တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများသို့ ပေးပို့မည့် နီပွန်ဖောင်ဒေးရှင်း၏ အကူအညီများ ဖြစ်သော အရေးပေါ် အစားအသောက်နှင့် ဆေးဝါးများကို ပြည်တွင်းလမ်းကြောင်းမှသာ ပို့ဆောင်သွားမည်ဟု ယင်းဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ယိုဟဲအိ ဆာဆာကာဝါ (Yohei Sasakawa) က ပြောသည်။
“တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေရှ် နယ်စပ်ကနေတဆင့် ပေးပို့သွားဖို့ စဉ်းစားပေမယ့် အဲဒီလိုဆိုရင် သံတမန် ဆက်ဆံရေးတွေကိုပါ ထည့်စဉ်းစားရဖို့ရှိပါတယ်။ ဒါကြောင့် အဲဒီဘက်ကို ပို့မယ့် အကူအညီတွေကို ပြည်တွင်းက တဆင့်ပဲ သွားပါမယ် ” ဟု အောက်တိုဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ယိုဟဲအိ ဆာဆာကာဝါက ပြောကြားသည်။
အကူအညီများပေးခြင်းကို မြန်မာအစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့က အသိအမှတ်ပြုထားပြီးဖြစ်ပြီး နှစ်ဖက်၏ ပူးပေါင်းမူများဖြင့် အကောင်အထည်ဖော်မည်ဟု သိရသည်။
ဂျပန်နိုင်ငံတွင် UNFC နှင့် နိပွန်ဖောင်ဒေးရှင်းတို့ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဆွေးနွေးခဲ့ပြီး UNFC အဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများသို့ ဒေါ်လာ ၃ သန်း ကူညီပေးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
UNFC အဖွဲ့ဝင် မဟုတ်သည့် တခြားတိုင်းရင်းသား ဒေသများသို့လည်း နိပွန်ဖောင်ဒေးရှင်းက အကူအညီပေးရန် ရှိသည်ဟု သိရသည်။
ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO )၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီပြည်သူ့တိုးတက်ရေးပါတီ (KPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။
ယခုနှစ်မကုန်မီ ပဏာမ အစီအစဉ်အနေနှင့် ဒေါ်လာ ၃ သိန်းတန်ဖိုးရှိ အစားအသောက်နှင့် ဆေးဝါးများ ပေးပို့ရန်ရှိပြီး ၂၀၁၃ မကုန်မီ ကျန်ရှိသည် ဒေါ်လာ ၂.၇ သန်းကို သုံးစွဲသွားမည်ဟု သိရသည်။
မြန်မာနယ်စပ်ဒေသ တလျှောက်တွင် နေရပ်စွန့်ခွာ ထွက်ပြေးသူ ဒုက္ခသည် ၁ သန်းကျော် ရှိသည်ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဌက ပြောသည်။
နိပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ မှစ၍ မြန်မာနိုင်ငံသို့ ကူညီခဲ့ပြီး ၂၀၁၂ မှစတင်ကာ အနာဂတ် အကူအညီများအတွက် အမေရိကန် ဒေါ်လာ ၈၈ သန်းကျော် ကူညီရန်လျာထားကြောင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ထမ်းများ
စွမ်းရည်မြင့်တင်ခြင်း လုပ်ငန်းများတွင်လည်း ကူညီလျက်ရှိကြောင်း သိရသည်။
နိပွန်ဖောင်ဒေးရှင်းသည် လွှတ်တော်အမတ်များ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက် လေ့လာရေးအတွက် စီစဉ်ပေးခဲ့သည့် အဖွဲ့ဖြစ်သည်။