မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဖြစ်နေသည့် ပြဿနာများအတွက် ပွင့်လင်းမြင်သာမှုရှိသော “သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း” (EIA) ဖြင့်သာ ဒေသခံပြည်သူများနှင့် ရင်ကြားစေ့ရေး လုပ်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့သို့ တင်ပြထားကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်၌ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပသည့် မုံရွာကြေးနီ သတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်ပြီး ကဏ္ဍစုံ ပါဝင်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန ဒု ညွှန်ကြားရေးမှူး ဦးကြည်လွင်ဦးက “ကုမ္ပဏီတွေ ဘယ်လောက်ကောင်းအောင် ISO တွေရပြီး လုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ပြည်သူ လူထုတွေနဲ့ ကြားထဲက ရင်ကြားစေ့ပေးမယ့်ဟာက အဲ့ဒီ ကွာလတီ မဟုတ်ပါဘူး။ တကယ်တမ်း ရင်ကြားစေ့ပေးရမယ့်ဟာက EIA ပါ” ဟု ပြောဆိုခဲ့သည်။
စီမံကိန်းမှထွက်သည့် စွန့်ပစ်၊ ရေ၊ အမှုန့်၊ အက်စစ်များကို နိုင်ငံတကာအဆင့်မီ စစ်ဆေးထားသည် ဆိုသော်လည်း အများပြည်သူ သိရှိရန် တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။
လုပ်သက်အနှစ် ၂၀ ရှိပြီး ယင်းကြေးနီမိုင်းတွင် လုပ်ကိုင်သူ မိုင်းချုပ် ဦးသိန်းထွန်းက “EIA တရားဝင်ထုတ်ပြန်တာ မရှိခဲ့ဘူး။ ကုမ္ပဏီက အရင်တုန်းက အစိုးရနဲ့ တွဲလုပ်ခဲ့တာ၊ ဒါတွေက အစိုးရက တာဝန်ယူရမယ့် အနေအထားတွေရှိတယ်။ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အမြဲတမ်းထုတ်ပြန် သတင်းပို့တာတွေ ရှိတယ်” ဟု ပြောသည်။
ကြေးနီစီမံကိန်း မိုင်းအဟောင်းနှင့် မိုင်းအသစ်တို့၏ စွန့်ပစ်ပစ္စည်း စုပုံမှု၊ ဦးပိုင် ကုမ္ပဏီ၏ ဆာလဖြူရစ် အက်စစ် စက်ရုံတို့ကြောင့် ဒေသတွင် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ဒေသခံ ရွာသူရွာသားများက အဓိက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း မုံရွာပွင့်လင်း လူ့အဖွဲ့အစည်းမှ တာဝန်ခံတဦးက ဆိုသည်။
“အရင် မိုင်းအဟောင်းက တနေ့ကို တန် ၁၀၀ ထုတ်တယ်။ အခု မိုင်းသစ်က တနေ့ကို တန် ၇၀၀ ထိ ထုတ်မှာဆိုတော့ စွန့်ပစ် ဧရိယာက အင်မတန်များလာမှာ” ဟု သူက ဆက်ပြောသည်။
ကြေးစီမံကိန်းနှင့် ပတ်သက်၍ ဆက်တိုက် တင်းမာနေသည့်အတွက် တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး၊ တိုင်းဒေသကြီး လယ်/ဆည် ဝန်ကြီး၊ ဆရာဝန်တဦး၊ ဦးပိုင်ကုမ္ပဏီမှ ဦးမြင့်အောင် အပါအဝင် တာဝန်ရှိသူများက စီမံကိန်း ရပ်တန်းရေး လှုပ်ရှားသည့် ဒေသခံများ၊ ဒေသခံရွာ ပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ၊ သံဃာတော်များကို တွေ့ဆုံဆွေးနွေးရန် အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့သည်။
ဒေသခံများဘက်က လက်ရှိ ကျေးရွာ ပတ်ဝန်းကျင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှု ရုပ်သိမ်းရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ကျန်းမာရေး ဘေးသင့်သည့် သောက်သုံးရေ ပြဿနာများတင်ပြကာ ဒေသခံ ပြည်သူများ၏ ဆန္ဒကို လေ့လာပြီး ပြည်ထောင်စု အစိုးရအနေဖြင့် စီမံကိန်း ရပ်တန့်ရေး စဉ်းစားရေး၊ မတရားသိမ်း ပိုက်ခံထားခဲ့ရသည့် ဘိုးဘွားပိုင် လယ်ယာမြေများ ကိစ္စ ပြေလည်ရန် ညှိနှိုင်းဆွေးနွေးရေး စသည်တို့ တင်ပြခဲ့သည်ဟု သိရသည်။
သို့သော် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများနှင့် ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူများက စီမံကိန်းကို ပြည်ထောင်စု အစိုးရမှ ရပ်တန့်ခိုင်းမှသာ ရပ်ဆိုင်းနိုင်ပြီး လက်ရှိ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု မရှိ၍ စီမံကိန်းကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဒေသခံ ရဟန်းတော် ဦးနန္ဒစာရက ဧရာဝတီသို့ မိန့်ကြားသည်။
“ဆွေးနွေးမှုက မပြေလည်ခဲ့ဘူး။ ဟိုဘက်ကလည်း စီမံကိန်း ဆက်လုပ်မယ်ပြောတယ်။ ရွာသားတွေကလည်း သောက်ရေကအစ ထိခိုက်နေတာတွေပြောတော့ အဆင်မပြေဘူး” ဟု ဦးနန္ဒစာရက မိန့်သည်။
ဦးပိုင်လီမိတက်မှ ဌာနကြီးမှူး ဦးဝင်းကြည်က တိုင်းဒေသကြီး အစိုးရအနေဖြင့် စီမံကိန်းကြောင့် နစ်နာသည်ဟု ယူဆချက်များအပေါ် အလေးအနက်ထား စီမံခန့်ခွဲနေကြောင်း၊ တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ လုပ်ဆောင်နေကြောင်း ပြောသည်။
သဘာဝပေါက်ပင်နှင့် တောရိုင်းတိရစ္ဆာန်များ စစ်တမ်းကောက်ယူရေး အဖွဲ့ဖြစ်သည့် Environment Myanmar Cooperative ကုမ္ပဏီမှ ဒေါက်တာ ဝင်းမောင်က “ဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင် ကြေးနီစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ အင်တာနေရှင်နယ် ကုမ္ပဏီကြီးအနေနဲ့ လုပ်ပုံလုပ်နည်း EIA, SIA (လူမှုဝန်းကျင် ထိခိုက်မှု စစ်တမ်း) စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ လိုက်နာပြီးတော့ စံပယ်တောင်၊ ကြေးစင်တောင်မှာ လုပ်ခဲ့တဲ့ စံအတိုင်းလုပ်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ဒေသခံရွာသူ ရွာသားများနှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရတို့အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ကြေးနီစီမံကိန်း ရပ်တန့်သည်အထိ ဒေသခံ ရွာသူရွာသားများက ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။