ဧရာဝတီတိုင်း ပုသိမ်မြို့တွင် တောင်သူ လယ်သမားနှင့် ရေလုပ်သားများ ညီလာခံ ကျင်းပခွင့်ပြုရန် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ယက် (HRWDN) က သက်ဆိုင်ရာသို့ တင်ပြတောင်းခံမှုကို မြို့နယ်အုပ်ချုပ်ရေးဌာနက ပယ်ချလိုက်သည်။
တောင်သူ လယ်သမားနှင့် ရေလုပ်သားများ၏ တရားမျှတသော ရပိုင်ခွင့် နှီးနှောဖလှယ်ပွဲ အမည်ဖြင့် ပုသိမ်မြို့ မြောင်းမြ ဘုန်းကြီးကျောင်းတွင် ကျင်းပခွင့်ပြုရန် HRWDN က ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် လျှောက်ထားခဲ့ရာ သာသနာ့မြေဖြစ်သဖြင့် ခွင့်မပြုနိုင်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးက ယခုလ ၂ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။
လက်ရှိတွင် ဧရာဝတီတိုင်း အနှံ့အပြား၌ လယ်သမား၊ ရေလုပ်သားနှင့် အင်းသားကြီးတို့ကြား အကျိုးစီးပွားပဋိပက္ခ အမြောက်အမြား ပေါ်ပေါက်နေသည့်အတွက် ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် ညီလာခံကျင်းပရန် ကြိုးစားခြင်းဖြစ်ကြောင်း လယ်သမားနှင့် ရေလုပ်သားအရေး ကူညီပေးနေသည့် HRWDN မှ ကိုမြင့်နိုင်က ပြောသည်။
“အင်းသမားကလည်း ရေရှိမှ ငါးမွေးလို့ရမယ်။ လယ်သမားကလည်း ရေကျမှ စိုက်လို့ရမယ်။ အင်းသမားက ရေပိတ်လို့ ရေမကျတော့ လယ်သမားက ဘယ်လိုမှ စပါးစိုက်လို့ မရတော့ဘူး။ ဧရာဝတီတိုင်းမှာ အဲဒီလို ပြဿနာတွေ အမျိုးမျိုး တွေ့ကြုံနေရတယ်” ဟု သူက ပြောသည်။
ကျောင်းကုန်း၊ ပန်းတနော်၊ ရေကြည်၊ ကျုံပျော်၊ မအူပင်၊ ဝါးခယ်မမြို့နယ်များရှိ အင်းပေါင်း ၁၅ ခုကျော်၌ လယ်သမားနှင့် အင်းသားကြီး အငြင်းပွားမှုများ ဖြစ်ပွားနေသည်ဟု HRWDN က ပြောသည်။
“ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရင် အဆင်ပြေမလဲ နှီးနှောဖလှယ်ကြမယ်။ ရလာတဲ့ ရလဒ်တွေကို အစိုးရနဲ့ လွှတ်တော်ကို တင်သွင်းမယ်။ နှီးနှောဖလှယ်ပွဲ လုပ်ခြင်းအားဖြင့် အာဏာပိုင်တွေလည်း အောက်ခြေမှာ ဘာတွေဖြစ်နေလဲ ဆိုတာ တိတိကျကျ သိသွားမယ်။ သိခဲ့ရင် ဘယ်လို ညှိနှိုင်းဖြေရှင်းရင် ရမယ်ဆိုတဲ့ အဖြေတခုခုတော့ ရဖို့မျှော်လင့်ထားတယ်” ဟု ကိုမြင့်နိုင်က ဆိုသည်။
HRWDN အနေဖြင့် ညီလာခံကျင်းပခွင့်ရရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကိုမြင့်နိုင်က ပြောသည်။
ဧရာဝတီတိုင်းတွင် ရေချိုငါးလုပ်ငန်း ဥပဒေကို အတည်ပြု ပြဌာန်းထားပြီး ဖြစ်သော်လည်း အောက်ခြေအဆင့် ဌာနဆိုင်ရာများတွင် ကျင့်သုံးမှု အားနည်းနေသည့် အတွက် လယ်သမားနှင့် ရေလုပ်သားများထံမှ တိုင်စာများ နေ့စဉ်နှင့်အမျှ ရောက်ရှိနေသည်ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌက ထုတ်ဖော် ပြောဆိုထားသည်။