မန္တလေးမြို့၏ အထင်ကရ အဖြစ် နှစ်ပေါင်း ၁၅၀ ကျော် ရပ်တည်လုပ်ကိုင်နေခဲ့သည့် ဘုရားကြီး ကျောက်ဆစ်တန်းကို နိုဝင်ဘာလ ပထမပတ်အတွင်း အပြီး ပြောင်းရွှေ့ကြရတော့မည် ဖြစ်ကြောင်း သိရသည်။
ပြောင်းရွှေ့ရမည့် နေရာကို အစားထိုး ပြန်လည် ပေးအပ်ခြင်းမရှိဘဲ ၎င်းတို့အစီစဉ်ဖြင့်သာ ပြောင်းရွှေ့သွားကြရမည် ဖြစ်ကြောင်း မန္တလေးစည်ပင်သာယာမှ သန့်ရှင်းရေးဌာနမှူးက ပြောသည်။
“ကျနော်တို့အနေနဲ့ နေရာအစားထိုးပြန်ပေးဖို့ ဆိုတာ ဌာနဆိုင်ရာ အဆင့်ဆင့်တင်ပြပြီး စဉ်းစားပေးသွားမှာပါ။ အခုထိတော့ ဘယ်နေရာဆိုတာ အတိကျ မသတ်မှတ်ရသေးပါဘူး” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
ပြောင်းရွှေ့ရသည့် အကြောင်းရင်းမှာ ယင်းနေရာများရှိ စကျင်ကျောက် လုပ်ငန်းခွင်မှ ထွက်ရှိသော အမှုန်များကို မြို့နေလူထု နေ့စဉ် ရှူရှိူက်နေရသဖြင့် တိုင်တန်းမှုကြောင့် ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပြောင်းရွှေ့ပြီးပါက ၈၄ လမ်းကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သူက ဆိုသည်။
ယင်းနေရာဝန်းကျင်တွင် နေထိုင်သော သူများက စကျင်ကျောက်လုပ်ငန်းခွင်မှ ထွက်ရှိသော အမှုန်များကို ရှူရှိူက်ကြရ သော်လည်း ရောဂါ တစုံတရာ ဖြစ်ပေါ်ခြင်း မရှိကြောင်း သိရသည်။
“ကျမတို့ နေ့တိုင်း အဲဒီအမှုန်တွေကို ရှူနေရတာပါဘဲ။ အဲဒီအမှုန်ကြောင့် ရောဂါဖြစ်တယ်လို့တော့ တခါမှ မဖြစ်ဖူးသေးဘူး။ ကိုယ်ကပဲ မသိတာလား၊ မဖြစ်တာလားတော့ မပြောတတ်ပါဘူး” ဟု ၈၄ လမ်းတွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။
သို့သော်လည်း ကျောက်ဆစ်တန်း အနီးရှိ ဘုန်းကြီးကျောင်းများမှ ရဟန်းသံဃာများက ယင်းအမှုန်များ၏ ဘေးဆိုးများကို ကြုံတွေ့နေရသဖြင့် ပြောင်းရွှေ့ပေးရန် စာတင်ထားသည်ဟု စည်ပင်သာယာမှ သန့်ရှင်းရေးဌာနမှူးက ဆိုသည်။
ကျောက်ဆစ်တန်းကို ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြောင်းရွှေ့စေခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ပြောင်းရွှေ့ရသည့်ဆိုင်ခန်း ၄၃ ခန်းရှိပြီး ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့ရသည့်အတွက် လုပ်ငန်းရှင် ၃၉ ခုမှ အိမ်ထောင်စု ၁၇၀၊ လုပ်ငန်းလုပ်သား ဦးရေ ၁၉၃ ဦးနှင့်် စုစုပေါင်း လူဦးရေ ၄၆၃ ဦးမှာ နေရာအခက်ခဲအပြင် အလုပ်လက်မဲ့ ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
“ဒီလုပ်ငန်းက ကျနော်တို့ မိဘဘိုးဘွား လက်ထက်ကတည်းက လုပ်လာတဲ့ လုပ်ငန်းပါ။ နှစ်ပေါင်းကို ရာနဲ့ချီပြီး ရှိနေပါပြီ။ ခုလုပ်ငန်းက ပြောင်းရွှေ့ရမယ်ဆိုတော့ ဘယ်သွားလို့ ဘယ်လာရမှန်းလည်းမသိဘူး။ နေရာလည်း အဆင်သင့်ရှိမနေဘူး။ ဝယ်လက်ကို ကုန်ကြမ်းထည် ပြဖို့ဆိုလည်း နေရာက ဝေးလွန်းသွားပြီ” ဟု မန္တလေးမြို့ဘုရားကြီး ကျောက်ဆစ်တန်းဆိုင်မှ လုပငန်းရှင် တဦးက ပြောသည်။
မန္တလေးမြို့တွင် အမရပူရခေတ်ကတည်း ကျောက်ဆစ်တန်းများ ရှိခဲ့ခြင်းဖြစ်သည်။ အမရပူရမှ ရတနာပုံသို့ ပြောင်းရွှေ့စဉ်ကပင် မင်းတုန်းမင်းကြီးကိုယ်တိုင် ဘုရားကြီးကျောက်ဆစ်တန်းဘက်ကို နေရာအပိုင်စားပေးခဲ့ဖူးကြောင်း သမိုင်းစာများက ဆိုသည်။ ကျောက်ဆစ်တန်းများတွင် စစ်ကိုင်းကျောက်ဆစ်တန်း၊ သမီးတော်ကျောက်ဆစ်တန်းနှင့် ဘုရားကြီးကျောက်ဆစ်တန်းတို့ ရှိရာ ဘုရားကြီး ကျောက်ဆစ်တန်းမှာ အစည်ကားဆုံးဖြစ်သလို မန္တလေး၏ သမိုင်း အမွေအနှစ်အဖြစ် ထင်ကျန်ရစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။
“မြို့ပြဆိုင်ရာ စည်ပင်ဖွံ့ဖြိုးမှု ဆိုတာနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါတွေဟာ ပဋိပက္ခတွေချည့်ပဲ။ မန္တလေးမြို့ကို အဲဒါမျိုးနဲ့ ကြည့်လို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ မန္တလေးက ယဉ်ကျေးမှုအမွေနှစ်တွေ ထွန်းကားတဲ့မြို့ ဖြစ်နေလို့ပါ။ တချိန်တုန်း ကလည်း မြို့ပြဆိုင်ရာတွေနဲ့ ကြည့်ခဲ့လို့ မန္တလေးဈေးချိုတော်ကြီး ပျောက်ဆုံးခဲ့ရပြီ။ အခုလည်း မန္တလေးကျောက်ဆစ်တန်းကြီး ပျောက်ဆုံးရပြန်ဦးတော့မယ်။ အဲဒီလို စည်ပင်သာယာဖွံ့ဖြိုးမှု တစ်ခုတည်းနဲ့ပဲ ကြည့်မယ်ဆိုရင် မန္တလေးရဲ့ အစဉ်အလာ ရိုးရာ ယဉ်ကျေးမှုတွေပါ ပျောက်ကုန်တော့မှာပါ” ဟု မန္တလေး မြို့ပြဖွံ့ဖြိုးမှုကဏ္ဍကို သိကျွမ်းနားလည်သည့် စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောသည်။
ဘုရားကြီး ကျောက်ဆစ်တန်းသည် မဟာမုနိဘုရားကြီး စတင် တည်ထားစဉ်အချိန် ကာလကတည်းက ဘုရားကြီးအား အမှီပြုပြီး လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း မဟာမုနိဘုရားကြီး ပြန်လည်မွမ်းမံပြီး ဘုရားကြီး ဆိုင်ခန်းများတွင် ကျောက်ဆစ်တန်းဆိုင်များကို သီးသန့်နေရာပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် မဟာမုနိ ဘုရားဖူးသူတို့သည် အိမ်အပြန်တွင် မိမိတို့အိမ်၊ ရွာဦးဘုန်းကြီးကျောင်း၊ ရွာဦးစေတီ အစရှိသည်တို့တွင် ကိုးကွယ်လှူဒါန်းရန်အတွက် ဆင်းတုတော်များ၊ ကျောက်စာကမ္ဗည်းများကို မှာယူကြ၊ ဝယ်ယူကြသည်။ ဘုရားကြီး ကျောက်ဆစ်တန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် အချိန်က စတင်ပြီး လုပ်ငန်းများ ပိုမို တွင်ကျယ်ခဲ့သည်။
မန္တလေး၏ ကျောက်ဆစ်ပန်းပု လက်ရာများနှင့် စကျင်ကျောက် ပေါများလွန်းသည့်အတွက် တရုတ်ပြည်မကြီးမှ အများဆုံး ဝယ်ယူလျှက် ရှိခြင်းကြောင့်လည်းကောင်း၊ ဘုရားပုထိုးစေတီ ကျောင်းကန်များနှင့် သာသနိက အဆောက်အုံများ ပိုမိုများပြားလာခြင်းကြောင့် လည်းကောင်း ကျောက်ဆစ်လုပ်ငန်းများ တွင်ကျယ်ခဲ့ခြင်းဖြစ်သည်။
“ဟိုးအရင်တုန်းက ဝါဆို ဝါခေါင်ဆိုရင် ကျနော်တို့ ရှိတာလေးတွေ ပေါင်နှံပြီး နေထိုင်ခဲ့ကြရတာပါ။ ဒီဘက်နောက်ပိုင်း ရောက်လာတဲ့ အချိန်မှာ တော်တော်လေး အလုပ်ဖြစ် လာပါတယ်။ ကျောက်ဆစ် လက်ရာတွေကို မှာတဲ့လူတွေ များလာတဲ့ အတွက် လုပ်ငန်းတွေ တော်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် အခု ကျောက်ဆစ်တန်း ပြောင်းရွှေ့ပြီးတဲ့ နောက်ပိုင်းမှာ ဝယ်လက်တွေကို ကုန်ကြမ်းပြစရာလည်း မရှိတော့ဘူး၊ နိုင်ငံခြားသား ဧည့်သည်တွေကို လေ့လာဖို့ ပြစရာ အနေထားလည်း မရှိတော့ပါဘူး” ဟု ဘုရားကြီး ကျောက်ဆစ်တန်း လောကနတ်ဆိုင်မှ ကိုအောင်အောင် ပြောသည်။
မန္တလေးမြို့သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသားများကို မန္တလေး ယဉ်ကျေးမှု အမွေအနှစ်များ လိုက်လံ ပြသရာတွင် ဘုရားကြီး ကျောက်ဆစ်တန်းလည်း တခု အပါအဝင်ဖြစ်သည်။ ယခုအခါတွင် ဘုရားကြီး ကျောက်ဆစ်တန်း မရှိတော့သည့် အတွက် ဧည့်လမ်းညွှန်များလည်း အခက်ကြုံတွေ့ နေရကြောင်း သိရသည်။
“အရင်တုန်းကတော့ ဘုရားကြီး ကျောက်ဆစ်တန်းကို နိုင်ငံခြားသားတွေ လိုက်ပြတယ်။ သူတို့က ဓာတ်ပုံရိုက်လို့ ကောင်းတယ် ဆိုပြီး ပြောကြတယ်။ စကျင် ကျောက်တုံးကြီးတွေကို လက်မှုပညာနဲ့ ထုလုပ်ကြတာကို သူတို့ တော်တော် အံ့သြကြတယ်။ အမျိုးသမီးတွေကလည်း တူတွေနဲ့ ထွင်းထုနေတာတွေကို သဘောကျကြတယ်။ အခုတော့ ဘုရားကြီး ကျောက်ဆစ်တန်းက ပျောက်ပြီ ဆိုတော့ ပန်းတမော့ လက်ရာတွေကို ဘယ်သွားပြရမှန်းတောင် မသိတော့ပါဘူး” ဟု ဧည့်လမ်းညွှန် ကိုကျော်လှမင်းက ဆိုသည်။
ထို့အပြင် စကျင်ကျောက်ဆစ် လက်ရာများကို ရောင်းချသူများ အနေဖြင့်လည်း ဈေးကွက်ပျက်သွားသကဲ့သို့ ဝယ်ယူသူများ အနေဖြင့်လည်း အခက် ကြုံတွေ့ရလျှက် ရှိကြောင်း၊ ဝယ်ယူသူများအနေဖြင့် ကျောက်ဆစ်ဆိုင်များ၏ ကုန်ကြမ်းထည်များကို မမြင်မတွေ့ရ တော့ဘဲ ပါးစပ်ပြောဖြင့်သာ လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း၊ ယင်းအတွက် လုပ်ငန်း တွင်ကျယ်မှု မရှိသည့် အခက်အခဲများ ဖြစ်လာကြောင်း သိရသည်။
“အရင်က ကျောက်ဆစ်တန်း ရောက်တယ်ဆိုရင် ဘုရားပုံတော် ကုန်ကြမ်းကို ကြည့်ပြီး ဘယ်ဟာ ကြိုက်တယ်၊ မကြိုက်ဘူး ဆိုပြီး ပြောဝယ်လို့ ရတယ်။ အခုဟာက နမူနာ ကြည့်စရာကို မရှိဘူးဖြစ်နေတာ။ အဲဒီလိုဆိုတော့ ဈေးကွက် မတွင်ကျယ် တော့ဘူး။ ကျနော်တို့ စိတ်အနေနဲ့ကတော့ ကျောက်ဆစ်တန်းကို မဖျက်သိမ်းစေချင်ဘူး။ တခြား ဒီထက်ကောင်းတဲ့ နည်းလမ်းကို စဉ်းစားစေချင်ပါတယ်။ တချို့ ဘုရားဖူးလာတဲ့ အဝေးဧည့်တွေဆို ဘုရားလည်းဖူးရင်း၊ ကျောက်ဆစ်ရုပ်ထုတွေ ဝယ်ရင်း အဆင်ပြေနေ ကြတာပါပဲ” ဟု ကျောက်ဆစ်တန်းတွင် ဘုရားဆင်းတုတော်များ လာရောက်ကြည့်ရှုသူ တဦးက ပြောသည်။
ဘုရားကြီး ကျောက်ဆစ်တန်းသည် မန္တလေးမြို့ မဟာမုနိဘုရားကြီး အနောက်ဘက်မုခ်တွင် တည်ရှိခြင်း၊ မန္တလေး -ရွှေဘို-မုံရွာ သွား ကားလမ်းမပေါ်တွင် တည်ရှိခြင်းတို့ကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် အထူးစည်ကားလျှက် ရှိသည်။
၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် ကျောက်ဆစ်ပန်းပု လက်ရာများကို တချို့နိုင်ငံခြားသားများ ကြိုက်နှစ်သက်လာပြီး နေရာတွင်ပင် ကြိုက်ဈေး ပေးဝယ်သောကြောင့် ကျောက်ဆစ်လုပ်ငန်းများ ပြန်လည်ဦးမော့ ခေါင်းထောင်ခဲ့ရကြောင်း သိရသည်။
ဘုရားကြီးကျောက်ဆစ်တန်းတွင် ဆိုင်ခန်းပေါင်း ၁၀၀ နီးပါး ရှိပြီး ကျောက်ဆစ်တန်း လုပ်ငန်းခွင်မှာ ၈၄ လမ်း သံထီးတန်းလမ်းမှ ဝေဿန္တရာ လမ်းထောင့်အထိ ရှိသည်။ ဆိုင်ခန်းများမှာ လုပ်ငန်းခွင်အတွက် ကျဉ်းမြောင်းသဖြင့် စည်ပင်သာယာ ပိုင်သည့် လမ်းမြေများပေါ် ကျူးကာ ကျောက်ဆစ် ပန်းပု ထုလုပ်လာကြသည်။ စည်ပင်သာယာက တရားဝင် ဖွင့်လှစ်ထားသော ဆိုင်ခန်း ၈၄ ခန်းကို ဆက်လက် ဖွင့်လှစ်ခွင့် ပေးခဲ့ပြီး ကျူးကျော်ဆိုင်ခန်း ၄၃ ခုကို ဖျက်သိမ်း ခိုင်းခြင်းဖြစ်သည်။
ဆိုင်ခန်းများကို အလျား ပေ ၄၀ နှင့် အနံ ပေ ၃၀ ရှိသည့် ဆိုင်ခန်းအကြီး ၁၇ ခု၊ အလျား ၁၇ ပေနှင့် အနံ ပေ ၃၀ ရှိ ဆိုင်ခန်း အသေး ၂၂ ခု တရားဝင် ဖွင့်လှစ်ခွင့် ပေးထားသော်လည်း ကျောက်ဆစ်လုပ်သားများ၏ လုပ်ငန်းခွင်အတွက် ရှိသင့်သည့် ဆိုင်ခန်း အကျယ်အဝန်းမှာ ပေ ၄၀ နှင့် ပေ ၆၀ ခန့်ရှိကြောင်း သိရသည်။
မန္တလေးသည် ခေတ်အဆက်ဆက် အနုပညာနှင့် ယဉ်ကျေးမှု ထွန်းကားခဲ့သည့်မြို့ ဖြစ်ခဲ့သော်လည်း မြို့ပြစနစ် ကျယ်ပြန့် လာသည်နှင့်အမျှ ယဉ်ကျေးမှု အနုပညာ အမွေအနှစ် လုပ်ငန်းခွင် များသည်လည်း ကွယ်ပျောက်လျှက် ရှိလာနေကြောင်း သိရသည်။