ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူး နေ့တွင် လာရောက်မည်ဟု သတင်းရသည်။
တာချီလိတ် ဒေသ အာဏာပိုင်များနှင့် နီးစပ်သူတဦးက“မစ္စတာ သက်ဆင် ဗုဒ္ဓဟူးနေ့မှာ ရောက်မှာပါ၊ သူ့ကိုတွေ့ဆုံဖို့ လာမယ့် ထိုင်းဘက်က လူတွေကို မြန်မာ နယ်ခြား ကော်မတီဝင် တချို့က ချစ်ကြည်ရေးတံတား ထိပ်မှာ သွားကြိုလိမ့်မယ်”ဟု ပြောသည်။
မစ္စတာ သက်ဆင်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်ရှိ ထိုင်း လုပ်ငန်းရှင်လုပ်ကိုင်နေသည့် ရက်ဂျီးနား ဟိုတယ်တွင် တည်း ခိုကာ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံ ပုံတူစေတီကို သွားရောက်ဖူးမြော်မည် ဖြစ်ကြောင်း၊ ၎င်း၏ လုံခြုံရေးအတွက် ထိုင်း အာဏာပိုင်များက ယခုရက်ပိုင်းအတွင်း မြန်မာဘက်သို့ လာရောက် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း အာဏာပိုင်များနှင့် နီးစပ်သူက ပြောပြသည်။
ပြီးခဲ့သည့် စနေနေ့ထုတ် ထိုင်းနိုင်ငံမြောက်ပိုင်း အခြေစိုက် ChiangRai Times သတင်းစာတွင်လည်း မစ္စတာ သက်ဆင်သည် တာချီလိတ်မြို့တွင် လေးငါးရက်ခန့် နေထိုင်ပြီး ထိုင်းနိုင်ငံရေးသမားများ၊ ၎င်း၏ ယခင်ပါတီဟောင်းဖြစ်သည့် ထိုင်းရတ်ထိုင်း ပါတီ ၏ အလုပ်အမှုဆောင် ဟောင်းများ၊ လက်ရှိအာဏာရ ဖုယာ့ ထိုင်း ပါတီဝင်များ အပါအဝင် ရှပ်နီများနှင့်ပါ တွေဆုံရန်ရှိကြောင်း ရေး သား ထားသည်။
ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ၊ ချင်းမိုင် စသည့် ဒေသများသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ၏ အမာခံ နယ်များဖြစ်သည်။
၂၀၀၆ ခုနှစ် ထိုင်းစစ်တပ်၏ အာဏာသိမ်းခံရသည့် မစ္စတာ သက်ဆင်သည် အာဏာအလွဲသုံးစားမှုဖြင့် ၎င်းကို မျက်ကွယ် ထောင် ဒဏ် ချမှတ်ခံထားရပြီး ယခုအခါ အရှေ့အလယ်ပိုင်းဒေသရှိ ယူအေအီး စော်ဘွားနိုင်ငံ ဒူဘိုင်းတွင် နေထိုင်နေသည်ဟု အများကပြော ဆိုကြသည်။
မစ္စတာ သက်ဆင်သည် အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများကို လာရောက်လည်ပတ်လေ့ရှိပြီး ညီမဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အာဏာရခါစ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ တကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။
ထို ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး များ ဆွေး နွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်မည့် နေရာများသို့ သွားရောက်ခဲ့သည်ဟု လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။