ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေးအတွက် အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရာတွင် လုပ်ငန်းရှင်များ ဘက်က စိုးရိမ်မှုများရှိ၍ စိတ်ဝင်စားမှု နည်းပါးနေကြောင်း သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေကြောင်းလိုင်း မည်မျှလုပ်ပိုင်ခွင့်ပေးမည်ကို တိတိကျကျ သိရမှသာလျှင် လုပ်ငန်းရှင် များက ရင်းနှီးနိုင်မည်ဖြစ်သည်ဟု ထူး ထရိတ်ဒင်း ကုမ္ပဏီမှ အကြံပေးပုဂ္ဂိုလ် ဦးထွန်းအောင်မြင့် က ပြောကြားသည်။
“အခု ဆိုရင် ဟံသာဝတီ လေဆိပ်ကလည်း ၂၀၁၆ ခုနစ်မှာ အပြီးတည်ဆောက်မယ်ဆိုတော့ ရန်ကုန်က လေကြောင်းလိုင်းတွေ ဟံသာဝတီ ဘက် ပြောင်းမယ်ဆိုရင် ရင်းနှီးသူတွေ တွက်ခြေမကိုက်ဘူး။ ဒီလိုပြဿနာတွေ ထိုင်းက ဒွန်မောင်း နဲ့ သုဝဏ္ဏ ဘူမိမှာ
ဖြစ်ခဲ့တယ်။ ဒီလိုဖြစ်လာမှာကို စိုးရိမ်တယ်လို့”ဟု ဦးထွန်းအောင်မြင့်က ဆိုသည်။
ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနစ် အတွင်း အပြီးသတ် လုပ်ဆောင်ရမည် ဆို သည့် သတ်မှတ်ချက်နှင့်ပတ်သတ်ပြီးတော့လည်း လုပ်ငန်းရှင်များဘက်က အခက်အခဲရှိနိုင်ကြောင်း ပြောကြားသည်။
အောက်တိုဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မြှင့်တင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖိတ်ခေါ်မှုနှင့်ပတ်သက်သော ရှင်းလင်းပွဲ၌ အစိုးရ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက တက်ရောက် ဆွေးနွေး ကြခြင်း ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နောင်တွင်လည်း အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ကြောင်း၊ ဈေးကွက် တောင်းဆိုမှုများ ရှိလာမည် ဆိုပါက ရန်ကုန် လေဆိပ်အနေနှင့် ဖြည့်ဆည်းနိုင်မှုမရှိခဲ့လျှင် ဧက ၉၆၀၀ ကျော် ရှိသည့် ဟံသာဝတီ လေဆိပ် ဘက်ကို ပြောင်းလဲ လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လေကြောင်း ဦးစီး ညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်း ကလည်း“ရန်ကုန် လေဆိပ်က ကန့်သတ်ထားတဲ့ အခြေအနေ ကျော်လွန် ရင်တော့ ဟံသာဝတီ ကို လွှဲပေးမှာပါ။ အခုဆိုရင် လေကြောင်း လိုင်း တွေ ကလည်း ထပ်မံတိုးချဲ့ ပြေးဆွဲနေတယ် ဆိုတော့ လေ ယာဉ်ကွင်း လက်ခံနိုင်စွမ်းအား ရှိဖို့ ပြုပြင်နေပါတယ်”ဟု ပြောသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်းတချို့ကို လက်ရှိတွင် အစိုးရနှင့် Asia Worldကုမ္ပဏီ တို့ အကျိုးတူ ပူးပေါင်း ဆောင် ရွက်လျက် ရှိကြောင်းလည်း သိရသည်။
“Asia World နဲ့က လေဆိပ်အဆင့်မြှင့်ရေး လုပ်ငန်းအတွက် စာချုပ်ချုပ်ထားတာ မဟုတ်ဘူး။ လေဆိပ် ကား ပါကင်၊ ပျက်နေတာ တွေပြင်ဖို့ လုပ်ဆောင်ခွင့် ပေးထားတာပါ။ အခုတော့ ရပ်ဆိုင်းတော့မယ်။ သူ့အနေနဲ့ လက်ရှိခေါ်တဲ့ အဆင့်မြှင့်ရေး လုပ်ငန်းတွေကို လုပ်ချင်ရင်တော့ အခြားနည်းတူ ပြိုင်ရမယ်”ဟု ဦးဝင်းဆွေထွန်း က ဆက်ပြောသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြင့်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းရှင်များ လျှောက်လွှာ တင်သွင်း ရက်ကို ၂၀၁၂ ခု အောက်တိုဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ သတ်မှတ်ထားသည်။ ဒီဇင်ဘာ ၆ ရက်မှစတင်ပြီး ၂၀၁၃ ဇန်နဝါရီ ၅ ရက် အထိ ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ရွေးချယ်ခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခွင့်ရ ကုမ္ပဏီများ အပြီးသတ် စာချုပ်ချုပ်ရေးကို ၂၀၁၃ မတ် ၁ ရက်တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ရွေးချယ်မည့် ကုမ္ပဏီများကို လုပ်ငန်းအတွေ့အကြုံ နှင့် အရည်အချင်းပြည့်ဝမှု၊ ငွေကြေး ခိုင်မာမှု၊ ပညာရှင် အရည်အချင်းပြည့်ဝမှု၊ ဆောက်လုပ်ရေး စက်ပစ္စည်း ပြည့်စုံကောင်းမွန်မှုတို့ အပေါ် အခြေခံရွေးချယ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆို သည်။
“ကုမ္ပဏီတွေ အနေနဲ့ အခု လုပ်ခွင့်ရနေတဲ့ Asia World ထက်ပိုပြီး လုပ်ငန်းပိုင်း ကျွမ်းကျင်တယ်။ အခုပြိုင်ရမယ်ဆို သူတို့က အရင်က လုပ်ဖူးနေတော့ တပန်း သာတယ်။ ကျန်တဲ့လူတွေက နိုင်ငံခြားက လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းလုပ်ရမှာပဲ။ ဘာလို့လဲ ဆို တော့ အတွေ့အကြုံပိုင်း အရ နိုင်ငံခြားသားက ပိုသာတယ်လေ။ အခုထိတော့ ရင်းနှီးဖို့ စဉ်းစားနေတုန်းပါပဲ”ဟု အဆိုပါ ရှင်းလင်းပွဲသို့ တက်ရောက်သည့် ပြည်တွင်း ကုမ္ပဏီ တခုက ဧရာဝတီသို့ ပြောသည်။
Asia World ကုမ္ပဏီအနေဖြင့် ၂၀၁၀ ပြည့်နှစ် ဇွန် ၁ ရက်မှစတင်ကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အစိုးရနှင့် အတူ ပူးတွဲ ဆောင်ရွက်လျက် ရှိပြီး ၃နှစ် လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ယခုအခါ လုပ်ကိုင်ခွင့်၂ နှစ်ကျော် ပေးပြီးသဖြင့် အစိုးရ အနေဖြင့် ပြန်လည် ပေးလျော်ရခြင်း မရှိကြောင်း၊ လက်ရှိ လေဆိပ် အဆင့်မြှင့်ရေးတွင် ပုဂ္ဂလိက နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် ထား သော်လည်း လေဆိပ်လုံခြုံရေး နှင့် စည်းမျဉ်း စည်းကမ်းပိုင်းကို လေကြောင်း ဦးစီးဌာန က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
လေကြောင်း ဦးစီးဌာန အနေဖြင့် ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းရှင်များ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်ကို ၂၀၁၆ ခုနှစ်တွင် ခရီးသည် လက်ခံနိုင်စွမ်း ပမာဏ ၅.၅ သန်းအထိ လက်ခံနိုင်ရန် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းထက် ပို၍ လက် ခံ ဆောင်ရွက်ခွင့် ပေးမည် မဟုတ် ဟုလည်း ဆိုသည်။
ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ တွင် စတင် အသုံးပြုခဲ့ပြီး အဆင့်ဆင့် တိုးချဲ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။