ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ ခေါင်းဆောင်များအကြား သဘောထားကွဲမှုများကို သင်ပုန်းချေလိုက်ပြီဖြစ်၍ ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း KNU ကပြောသည်။
ဘားအံခရိုင်အတွင်း KNU ထိန်းချုပ်နယ်မြေ၌ ယခုလ ၂၅၊ ၂၆ ရက်နေ့များက ပြုလုပ်ခဲ့သော အထူးအရေးပေါ် အစည်းအဝေး တွင် အမျိုးသား စည်းလုံးညီညွှတ်မှုကို ရှေးရှု၍ KNU အတွင်း အားနည်းချက်များကို သင်ပုန်းချေလိုက်ကြပြီဖြစ်ကြောင်း KNU ပြောရေး ဆိုခွင့်ရှိသူများက ယနေ့ ပြောဆိုသည်။
“ရှေ့ဆက်သွားမယ့် အခြေအနေတွေကတော့ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်၊ ဘာမှ ခံစားချက်မရှိဘူး၊ အထုတ်ခံရတဲ့ စစ်ဦးစီးချုပ် ကိုယ်တိုင်က ဒါတွေက အာဃာတနဲ့ မသွားကြနဲ့၊ ကျနော်တို့ သင်ပုန်းချေပြီးတော့ သွားကြ၊ သူကိုယ်တိုင်က အဲလို သဘောထား ပေးတဲ့အခါကြတော့ အကုန်လုံး အေးအေးဆေးဆေး ဖြေရှင်းလို့ရပါတယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းငြိမ်းမောင် က ဧရာဝတီ သို့ ပြောသည်။
အထူးအရေးပေါ် အစည်းအဝေးကို ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ၄၀ တက်ရောက်သည်။ ထို အစည်း အဝေး၌ သဘောထား ကွဲလွဲမှုဖြစ်ပွားပြီးနောက် ထုတ်ပယ်ထားသော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ဗဟိုအလုပ်မှုဆောင်တချို့ကို မူလတာဝန်များ ပြန်လည် ပေးအပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနမှ ပဒိုဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင် တို့ကို အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ်ဖောက်ဖျက်မှုဖြင့် KNU ဗဟိုက ယခုလ ၂ ရက်နေ့ ရက်စွဲဖြင့် တာဝန်များမှရပ်စဲ လိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ခဲ့သည်။
ထုတ်ပယ် ခံရသူများအနက် ပဒိုဒေးဗစ်ထောမှာ ယခုလ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံကြီး တွင် ကွယ်လွန်ခဲ့သည်။ သို့သော်လည်း တာဝန်ပြန်လည် ပေးအပ်မှုတွင် အကျုံးဝင်သည်ဟု သိရသည်။
“သင်ပုန်းချေ လိုက်တာပေါ့၊ တဘက်နဲ့ တဘက် သူလွန်တယ်၊ ကိုယ်မမှားဘူးဆိုတာ မလုပ်တော့ဘဲနဲ့ ဗဟိုကော်မတီ တရပ်လုံးက နေပြီးတော့ ဒါဟာ တို့အားလုံးရဲ့ အားနည်းချက်၊ ချို့ယွင်းချက်ပဲ၊ ခေါင်းခံလိုက်တာပဲ”ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ပဒို စော လှ ငွေ က ဧရာဝတီသို့ ပြောသည်။
ယခုလက်ရှိ ခေါင်းဆောင်များကို ၂၀၀၈ ခုနှစ် ၁၄ ကြိမ်မြောက် KNU ညီလာခံက ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်ပြီး အောက်ခြေ တပ်များနှင့် လူထုအကြားတွင် သဘောထားကွဲလွဲခြင်းမရှိသကဲ့သို့ ထိပ်ပိုင်း သဘောထား ကွဲလွဲမှုများကိုလည်း အောက်ခြေ အဆင့်ဆင့်က လက်မခံကြောင်း သူက ဆက်ပြောပြသည်။
ခေါင်းဆောင်များအကြား ပြန်လည်သဘောတူညီမှု ရရှိပြီးနောက် ယခုလကုန်ပိုင်းတွင် KNU ဗဟို ကော်မတီအစည်းအဝေး ကျင်းပ တော့မည်ဖြစ်သည်။
ထိုအစည်းအဝေးမှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်မည့် ဗဟိုကော်မတီဝင် ၄၇ ဦးသည် နိုဝင်ဘာလထဲတွင် ကျင်းပမည့် ၁၅ ကြိမ်မြောက် KNU ညီလာခံကို တက်ရောက်ကြရမည် ဖြစ်သည်။
အဆိုပါ ညီလာခံမှတဆင့် KNU အတွက် ခေါင်းဆောင်သစ်များကို ရွေးချယ်၍ တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
KNU သည် ကိုယ်ပိုင် ပြဌာန်းခွင့် အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရကို လက်နက်စွဲကိုင်တော်လှန်ခဲ့ပြီး တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့များတွင် အင်အားကြီး အဖွဲ့တဖွဲ့ဖြစ်သည်။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နှစ်ဖက် ပဏာမ အပစ် ရပ်ရေး သဘောတူညီမှု ရရှိထားပြီဖြစ်သည်။