ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ပဋိအက္ခတွေ တည်ငြိမ်စ ပြုလာပြီဖြစ်ပေမယ့် ဒေသတွင်း ရေရှည် တည်ငြိမ်ရေးနဲ့ပြန်လည် နေရာ ချထားရေး ကိစ္စအတွက် အစိုးရမှာ တိကျတဲ့ အစီအစဉ် မရှိသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဟာ သာမန်ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ဘဲ အမျိုးသား လုံခြုံရေး၊ နယ်မြေဒေသ ပြဿနာ၊ ရာဇဝတ်မှုတွေ ဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးနဲ့ ဒေသတွင်း လုံး၀ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ အတွက် ပြည်နယ်အစိုးရ ရော ဗဟိုအစိုးရ ပါ နည်းလမ်းတွေ ရှာဖွေနေကြဆဲပါ။
“လတ်တလော တည်ငြိမ်ဖို့နဲ့ နှစ်ဘက် ဒုက္ခသည်တွေ စားဖို့၊ နေဖို့ကိစ္စပဲ ကျနော်တို့ လုပ်နိုင်ပါသေးတယ်၊ ရေရှည်အတူ ယှဉ် တွဲ နေထိုင်သွားဖို့ ကိစ္စ၊ ဘယ်လိုနေရာ ပြန်ချထားပေးမယ်ဆိုတာ လောလောဆယ်မှာ အစီအစဉ်မရှိသေးပါဘူး”လို့ ရခိုင်ပြည် နယ် အစိုးရ အဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ဧရာဝတီ ကို ပြောတယ်။
နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကမူ ရခိုင်ဒေသတွင်း တည်ငြိမ်ရေးနဲ့နယ်မြေလုံခြုံရေး ကို ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဒု ဗိုလ်ချုပ်ကြီး လှမင်းနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး တို့ ကိုယ်တိုင် ကွင်းဆင်း လုပ်ဆောင်နေ တယ် လို့ ပြောဆိုပါတယ်။
ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အတွက်တော့ နိုင်ငံတကာ အကူအညီတွေကို လက်ခံပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ် လို့ ဆက်ပြောပေမယ့် ဘယ်လိုနေရာ ချထားပေးမယ်ဆိုတာတော့ သူက ပြောဆိုခြင်း မရှိပါဘူုး။
ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို လက်ခံသွားမယ်လို့ အာ ဏာပိုင် အဖွဲ့တွေက ပြောပါတယ်။ ဒါပေမယ့် ရခိုင်ဒေသတွင်း ပဋိပက္ခဟာ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တဲ့အတွက် ပဋိပက္ခ ဖြေ ရှင်းရာမှာ အာဆီယံ အပါအဝင် နိုင်ငံတကာ အကူအညီ မလိုအပ်ဘူးလို့လည်း အာဏာပိုင် အဖွဲ့တွေ က ဆိုပြန်ပါသေးတယ်။
ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် တို့အကြား ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ခဏ တည်ငြိမ် သွားရာ ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ တကျော့ပြန်ကြီးထွားလာပြီး အပြန်အလှန် မီးရှှို့မှု၊ တိုက်ခိုက်မှုတွေကြောင့် ရခိုင် ဒေ သ တခုလုံးနီးပါး မီးလောင်ပြာကျတဲ့ အထိဖြစ်သွားပါတယ်။ ဒါ့ အပြင် အတူယှဉ်တွဲ နေထိုင်ဖို့ ခက်ခဲတဲ့ အနေအထားကိုလည်း ရောက်သွားတော့တယ်။
တဘက်နဲ့တဘက် ယုံကြည်မှု လုံးဝကင်းမဲ့သွားကာ ဒေသခံ ရခိုင် တိုင်းရင်းသားတွေကလည်းပဲ မွတ်စလင်တွေနဲ့ အတူ မနေ ထိုင်လိုတော့ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ရှိလာပါတယ်။ မွတ်စလင်တွေ ရော ရခိုင်တိုင်းရင်းသား တွေကပါ မိမိတို့လူမျိုး နည်းပါးတဲ့ နေရာတွေမှာ နှစ်ဘက်အကြား ရေတို၊ ရေရှည် အတွက် လုံခြုံရေး အင်အားတိုးချပေးဖို့ ၊ အာဏာပိုင်တွေဆီကို တောင်းဆို နေကြတယ်။
အစိုးရအဖွဲ့၊ နိုင်ငံရေး အသိုင်းအဝိုင်းတွေ၊ သံတမန်အဖွဲ့တွေ အပါအဝင် ဘာသာရေး ၊ လူမှုရေး အဖွဲ့တွေ က အတူ ယှဉ်တွဲနေ ထိုင်ရေး ကိစ္စကိုပဲ ဇောင်းပေး ပြောဆိုနေကြတာ တွေ့ရတယ်။ တကယ်တော့ ဘာသာမတူ၊ လူမျိုး မတူ၊ နေထိုင်မှု ပုံစံ မတူတဲ့ လူမျိုးနှစ်ခုကို ပဋိပက္ခဖြစ်နေချိန်၊ ယုံကြည်မှု ကင်းမဲ့နေတဲ့ အချိန်မှာ အတူယှဉ်တွဲ နေထိုင်ဖို့ တွန်းအားပေးခြင်းဟာ ပဋိပက္ခ ထပ်မံ ဖြစ်ပွားရေးကို ဦးတည်ပေးသလို ဖြစ်တယ်လို့ ဒေသခံတွေ က ပြောကြတယ်။
အစ္စလမ် သာသနာရေး ကောင်စီအဖွဲ့ချုပ် ရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေ ကတော့ အပြန်အလှန် ယုံကြည်မှု ကင်းမဲ့ နေကြတဲ့ အ တွက် လက်ရှိမှာ သီးသန့်စီ ခွဲထားတာ သဘာ၀ ကျကြောင်း၊ အပြန်အလှန် ယုံကြည်မှု ရလာရေး အတွက်ကိုလည်း အစိုးရ အနေနဲ့ ဆောင်ရွက်ပေးပြီး မွတ်စလင်တွေကို မူလနေထိုင်တဲ့ နေရာမှာပဲ ပြန်လည်နေရာ ချထားပေးသင့်တယ် လို့ ပြော ပါတယ်။
နှစ်ဘက်အကြား အတိုင်းအတာတခုအထိ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပေးပြီးမှသာ အတူယှဉ်တွဲနေထိုင်ရေး ကိစ္စ၊ ဒုက္ခသည် အားလုံးအတွက် ရေရှည် ရပ်တည်နိုင်ဖို့ စီးပွားရေး၊ အလုပ်အကိုင်၊ ပညာရေး စတာတွေကို ကနဦး ဖန်တီး ပေးဖို့ လိုအပ်မှာပါ။ စားဝတ်နေရေး ကြပ်တည်းမှုတွေ ဆက်လက်မြင့်မားနေရင်တော့ ဆူပူမှုတွေ ထပ်မံ ဖြစ်လာနိုင်ပါသေးတယ်။
အလားတူ ဒုက္ခသည် စခန်းတွေကို လုံခြုံရေး တာဝန်ယူပေးထားတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကိုလည်းပဲ ဥပဒေ နဲ့ အညီ တာဝန်ယူပေးနိုင်ဖို့၊ အဂတိ လိုက်စားမှုမရှိဖို့အတွက် ရိက္ခာ အပြည့်အ၀ ထောက်ပံ့ပေးမှုဟာလည်း အရေးကြီး ပါတယ်။ စစ်တွေ ဒေသခံတွေ အဆိုအရ လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ဟာ ရိက္ခာ မလုံလောက်တဲ့ အတွက် လုပ်ပိုင်ခွင့် အာဏာ အလွဲသုံး စား လုပ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်မှု ရှိတယ်လို့ သိရပါတယ်။
တဘက်နဲ့တဘက် တင်းမာနေတဲ့အချိန်မှာ ရခိုင်တိုင်းရင်းသားတွေ ရောင်းချနေတဲ့ ဈေးအတွင်း မွတ်စလင်တချို့ကို လုံခြုံရေး တွေ အပြည့်နဲ့ ခေါ်ဆောင်လာပြီး ဈေးဝယ်ခိုင်းတဲ့ အတွက် တဘက်နဲ့တဘက် ပဋိပက္ခ တချို့ ဖြစ်မှုတွေရှိခဲ့ပါတယ်။ မွတ်စ လင် အများစု နေတဲ့ စစ်တွေမြို့က ရပ်ကွက်မှာ ဈေးသီးသန့် တည်ဆောက်ပေးထားတတယ် လို့ သိရတယ်။
တကျော့ပြန် ဖြစ်ပွားတဲ့ ရခိုင်ပဋိပက္ခတွေကြောင့် အောက်တိုဘာလ ၂၁ ရက်မှ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သွားတဲ့ နေအိမ် ၅၃၅၁ အိမ်နှင့် လူဦးရေ ၃၂၂၃၁ ဦး အိုးအိမ်မဲ့သွားကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် အစိုးရ သတင်းစာတွေ က ရေးသား ဖော်ပြခဲ့တယ်။
မွတ်စလင်အများစုဟာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ ဒေသတဝိုက်မှာပဲ စုပြုံနေတဲ့အတွက် လူဦးရေ အချိုးအစား မညီ မျှတဲ့ အပေါ်မှာ ရခိုင်တိုင်းရင်းသားတွေက စိုးရိမ်မှု ကြီးနေကြသလို မွတ်စလင် လူနည်းစု ရှိတဲ့နေရာမှာလည်းပဲ မွတ်စလင်တွေ က စိုးရိမ်မှုတွေ ရှိနေပါတယ်။ အဲဒီအတွက် နှစ်ဘက် စလုံးရဲ့ စိုးရိမ်မှုကို လျော့ကျစေဖို့ ပြန်လည်နေချရေး ကိစ္စတွေဟာ လူအ များ ထင်သလို အလွယ်တကူ အောင်မြင်မှု မရနိုင်သေးပါဘူး။
ရခိုင်ဒေသ ပဋိပက္ခဟာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ နယ်မြေပိုင်ဆိုင်လိုမှုက စတဲ့ပြဿနာလို့ ရခိုင်ဒေသခံတွေ ကဆိုပါတယ်။ ရခိုင်ဒေသမှာ အစ္စလမ် ဘာသာအပြင် ခရစ်ယန်၊ ဟိန္ဒိူ ဘာသာတွေ ရှိပေမယ့် ဘာသာရေး ပြဿနာဖြစ်မှု မရှိဘူး လို့လည်း ဒေသခံတွေက ဆိုကြတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ မီဒီယာတွေ၊ အင်တာနက် လူမှုကွန်ရက်တွေနဲ့ အဖွဲ့အစည်းတချို့ကတော့ ဘာသာရေး၊ လူမျိုးရေး ပြဿနာ ဖြစ်တယ်လို့ ပြောကြတယ်။
မောင်တော၊ ဘူးသီးတောင် ဒေသတွေမှာ မွတ်စလင်တွေများတဲ့အတွက် အဲဒီဒေသတွေကို သူတို့လူမျိုးတွေက ပိုင်ဆိုင်သင့် တယ်လို့ ပြောနေကြတဲ့အပေါ်မှာ ရခိုင်တိုင်းရင်းသားတွေက စိုးရိမ်မှုတွေ ရှိနေတယ်။ မွတ်စလင် တဦးဖြစ်တဲ့ ဦးဝဏ္ဏရွှေ က တော့ နိုင်ငံရဲ့ မြေကို ကျူးကျော်လာတာ၊ ပိုင်ဆိုင်ဖို့ ကြိုးစားတာကို မလိုလားဘူးလို့ ဆိုပါတယ်။
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တချို့ကတော့ ရခိုင်ဒေသတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့နယ်မြေကျူးကျော်ရေး ကိစ္စတွေ ကာကွယ်ရေး ကိစ္စဟာ နိုင်ငံရဲ့ အချုပ်အချာ အာဏာနဲ့သက်ဆိုင်တဲ့အတွက် လုပ်ပိုင်ခွင့် အာဏာရှိတဲ့ အစိုးရအဖွဲ့၊ တပ်မ တော်တို့ အပေါ်မှာ မူတည်လို့ ဆိုကြပါတယ်။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ရခိုင်ပဋိပက္ခဟာ အမျိုးသား လုံခြုံရေးနဲ့လည်း ပတ်သက်နေတဲ့အတွက် နယ်မြေ လုံခြုံရေး၊ နယ်စပ်ဒေသ လုံခြုံရေးအတွက် တပ်မတော် ရေတပ်က မြစ်ကြောင်း တလျှောက်တာဝန်ယူ ကင်းလှည့်နေသလို နယ်စပ် ဒေသ လုံခြုံရေးနှင့်ကွပ်ကဲရေး(နစက) တပ်တွေကလည်း နယ်စပ်ဒေသတွေမှာ လုံခြုံရေး တိုးချထားတယ်လို့ ပြော တယ်။
နှစ်ဘက် ဒုက္ခသည်တွေအနက် ရခိုင်တိုင်းရင်းသားတွေက ဘုန်းကြီးကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေမှာ ခိုလှှုံနေ ကြပြီး မွတ်စလင် ဒုက္ခသည်တွေကိုတော့ စစ်တွေ၊ မောင်တော၊ ပေါက်တောဒေသတွေက ဒုက္ခသည် စခန်းတွေမှာ ယာယီ နေ ရာ ချထားပေးတယ်လို့ ဆိုပါတယ်။
မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူ၊ မင်းပြား စတဲ့ဒေသတွေမှာလည်း ဒုက္ခသည် စခန်းတွေမှာပါ နေရာချထားပေးတယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် ဒုက္ခသည် ဦးရေများတဲ့ နေရာတွေမှာ စားဝတ်နေရေး၊ နေထိုင်မှုတွေ အခက်အခဲရှိတယ် လို့လည်း သိရတယ်။
လတ်တလောမှာတော့ ဒေသတွင်း တည်ငြိမ်ရေးအတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ထိန်းသိမ်းထားနိုင်ပေမယ့် အပြန်အလှန် ယုံကြည်မှု ကင်းမဲ့နေတဲ့ လူမျိုးနှစ်ခုကို အတူယှဉ်တွဲ နေထိုင်ကြဖို့ ပြန်လည်နေရာ ချထားပေးရေး ကိစ္စကတော့ အလှမ်းဝေးနေ ဦးမှာပါ။