလုံခြုံရေးတွေတော့ စောင့်နေဆဲပဲဗျ။ ဒါပေမယ့် ရွာသားတွေက ၂ အိမ် ၃ အိမ် စုပေါင်း အိပ်နေကြတုန်းပဲ။ လုံခြုံရေးရှိတာက ရှိတာပဲ။ လုံခြုံရေးတွေ ပူးပေါင်းဆောင်ရွက် နေရဲ့သားနဲ့ တကယ် လူသတ်ခဲ့တာဆိုတော့ ကျနော်တို့က ကြောက်နေရဆဲပါပဲ”ဟု သူက ပြောသည်။
ထို့ပြင် ရှားခဲအင်းပဋိပက္ခအတွင်း တာဝန်ယူခဲ့သည့် အထောင်နှင့် ဟင်္သာတမြို့နယ် ရဲစခန်းမှူးများနှင့် ကျုံပျော်ငါးလုပ်ငန်းဦးစီးမှူးတို့အား တခြားဒေသများသို့ တာဝန်
ပြောင်းရွှေ့ ထားကြောင်း သိရသည်။
တဆက်တည်းမှာပင် ရှားခဲအင်းအား ဒေသခံတံငါများလုပ်ကိုင်ခွင့်ရရေး ဦးဆောင်ခဲ့သူ ရွာသား ၃ ဦးအား ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဟောင်း ဦးအောင်ဆန်းဝင်းက တရားလိုအဖြစ် တရားစွဲဆိုထားကြောင်း သိရသည်။
ရှားခဲရွာသား ဦးစိုးတင့်၊ ကိုထွန်းထွန်းမိုးနှင့် ကိုကျော်ကြီးတို့မှာ ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ရှားခဲအင်းထဲသို့ တရားမဝင် ဝင်ရောက်ငါးဖမ်းသည့်အတွက် ရေချိုငါးလုပ်ငန်း အက်ဥပဒေပုဒ်မ ၄၂ အား ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ ကျုံပျော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။
တရားစွဲသည့်ကိစ္စအား ကျုံပျော်ငါးလုပ်ငန်းဦးစီးရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ လက်ရှိဦးစီးမှူး ဦးကျော်စိုးက ယခုလ ၈ ရက်နေ့ကပင် ဦးအောင်ဆန်းဝင်းမှာ ကရင်ပြည်နယ်သို့ ပြောင်းရွှေ့သွားကြောင်းနှင့် မိမိမှာ ယခုမှရောက်ကာစဖြစ်၍ အမှုကိစ္စ သေချာ မသိရှိကြောင်း ပြောသည်။
“ကျုံပျော်ငါးဦးစီးကိုတော့ တရားရုံးက မခေါ်သေးပါဘူး။ တရားစွဲတဲ့ကိစ္စကလည်း ခရိုင်တို့ တိုင်းတို့က အမှုနဲ့ပတ်သတ်လို့ ဘာမှ ညွှန်ကြားတာ မရှိသေးဘူးခင်ဗျ”ဟု သူက ပြောသည်။
ရှားခဲအင်းထဲသို့ တရားမဝင် ငါးဝင်ဖမ်းသည်ဟုဆိုကာ တရားစွဲခံရသူ ကိုကျော်ကြီးက “ကျနော်က ငါးမဖမ်းတတ်ဘူးဗျ။ ဒါပေမယ့် တရားစွဲတဲ့အထဲမှာ ကျနော့်ကို ထည့်ထားတယ်။ ကျနော်က ရွာမှာ ဒိန်းဒေါင်းမောင်းတာ။ ကားလုပ်ငန်းပေါ့။ အဲဒါလုပ်တာ”ဟု ပြောသည်။
တရားစွဲခံရသူ နောက်တစ်ဦးဖြစ်သည့် ကိုထွန်းထွန်းမိုးကလည်း “သူတို့ (အင်းသားကြီး) က ငါးဖမ်းပြီး ကုန်တဲ့အခါကျတော့ အင်းကို ဖွင့်ပြီး ပြည်သူတွေကို ရှာဖွေစားသောက်ခွင့် ပြုလိုက်တယ်။ အဲဒါကို ပြည်သူတွေက ရိုးရိုးသားသားပဲ ရှာဖွေခဲ့တယ်။ အခုကျမှ သူတို့က တရားစွဲတာ”ဟု ပြောသည်။
ယင်းအမှုအား ဥပဒေကြောင်းအရ အကောင်းဆုံးရင်ဆိုင်သွားမည်ဟု တရားစွဲခံရသူ ရွာသားများက ဆိုသည်။
ကျုံပျော်မြို့နယ်တရားရုံးက ထိုအမှုကို ပထမဆုံးရုံးချိန်းအဖြစ် ယခင်အပတ်ကဆင့်ခေါ်ခဲ့ရာ တရားခံဟု စွပ်စွဲခံရသူ ရွာသား ၃ ဦးစလုံး သွားရောက်ခဲ့သော်လည်း တရားလို ဦးအောင်ဆန်းဝင်း ရောက်ရှိမလာခဲ့ပေ။ရုံးချိန်းကို လာမည့် နိုဝင်ဘာလ ၆ ရက်နေ့၌ု ထပ်မံ ချိန်းဆိုထားသည်။