[irrawaddy_gallery]
ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး တရားဝင်ကြေညာခြင်း မရှိသော်လည်း အုပ်ချုပ်မှုပိုင်းကို တပ်မတော်သို့ လွှဲအပ်ထားကြောင်း မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်အောင်က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့်စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာ နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်သွားရန်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ပြောဆိုခဲ့သော်လည်း ယခု အုပ်ချုပ်ရေးသည် တရားဝင် စစ်အုပ်ချုပ်ရေး မဟုတ်သေးကြောင်း သိရသည်။
“လုံခြုံရေးယူထားတဲ့ပုံစံကဘင်္ဂါလီရွာနဲ့ရခိုင်ရွာတွေကြားမှာလည်း ရှိတယ်။တရွာထဲမှာတပ်ချထားတာမျိုးလည်းရှိတယ်။လိုအပ်တဲ့နေရာတွေမှာယူထားတာပေါ့။မင်းပြားနယ်ထဲမှာဖြစ်တော့မယ့်ဆဲဆဲအချိန်မီ ထိန်းလိုက်နိုင်တဲ့ကျေးရွာတွေ အများကြီးပဲ။လူစုခွဲဖို့ခြောက်လှန့်ပြီး သေနတ် ပစ်ဖောက်လာရတာလည်း ရှိတယ်။ဖြစ်နေချိန်မှာအချိန်မီရောက်လို့မီးလောင်မှု မဖြစ်ခဲ့တာတွေလည်း ရှိတယ်” ဟုဒုရဲမှူးကြီး ကျော်အောင် ပြောသည်။
ယခုလက်ရှိ အခြေအနေအရ ထပ်မံဖြစ်ပွားမှု မရှိစေရန် လုံခြုံရေးအပိုင်းမှ ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားနိုင်ခြေရှိသောကြောင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ လုံခြုံရေးချထားသော နေရာပေါင်း ၂၉ နေရာရှိကြောင်း၊ မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၆ ရွာရှိပြီး အဆိုပါကျေးရွာထဲတွင် ဘင်္ဂါလီများနေထိုင်သော ကျေးရွာ ၁၅ ရွာ ပါဝင်ကြောင်း သိရသည်။
အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ထားပြီး စမ္ဘလေကျေးရွာတွင် ဖြစ်ခဲ့သော သေနတ်ဒဏ်ရာဖြင့် လူသေဆုံးမှုကို ပုဒ်မ ၄၃၆ ဖြင့် ပြစ်မှုအမှတ် ပ-၁၈၇ (၂၀၁၂) အဖြစ် အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရှိရသည်။
မင်းပြားမြို့နယ်ထဲတွင် ပဋိပက္ခဖြစ်ခဲ့သည့် ပိုက်သည်ရွာ၊ စမ္ဘလေရွာ၊ သရက်အုပ်စုရွာ၊ ဆင်အိုးတန်းရွာ၊ သာဒရွာ၊ အောင်ဒိုင်ရွာတို့တွင် မီးလောင်ရာ၌ ရခိုင်အိမ်အနည်းစု ဖြစ်ပြီး အများစုမှာ မွတ်စလင်တို့၏ အိမ်မျာဖြစ်ကြောင်း၊ ထိုပဋိပက္ခများတွင် သေဆုံးသူ ၄ ဦး ရှိကြောင်း၊ စမ္ဘလေ သေနတ်ပစ်မှုတွင် သေဆုံးသည့် မွတ်စလင်တဦးကိစ္စတွင် လုံခြုံရေးများက ပစ်ခတ်ခြင်းကြောင့်ဟု ရွာခံ မွတ်စလင်များက စွပ်စွဲထားကြောင်း သိရသည်။
သို့သော် ဒု ရဲမှူးကြီး ကျော်အောင်က ဖြစ်စဉ်တွင် သေဆုံးသူသည် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်မှာ မှန်သော်လည်း လုံခြုံရေးများ ကိုင်ဆောင်သည့် သေနတ်အမျိုးအစား မဟုတ်ကြောင်း၊ သေဆုံးသူကို ပြန်လည်တူးဖော် စစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။
ထပ်မံဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ စုစုပေါင်း ၈၄ ဦးနှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၉ ဦး ရှိကြောင်း၊ စုစုပေါင်း နေအိမ် ၂၉၅၀ နှင့် ဘာသာရေး အဆောက်အုံ ၁၄ လုံး၊ ဆန်စက် ၈ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် သီတင်းပတ်က ရခိုင်ပြည်နယ်တွင်း ထပ်မံဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နောက်ထပ် အိုးအိမ်မဲ့ဖြစ်ရသူ ဒုက္ခသည် ၂၈၀၀၀ ရှိနေပြီး ဒုက္ခသည်အရေး အလွန် စိုးရိမ်ဖွယ် အခြေအနေရှိသည်ဟု ကုလသမဂ္ဂက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးမှူး မစ္စတာ Ashok Nigam က ပဋိပက္ခများဖြစ်ပွားခဲ့သော မြို့နယ် ၉ ခုအနက် ၅ မြို့နယ်ကို လွန်ခဲ့သည့် သီတင်းပတ်က သွားရောက် လေ့လာခဲ့ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
“လူအုပ်စု ၂ ဖက်စလုံးက အိုးအိမ်အခြေမဲ့ ဖြစ်သွားခဲ့ရတဲ့ လူတွေရဲ့မျက်ဝန်းမှာ ကြောက်ရွံ့မှု၊ မယုံကြည်မှုတွေကို ကျနော် တွေ့ရတော့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မိတယ်” ဟု မစ္စတာ Nigam က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။
လွန်ခဲ့သည့် မေလနှင့် ဇွန်လ ပဋိပက္ခများကြောင့် ဒုက္ခသည် ၇၅၀၀၀ ကျော်ကို ကုလသမဂ္ဂ အကူအညီ အထောက်အပံ့များ ယခုအထိ ပေးလျှက်ရှိကြောင်း သိရသည်။
ထပ်မံတိုးပွားလာသည့် နောက်ထပ် ဒုက္ခသည် ၂ သောင်းကျော်တွင် အများစုမှာ မွတ်ဆလင်များဖြစ်ပြီး ယခင်က ရခိုင် လူမျိုးများနှင့် အတူယှဉ်တွဲ နေထိုင်ခဲ့သည့် ကမန်လူမျိုး မွတ်ဆလင်များလည်း ပါဝင်သည်ဟု CNN သတင်းတပုဒ်တွင် ကုလသမဂ္ဂကို ကိုးကားပြီး ဖော်ပြထားသည်။
ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် ရခိုင်ပဋိပက္ခ အကြမ်းဖက်မှုများကို စိုးရိမ်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ ချက်ချင်း အဆုံးသတ်ရေး တိုက်တွန်းခဲ့သည်။
ကုသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေ ကင်တာနာကလည်း နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ သူ၏ အစီရင်ခံစာတင်သွင်း နေချိန်တွင် ယခု ရခိုင်ပဋိပက္ခကိစ္စကို အစိုးရအနေနှင့်လည်း အရေးကြီး လုပ်ဆောင်စရာအဖြစ် အားစိုက်လုပ်ဆောင် သွားရန် တိုက်တွန်းပြီး လူအုပ်စု ၂ ခုအကြား တင်းမာမှုများ ပြေလျော့စေရေး၊ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေး အစိုးရနှင့် အင်အားစု အားလုံးကို ဝိုင်းဝန်ကြိုးစားကြရန် လွန်ခဲ့သည့် ကြာသပတေးနေ့က တိုက်တွန်းခဲ့သည်။
အာဆီယံအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ Surin Pitsuwanကလည်း ရခိုင်ပြည်နယ် အခြေအနေသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ တဖက်နှင့်တဖက် အကြမ်းဖက် တိုက်ခိုက်မှုများသည် မည်သူ့ကိုမျှ အကောင်းမဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုခဲ့သည်။
“ပဋိပက္ခဟာ အစ္စလမ် အရေးကိစ္စတခုအဖြစ် ဖော်ပြလာနေပြီး ယခုကိစ္စဟာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စဖြစ်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာနေပြီ” ဟု သူက ပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း ကျောက်ဖြူမြို့နယ် ပျက်စီး ဆုံးရှုံးမှုနှင့် ပတ်သက်၍ ကောင်းကင်ဂြိုတ်တု ဓာတ်ပုံနှင့်တကွ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ကျောက်ဖြူမြို့နယ် အရှေ့ဘက်ခြမ်းတွင် မီးရှို့ဖျက်ဆီးခံရသော နေအိမ် ၆၃၃ လုံး နှင့် အဆောက်အအုံ ၁၇၈ ခု၊ စုစုပေါင်း ၈၁၁ ခု ရှိကြောင်း၊ ပင်လယ်တွင်းမျောနေသည့် ပျက်ဆီးနေသော နေအိမ်များ၊ လှေများလည်း ရှိကြောင်း ပျက်ဆီးဆုံးရှုံးမှု ဧရိယာ ၁၄.၄ ဟက်တာ ရှိကြောင်း အဆိုပါ HRW က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများက စိုးရိမ်ပူပန်မိကြောင်း စဉ်ဆက်မပြတ် ထုတ်ဖော်ပြောဆိုထားသည်။
အမေရိကန်ပြည်ထောင်စုက အောက်တိုဘာလ ၁၉ ရက်နေ့က လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် နောက်ထပ် အမေရိကန် ဒေါ်လာ ၂.၇၃ သန်းကို ထောက်ပံကူညီပေးမည်ဟု ကြေညာခဲ့ပြီးနောက် လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်ရေး မြန်မာအစိုးရ အပါအဝင် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်း အသီးသီးကိုလည်း ဝိုင်းဝန်းလက်တွဲ အဖြေရှာကြရန် တိုက်တွန်းခဲ့သည်။
ရန်ကုန်ရှိ အမေရိကန်သံရုံး တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံတွင်းရှိ အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီ အသီးသီး၊ လူမှုရေး နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ထိတွေ့ ဆွေးနွေးမှုများ လုပ်ဆောင်ကာ ပူးပေါင်းအဖြေရှာရေး လုပ်ငန်းစဉ်များ ချမှတ်နေကြောင်း သိရသည်။
အီရန် နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်နေ့က ထပ်မံ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်က အုပ်စုချင်း အကြမ်းဖက် တိုက်ခိုက်မှုများကို အထူးစိုးရိမ်ကြောင်း၊ အစိုးရအနေဖြင့်လည်း မွတ်ဆလင် အခြေခံ အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် ပြဿနာကို အထူးအရေးကြီးလုပ်ငန်းအဖြစ် သဘေားထား ဖြေရှင်းပေးရန် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Ramin Mehmanparast က ပြောဆိုခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို အခြေခံ ကျကျ ဖြေရှင်းရေးအတွက် မြန်မာ အစိုးရကိုလည်း အီရန်အနေဖြင့် အကူအညီများပေးရန် အဆင့်သင့်ရှိကြောင်း၊ မွတ်စလင်နှင့် ဗုဒ္ဓဘာသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ဝန်းကျင်တခုကို ဖန်တီးသွားရန်လည်း လိုအပ်ကြောင်း သူက ဆက်ပြောသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများကလည်း ရခိုင်ပဋိပက္ခကို အထူး စိုးရိမ်ကြောင်း ပြောဆိုကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ ဖော်ဆောင်နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးသွားမည်ကိုလည်း ထောက်ပြ ပြောဆိုနေကြသည်။
ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လွန်ခဲ့သည့် သောကြာနေ့က နေပြည်တော်၊ လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အထူး အလေးပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။
ထပ်မံဖြစ်ပွားခဲ့ရသော ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လောကက အစိုးရ၏ ကိုင်တွယ်မှုသည် စိုးရိမ်လွန်ပြီး နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သည်ဟု ထောက်ပြပြောဆိုခဲ့သည်။
ယနေ့ထုတ် အစိုးရသတင်းစာများက ယခုအခါ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အင်အားတိုးမြင့်ချမှတ်ထားမှုကြောင့် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိနေပြီဟု ရေးသားထားသည်။
ရဲတပ်ဖွဲ့ ၅၀၀၀ ကျော်၊ နစက တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်၊ တပ်မတော် တပ်ရင်း ၅၁ ရင်းတို့ဖြင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ တည်ငြိမ်ရေး ကြိုးစားနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ၊ ဇွန်လ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာ ရသူ ၅၄ ဦးရှိခဲ့ပြီး လူနေအိမ် ၂၂၃၀ လုံးနှင့် ဘာသာရေး အဆောက်အအုံ ၁၄ ခု ထိခိုက်ပျက်ဆီး ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၆၁၄၆၂ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ဧရာဝတီ သတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။