ကမ္ဘာကျော် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် မြန်မာပြည်ကို တိတ်တဆိတ် ရောက်ရှိနေတာ ၁၀ ရက်ရှိနေပြီဖြစ်ပြီး မနက်ဖြန်မှာ အင်္ဂလန်နိုင်ငံကို ပြန်လည် ထွက်ခွာတော့မယ်လို့ သိရပါတယ်။
အသက် ၇၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကလစ်ဖ်ရစ်ချက်ဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ရန်ကုန်ကို အလည်အပတ် စတင် ရောက်ရှိလာတာ ဖြစ်ပြီး ပုဂံ၊ အင်းလေး စတဲ့ ဒေသတွေကို လည်ပတ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ရန်ကုန်မှာ တနေ့တာ လည်ပတ်ဖို့ အစီအစဉ်ရှိတယ်လို့ သူ့ခရီးစဉ်ကို စီစဉ်ပေးတဲ့ Tour Mandalay ကတဆင့် သိရပါတယ်။
ရှိရင်းအသက်ထက် အတော်လေး နုနယ်ပုံရတဲ့ ကလစ်ဖ်ရစ်ချက်နဲ့ သူတည်းခိုရာ Governor ဟိုတယ်မှာ ဧရာဝတီ သတင်းထောက် တချို့နဲ့ ခဏတာ တွေ့ဆုံခဲ့ရပေမယ့် ကျောက်ကပ်ဝေဒနာ ခံစားနေရလို့ သီးသန့် အင်တာဗျူးတော့ မပေးနိုင်ဘူး ဆိုတဲ့အကြောင်း၊ ဝေဒနာကြောင့် အခန်းထဲမှာပဲ နားနေရတယ် ဆိုတဲ့အကြောင်း သူက ရှင်းပြ ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်လာတဲ့ ကလစ်ဖ်ရစ်ချက်တို့ အဖွဲ့ထဲမှာ ၄ ဦးပါဝင်ပြီး အားလုံး အသက် ၇၀ ကျော်အရွယ်တွေလို့ သိရတယ်။ အဲဒီထဲက တယောက်က မြန်မာသွေး အနည်းငယ် ပါတဲ့ အမျိုးသမီးကြီး တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။
မနေ့ကတော့ အဲဒီ အမျိုးသမီးကြီးက သူနဲ့ ဆွေမျိုးတော်စပ်သူတွေ နေထိုင်ရာ သန်လျင်မြို့ကို သွားရောက် လည်ပတ်ရာမှာ ကလစ်ဖ်ရစ်ချက်လည်း ပါသွားခဲ့ပါတယ်။
“တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မိန်းမနဲ့ သူတို့အဖွဲ့ထဲက အမျိုးသမီးကြီးက အမျိုးတွေဖြစ်နေတယ်။ နေ့ခင်းဘက်မှာ ရုတ်တရက် အိမ်ကို ရောက်လာကြတာပါ”လို့ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်မှာ နေထိုင်တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန် ရက် အဖွဲ့ဝင် တဦးဖြစ်သူ ကိုပီတာအောင် က ဧရာဝတီကို ပြောပါတယ်။
ကိုပီတာအောင်က ကလစ်ဖ်ရစ်ချက်ကို ပန်းရဲ့လမ်း အဖွဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြရာမှာ စိတ်ဝင်တစား နားထောင်ခဲ့တယ် ဆိုတဲ့အကြောင်း၊ ပြီးတော့ ပန်းရဲ့လမ်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်တယ်ဆိုတဲ့ အကြောင်း ချီးကျူး ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။
ကလစ်ဖ်ရစ်ချက်က မြန်မာပြည်ကအပြန် ဗီယက်နမ် နိုင်ငံကို ဝင်မယ်လို့လည်း သိရပါတယ်။
ကလစ်ဖ်ရစ်ချက်ဟာ အင်္ဂလန်နိုင်ငံဖွား ပေါ့ပ် အဆိုတော်၊ သရုပ်ဆောင် တဦးဖြစ်တဲ့ အပြင် ပရဟိတ လုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်သူတဦးလည်း ဖြစ်ပါတယ်။
သူ့ကို ၁၉၅၀ ကျော်ကာလကတည်းက အဆိုတော်တဦးအဖြစ် အင်္ဂလန်နိုင်ငံမှာသာမက ကမ္ဘာကပါ လက်ခံအားပေးခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဆိုရင် ဘီတဲလ်စ်နဲ့ အဲလ်ဗစ် ပရက်စလေ ပြီးရင် အယ်လ်ဘမ် အရောင်းရဆုံးသူ တဦးလို့ ဆိုနိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကလစ်ဖ်ရစ်ချက်ဟာ အင်္ဂလန်နိုင်ငံမှာလောက် လူကြိုက်မများပေမယ့် သူ့ရဲ့ Devil Woman နဲ့ We Don’t Talk Anymore အယ်လ်ဘမ်တွေကတော့ အမေရိကန် ရဲ့ အရောင်းရဆုံး အယ်လ်ဘမ် ၄၀ စာရင်းဝင်ခဲ့ပြီး သန်းနဲ့ချီ ရောင်းရခဲ့တယ်လို့ သိရပါတယ်။