ဧရာဝတီ သတင်းဌာန၏ “ရခိုင်အရေး အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းသည်” ဟူသည့် အယ်ဒီတာ့ အာဘော်အား သမ္မတရုံး ညွှန်ကြားရေးမှူး တဦးဖြစ်သည့် ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် တုံ့ပြန် ရေးသား ဖော်ပြခဲ့ မှုသည် သမ္မတရုံး၏ သဘောထား မဟုတ်ဘဲ ကိုယ်ပိုင်သဘောထားမျှဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
မှူးဇော် အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဦးဇော်ဌေးက “မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်” ဟူသော ခေါင်းစဉ်ပါ စာပိုဒ်ကို ယမန်နေ့ နိုဝင်ဘာ ၁ ရက်၌ ဖော်ပြရေးသားခဲ့သည်။
ယင်းသို့ ရေးသားချက်နှင့် ပတ်သက်၍ ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာ ရဲနည်က ” ဒီစာဖတ်ပြီး ကျနော်တို့မှာ မေးခွန်းတွေ မေးစရာရှိလာပါတယ်။ တစ်အချက် ဒီစာကို ရေးသားသူဟာ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိဖြစ်တာမို့ သူ့သဘောထားဟာ သမ္မတရုံးရဲ့ သဘောထားကို ထင်ဟပ်နေသလား။ နှစ် အချက် တကယ်လို့ ကိုယ်ပိုင်သဘောထားဆိုရင် နိုင်ငံကို ဦးစီးဦးဆောင်လုပ်နေတဲ့ သမ္မတရုံးဟာ ရုံးဝန်ထမ်းတွေကို ရုံးရဲ့သဘောထားမူဝါဒကို မထင်ဟပ်တဲ့ ပုဂ္ဂလိက ထင်မြင်ချက်တွေကို ရေးဖို့ အထိန်းအကွပ်မရှိ လွှတ်ပေးထားတဲ့ ရုံးတွင်းယဉ်ကျေးမှု ရှိသလား။ သုံးအချက် သမ္မတရုံးရဲ့ သဘောထားဆိုရင်တော့ ဒါဟာ သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်ဖို့ မတူကွဲပြားမှုတွေကို လက်ခံနားလည်တတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှု ပေါ်ပေါက်လာရေး ကြိုးပမ်းနေတယ်ဆိုတာနဲ့ ဆန့်ကျင်ရာ ကျသွားပါတယ်။ မီဒီယာလွတ်လပ်ခွင့်အတွက် အာမခံထားတာကိုလည်း သံသယဖြစ်စေပါတယ်” ဟု ပြောဆိုသည်။
ထို့ကြောင့် ရှင်းလင်းစွာ သိရှိရန် ဦးဇော်ဌေးသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ သမ္မတရုံး ညွှန်ကြားရေးမှူး တဦး အနေဖြင့် မဟုတ်ကြောင်း၊ ပုဂ္ဂလိက အနေဖြင့်သာ ရေးသားဖော်ပြခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ဖြေကြားသည်။
“ကျနော့် အမြင်တော့ ဒီဟာနဲ့ ပတ်သက်လို့ အစိုးရ ဒီလို အပြောခံလိုက်ရတယ်။ ဧရာဝတီက တွယ် လိုက်တယ်ပေါ့ ဗျာ၊ အစိုးရက အသုံးမကျဘူးလို့ ပြောလိုက်တာပဲ။ ပြောလိုက်တာပေါ်မှာ ကျနော်က ကျနော့်ဟာကျနော် Defend လုပ်တာ၊ ဒါသည် ဘယ်သူကမှ ခိုင်းလို့မဟုတ်ဘူး။ ကျနော့် ပုဂ္ဂလိက အနေနဲ့ပဲ” ဟု ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။
လက်ရှိအစိုးရကို ရခိုင်အရေးနှင့် ပတ်သက်၍ ပျော့သည်ဟု ပြောဆိုဝေဖန်ခံနေရချိန်တွင် ဧရာဝတီ သတင်း ဌာန၏ အယ်ဒီတာ့ အာဘော် ခေါင်းစဉ်သည် အစိုးရကို တိုက်ရိုက် ထိခိုက်မှု ရှိသည့် အတွက် ယခုကဲ့သို့ ရေးသားခဲ့ခြင်းဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။
ဧရာဝတီ အယ်ဒီတာ ရဲနည်ကမူ ဧရာဝတီ၏ သတင်းပေးပို့ချက်များ၊ ဝေဖန်သုံးသပ်ချက်များ၊ အယ်ဒီတာ့အာဘော်များမှာ စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ဖြစ်ပြီး တာဝန်ယူမှု အပြည့်အဝရှိကြောင်း ဆိုသည်။
ဦးဇော်ဌေးသည် သမ္မတရုံး ညွှန်ကြားရေးမှူးတဦးအဖြစ် အစိုးရ၏ သတင်းထုတ်ပြန်ချက်၊ သဘောထားများကို ကိုယ်ပိုင်ဖေ့စ်ဘုတ်တွင် တင်ပြရုံရေးသားလေ့ရှိသူဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် သူ၏ ရေးသားဖော်ပြချက်များကို သမ္မတရုံး၏ ပြောရေးဆိုခွင့်ရသူတဦးအနေဖြင့် လက်ခံရေးမှတ်ယူကြသည်။
ဦးဇော်ဌေး၏ မှူးဇော် (Hmuu Zaw) ဖေ့ဘွတ်အကောင့်သည် ဇွန်လအတွင်းက စတင်ဖြစ်ပွားလာခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခမှ စတင်ကာ ရိုဟင်ဂျာဆန့်ကျင်ရေး စာများရေးသားခြင်းဖြင့် လူကြိုက်များ ကျော်ကြားလာခဲ့သည်။ ယခုအခါ မိတ်ဆွေ ၅၀၀၀ ကျော်သွားသည့်အတွက် Hmuu Zaw Fan Page အဖြစ် ပြောင်းလဲသုံးစွဲခဲ့ပြီး ဖေ့စ်ဘုတ် မိတ်ဆွေ Subscribers ပေါင်း ၂၀၅၂၀ ထိရှိနေပြီသည်။
ဦးဇော်ဌေး၏ “ပုဂ္ဂလိက အမြင် တင်ပြခြင်းသာ ဖြစ်ပါသည်” ဟု ပြောဆိုရေးသားသော်လည်း သတင်းအချက်အလက်များ မှားယွင်းထုတ်ပြန်ခြင်းကြောင့် သမ္မတရုံး နာမည်ပျက်မည်ဖြစ်သည်။ ဥပမာ “ေနာင်တခေတ်၏ အောင်စစ်သည်” ခေါင်းစဉ်ဖြင့် “ရိုဟင်ဂျာ သွေး စည်း ညီညွတ်ရေးအဖွဲ့ဝင်များ အမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော် လာကြောင်း သိရှိရပါသည်။ ပြည်ပမှ ရိုဟင်ဂျာများ ဝင်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်းရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်” ဟု ရေးသားဖော်ပြခဲ့သော်လည်း ယနေ့ထိ ယင်းသတင်း ဟုတ်မှန်ကြောင်း သမ္မတရုံးနှင့် အစိုးရက အတည်ပြုထုတ်ဖော်ခြင်း မရှိနိုင်ပေ။
သို့ရာတွင် ဦးဇော်ဌေးက ဆက်လက်ရေးသားရာ “(အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေးပါတီများ၊ လွှွတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံ လုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရ အပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက် ရည်ညွှန်းပြောကြားခြင်းဖြစ်ပါသည်” ဟု ဖော်ပြသွားခဲ့သည်။
တချိန်က ရေးသားလှုံ့ဆော်ခဲ့သည့် ဖေ့စ်ဘုတ်စာသားများနှင့် ဓာတ်ပုံများကို ယခုအခါ ဖြုတ်ချလိုက်ပြီဖြစ် သည်။
ဦးဇော်ဌေး၏ ဧရာဝတီနှင့်ပတ်သက်၍ ဖေ့ဘွတ်ပေါ်တွင် ရေးသားဖော်ပြမှုသည် သတင်း လွတ်လပ်ခွင့်နှင့် စာနယ်ဇင်းသမားများ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်စေကြောင်း Committee to Protect Journalists၊ Reporters Without Borders၊ Southeast Asian Press Alliance စသည့် နိုင်ငံတကာရှိ မီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ သံတမာန်များနှင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများသို့ ဧရာဝတီက အကြောင်းကြား တင်ပြသွားမည်ဖြစ်သည်။