၂၀၁၄ ခုနှစ်၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ဒေသရှိ ဘင်္ဂါလီများကိုပါ ထည့်သွင်းကောက်ခံသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ယမန်နေ့က ပြုလုပ်သည့် ၂၀၁၃ ခုနှစ် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲ၌ ဝန်ကြီး ဦးခင်ရီက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးက သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ သန်းခေါင်ယံ အချိန်တွင် မြန်မာနိုင်ငံအတွင်းရှိနေသည့် နိုင်ငံခြားသံတမန်များမှလွဲ၍ ကျန်လူများအားလုံးကို ကောက်ခံသွားမည်ဟု ဧရာဝတီကို ပြောသည်။
“ရခိုင်ဒေသဆိုတာ ခင်ဗျားတို့ ရည်ရွယ်တာက လက်ရှိရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကို ရည်ရွယ်တယ်လို့ ယူဆပါတယ်။ ကျနော်တို့ ထည့်ကောက်သွားမှာပါ။ သူတို့နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းက ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ပဲ ဆိုင်ပါတယ်။ သန်းခေါင်စာရင်းနဲ့ မဆိုင်ပါဘူး”ဟု သူက ပြောသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၁ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ပြန်လည်ကောက်ခံခြင်းဖြစ်ပြီး နောက်ဆုံးကောက်ခံခဲ့သည့်ခုနှစ်မှာ ၁၉၈၃ ခုနှစ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေဆိုင်ရာမူဝါဒ (Population Policy) မရှိသေးသည့်အတွက် ယင်းမူဝါဒရေးဆွဲရန် ၁၉၈၃ ခုနှစ်က ကိန်းဂဏန်းများကို အသုံးပြု၍ မဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ကောက်ခံခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။
“ကောက်ခံခြင်းအားဖြင့် မွေးကင်းစတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အရေအတွက် ထွက်လာမယ်။ ရေတွင်းရေကန်သုံးသူ၊ ရေကောင်းရေသန့်သုံးရတဲ့လူ ဘယ်နှစ်ယောက်ဆိုတာ ထွက်လာမယ်။ လျှပ်စစ်ရတာ ဘယ်နေရာ လျှပ်စစ်မရတာ ဘယ်နေရာတွေဆိုတာ ထွက်လာမယ်။ အလုပ်လက်မဲ့အရေအတွက်တွေ ထွက်လာပါမယ်။ တိုင်းပြည်အတွက် သိပ်အသုံးတည့်ပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ခံရန် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၁၁ သန်းရှိကြောင်း လဝကဌာန စာရင်းများအရ သိရသည်။
စာရင်းကောက်ခံရေးအတွက် ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းခံခဲ့ရာ တနိုင်ငံလုံးရှိ ပညာရေးဝန်ထမ်း ၁ သိန်းကျော်ကို အသုံးပြုရေး သဘောတူညီခဲ့ကြောင်းနှင့် တအိမ်တက်ဆင်းစနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
သန်းခေါင်စာရင်းအတွက် ပြည်သူတဦးချင်းစီအား မေးမြန်းမည့်မေးခွန်းပေါင်း ၄၀ ကျော်ရှိပြီး ထိုအထဲတွင် ပညာအရည်အချင်း၊ အလုပ်အကိုင်၊ နိုင်ငံသားကတ်ကိုင်ဆောင်မှု၊ အိမ်ပိုင်ဆိုင်မှု၊ အိမ်သာသုံးစွဲမှု၊ လောင်စာသုံးစွဲမှု၊ လျှပ်စစ်မီးသုံးစွဲမှု၊ မိသားစုအတွင်းမှ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသူ စသည့်မေးခွန်းများ ပါဝင်သည်။
သို့သော် ပြည်သူတဦးချင်းစီ၏ ဖြေဆိုမှုများမှာ ကိုယ်ရေးကိုယ်တာများ ဖြစ်သည့်အတွက် ထုတ်ပြန်သွားမည်မဟုတ်ဘဲ လျှို့ဝှက် ထိမ်းသိမ်းပေးသွားမည်ဟု ဝန်ကြီး ဦးခင်ရီက ဆိုသည်။
သန်းခေါင်စာရင်း ကောက်ခံရေးအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်းခန့် ကုန်ကျမည်ဟု အစိုးရက ခန့်မှန်းထားပြီး ကုလသမဂ္ဂက ဒေါ်လာ ၅ သန်း ထည့်ဝင်ရန် သဘောတူထားသည်။
“အမေရိကန်ဒေါ်လာ ၅၅ သန်းလောက် ကုန်မယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။ UN ကတော့ ၅ သန်းလောက် ထည့်ဝင်မယ်လို့ ပြောပါတယ်။ ကျန်တဲ့ဟာတော့ ဒိုနာ (အလှူရှင်) ဆီကနေ လာမှာ ဖြစ်ပါတယ်။ ဒိုနာဆီက မလာဖြစ်ရင်တော့ နိုင်ငံတော်က စိုက်ထုတ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ် မေလမှစတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ၃ နှစ် ၁၀ လအတွင်း အပြီးလုပ်ဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။
“သန်းခေါင်စာရင်းက ရလာတဲ့ ကိန်းဂဏန်းတွေကို အခြေခံပြီးတော့ တိုင်းပြည်ရဲ့ Future Plan (အနာဂတ်အစီအစဉ်) တွေ၊ လူငယ်စီမံကိန်းတွေ ရေးဆွဲရမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဘယ်နေရာက ဖွံ့ဖြိုးရေးနိမ့်ကျနေလို့ အထူးဖွံ့ဖြိုးရေး ဇုန်အဖြစ် သတ်မှတ်တာတွေ ရှိလာပါမယ်”ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
သန်းခေါင်စာရင်း ကောက်ခံရေးအတွက် ဝန်ကြီး ဦးခင်ရီ ဦးဆောင်သည့် ဗဟို သန်းခေါင်စာရင်း ကော်မတီဖွဲ့စည်းထားပြီး နာယကမှာ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်များတွင် ကောက်ခံခဲ့ဖူးသည်။ ၁၉၇၃ ခုနှစ်တွင် မြန်မာပြည်၏ လူဦးရေမှာ ၂၈ သန်းဝန်းကျင် ရှိခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ၃၈ သန်းဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာပြည်၏ လူဦးရေမှာ ၆၀.၉၈ သန်း ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန စာရင်းများအရ သိရသည်။