မြန်မာ အစိုးရသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက် နာရန် ပျက်ကွက်ကြောင်း ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ပြောကြားလိုက်သည်။
ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲ၌ KCSN အဖွဲ့က ပြောကြားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အစိုးရနှင့် KNPP အဖွဲ့တို့ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီမှု ရရှိထား သည့် ၁၄ ချက် အထဲမှ တချို့အချက်ကို ပျက်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရ အနေနှင့် နှစ်ဖက်တပ်များ သွားလာရာတွင် ကြိုတင် အသိပေးခြင်း၊ စစ်လေ့ကျင့်ရေး သင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ KNPP တပ်ဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ ရွာသစ် ရေကာတာ စီမံကိန်းကို လူမှုအဖွဲ့အစည်းများအား လေ့လာ စောင့်ကြည့်ခွင့်ပြုခြင်း စသည်တို့ကို သဘောတူခဲ့ကြသော်လည်း လက်တွေ့တွင် ကွာခြားချက်များ၊ တားဆီးမှုများ ရှိကြောင်း KCSN အဖွဲ့မှ ခူးတော်ရယ် က ပြောသည်။
“သဘောတူညီချက်ထဲမှာက ဒီစီမံကိန်းတွေကို ပွင့်ပွင့် လင်းလင်း လူသိ သူသိအောင်၊ လေ့လာလို့ရအောင် အဲဒီလိုခွင့်ပြုတယ်၊ ဆိုတော့ သဘောတူညီချက်က စာရွက်ပေါ်မှာပဲ ရှိတယ်၊ လက်တွေ့ သွားတဲ့အခါ မရဘူး”ဟု ၎င်းက ဆိုသည်။
တရုတ်ကုမ္ပဏီနှင့် တည်ဆောက်မည့် ယင်း ရွာသစ် ရေကာတာ စီမံကိန်းတည်ရှိရာ ဒေသသို့ KNPP နှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ ခွင့်တောင်း၍သွားသော်လည်း လုံခြုံရေး တာဝန်ယူထားသည့် နယ်မြေခံ အစိုးရတပ်ဖွဲ့ဝင်များက ခွင့်မပြုခဲ့ကြောင်း ခူးတော်ရယ်က ဆက်ပြောသည်။
“သွားခွင့်မရတာကတော့ သူတို့ နယ်မြေခံ စစ်တပ်နဲ့ မဆိုင်ဘူး၊ ကျနော်တို့ကို လာတွေ့တဲ့ ဗိုလ်မှူးကတော့ စကား ချိုချိုသာသာပဲ ပြောတယ်၊ ဒါပေမယ့် သွားခွင့်ရမယ် မရဘူး အထက်ကို တင်ပြမယ် လို့ပြောတယ်၊ ဒါပေမယ့် သွားလို့ မရတာ အထက်နဲ့ ဆိုင်တယ်လို့ နားလည်တယ်”ဟု ၎င်းက ရှင်းပြသည်။
ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းကလည်း“အကယ်၍ လူထု အဖွဲ့အစည်းအနေနဲ့ သွား ကြည့်မယ် ဆိုရင် ကျနော့်အနေနဲ့ သေချာတာကတော့ တရုတ်က လုပ်နေတဲ့ စီမံကိန်းတွေ အားလုံး လုပ်ထုံလုပ်နည်း အရ မလိုက်နာဘူး၊ အဲဒါကြောင့် မပေးဝင်ချင်တာ ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ရွာသစ် ရေကာတာ စီမံကိန်းသည် ဘော်လခဲမြို့နယ် အနီး သံလွင်မြစ်ပေါ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation)နှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။
ဒါးတန်း ကော်ပိုရေးရှင်းသည် ကုလသမဂ္ဂ၏ Global Compact ခေါ် ကမ္ဘာတဝန်းလုံးက သဘောတူလက်ခံထား သည့် လူ့အခွင့် အရေး၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လုပ်အားစံနှုန်းများ စသည့် မူဝါဒများကို လက်ခံလိုက်နာမည်ဟု လက်မှတ်ရေး ထိုး၍ အဖွဲ့ ဝင်ထားသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခု ဖြစ်သည်ဟု သတင်းများက ဆိုသည်။
သဘောတူချက်တွင် ပါဝင်သည့် အစိုးရ တပ်ဖွဲ့ဝင်များ သွားလာရေး ကိစ္စနှင့် ပတ်သက်၍လည်း KNPP တပ်ဖွဲ့ဝင်များအား ကြိုတင် သတင်းပေးခြင်း မရှိသည့်အတွက် KNPP ထိန်းချုပ်နယ်မြေတွင် ဇွန်လ ၂၇ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း KCSN အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရနှင့် KNPP အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိထားသော်လည်း လူထူအကြား ဖြစ်ပေါ်နေသည့် အခြေ အနေမှန်များကို သိရှိရန်နှင့် မြန်မာနိုင်ငံအတွင်း စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် အတွက် ရည်ရွယ်ပြီး KCSN က ယင်း အစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
KCSN အဖွဲ့ အနေနှင့် သဘောတူညီချက်များ အတိုင်း ထိန်းသိမ်းလိုက်နာရန် အစိုးရကို တောင်းဆိုထားသည်။
KNPPမှ အတွင်းရေးမှူး (၁) ခူးဦးရယ်ကလည်း အစိုးရအနေနှင့် သဘောတူညီချက် တချို့ကို ပျက်ကွက်ကြောင်း တွေ့ရှိရပြီး အစိုးရနှင့် ထပ်မံတွေ့ဆုံသည့်အခါ ၎င်းကိစ္စများကို အခြေခံ၍ ဆက်လက် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ပြောသည်။
“သူတို့ဘက်က တာဝန်ခံမှုတွေ မရှိဘူး၊ ဥပမာ ရွာသစ် စီမံကိန်းလိုမျိုး၊ နောက် စစ်လေ့ကျင့်ရေး စီမံကိန်းလိုမျိုး၊ နောက်ပြီးတော့ မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ်၊ တနစ်တကျ ပြင်ဆင်မယ်၊ နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကိစ္စတွေမှာလည်း သူတို့ဘက်က လျော့ရဲရဲပဲလို့ ကျနော်တို့ဘက်က အဲဒီလိုပဲ မြင်တယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။
အစိုးရနှင့် KNPP တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူ စာချုပ်ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
KNPP တပ်ဖွဲ့အနေနှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် တောင်းဆိုထားသည့် အချက် ၂၀ မှ ၁၄ ချက်သာ သဘောတူညီ၍ လက်မှတ် ရေးထိုးခဲ့သည်။
ကျန်နေသော အချက် ၆ ချက်မှာ စစ်ဘက်ဆိုင်ရာ ကိစ္စများ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် ထပ်မံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
KNPP သည် ၁၉၉၅ ခုနှစ်က ယခင် စစ်အစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၃ လခန့် အကြာ အစိုးရ တပ်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။