ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် ယခုလ မကုန်ခင် ထပ်မံတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တိုင်းရင်းသားများဘက်မှ တောင်းဆိုသည့် နေရာ၊ တောင်းဆိုသည့်အရာကို အဓိက ဦးစားပေးပြီး လုပ်ဆောင်သွားမည်ဟုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက နိုဝင်ဘာ ၃ ရက်တွင် ဒီမိုကရေစီ မဟာမိတ် ၁၁ ပါတီနှင့် ရန်ကုန်မြို့၌ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လုပ်တဲ့အခါမှာ ကျနော်တို့ရဲ့ ဆန္ဒတခုတည်းနဲ့ မလုပ်ပါဘူး။ သူတို့ တောင်းဆိုတဲ့ အပေါ်မှာပဲ လုပ်ပါတယ်။ နိုင်ငံရေးကိစ္စကိုပဲ အဓိက ဆွေးနွေးမှာပါ။ ကျနော်တို့ အနေနဲ့ကတော့ မြန်မာမြေပေါ်မှာဖြစ်တဲ့ မူဆယ်၊ ဗန်းမော်၊ မြစ်ကြီးနား တနေရာရာမှာ ဆွေးနွေးချင်တာပေါ့” ဟု ဦးအောင်မင်းက ဆိုသည်။
ပြည်သူများ ဒုက္ခရောက်နေပြီး နှစ်ဦးနှစ်ဘက် သေကြေမှုများ မဖြစ်စေချင်ကြောင်း၊ ထို့ကြောင့် တိုက်ပွဲအချိန် လျှော့ပေးရန်၊ တိုက်ပွဲကြောင့် ထွက်ပြေးနေသည့် ပြည်သူများ၊ IDP (ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်) များ ပြန်လာခွင့်ပြုပေးရန်၊ စစ်ဘေးရှောင် ဒုက္ခသည်များ ဘဝပုံမှန် ပြန်လည် ရပ်တည်နိုင်ရန် စီစဉ်ပေးထားကြောင်း၊ ပူတာအိုနယ်မြေတွင် နေထိုင်သူများအတွက် စားဝတ်နေရေး ပြေလည်စေရန်၊ တာပိန် ရေအားလျှပ်စစ် စီမံကိန်း ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်ခွင့်ပေးရန် မြန်မာအစိုးရဘက်က KIO ကို အကူအညီ တောင်းထားကြောင်း သိရသည်။
“ငြိမ်းချမ်းရေးဆိုတာ ဆက်ချင်း ဆောင်ရွက်လို့ မရပါဘူး။ တဖက်ရဲ့ဆွေးနွေးမှုပေါ်မှာ မူတည်ပါတယ်။ ကျနော့်အထင် ပြောရရင် ငြိမ်းချမ်းရေး ရဖို့ဆိုတာ နှစ်ဘက်စလုံးမှာရှိတဲ့ Key Player တွေရဲ့ Capacity, ရှုမြင်ချက်၊ ဘယ်လောက် ညှိနှိုင်းနိုင်လဲဆိုတာ အဖြေဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောကြားသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တဖွဲ့နှင့်တဖွဲ့ ယုံကြည်မှုရရှိအောင် တပ်မတော် တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံပြီး လုပ်ဆောင်သွားသင့်ကြောင်း၊ ငြိမ်းချမ်းရေး ကော်မတီများကလည်း ငြိမ်းချမ်းရေး မရ ရအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။
ဒီမိုကရေစီ မဟာမိတ် ၁၁ ပါတီ တွေ့ဆုံပွဲသို့ တက်ရောက်သည့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ကချင် စစ်ဘေးဒုက္ခသည်တွေ အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်တယ်။ နိုင်ငံတကာ အကူအညီဖြစ်ဖြစ်၊ နိုင်ငံတော် အစိုးရရဲ့ ဘဏ္ဍာငွေပဲဖြစ်ဖြစ် လုပ်ဆောင်ပေးဖို့၊ အမြန်ဆုံး နေရာတကျဖြစ်အောင် လုပ်ပေးဖို့က အရေးကြီးတယ်” ဟု ပြောသည်။
ပစ်ခတ်မှုများ ထပ်မံရှိနေမည်ဆိုပါက ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို တစုံတရာ အနှောင့်အယှက် ဖြစ်စေကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့်အတူ စစ်မှန်သည့် ပြည်ထောင်စု ဖြစ်စေရေး သဘောထားများ အစိုးရအဖွဲ့နှင့် လွှတ်တော်တွင်ပါ ရှိကြောင်း ထုတ်ပြန်မည်ဆိုပါက ငြိမ်းချမ်းရေးကို တွန်းအားဖြစ်မည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။
မြစ်ကြီးနားမြို့နယ် ဒူကထောင် စစ်ပြေးဒုက္ခသည်စခန်းမှ ဦးလထော် ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ဦးအောင်မင်းက “သူ့ကို ဥပဒေအရ အပြစ်ရှိရင် ဖမ်းမှာပဲ။ အပြစ်မရှိရင်တော့ မဖမ်းဘူးပေါ့။ ဒါကတော့ နောက် အေးချမ်းသွားတဲ့အခါ ဒီအမှုကို ကိုင်တွယ်ရင် အပြစ်မရှိရင်တော့ ပြန်လွှတ်မယ်။ နောက် သမ္မတကြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရပါတယ်။ ကျနော် ဘာမှ လုပ်လို့မရပါဘူး” ဟု နိုဝင်ဘာ ၃ရက်တွင် Peace Center ၌ ဧရာဝတီသတင်းဌာနသို့ ပြောခဲ့သည်။
ကချင်လက်နက်ကိုင်အဖွဲ့သည် အစိုးရသစ် လက်ထက်တွင် နောက်ဆုံး ကျန်ရှိသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။
ဦးအောင်မင်းနှင့် သုံးကြိမ်တိုင် အလွတ်သဘော တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့က ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် ပထမအကြိမ်တွေ့ဆုံပွဲတွင် KIA ဘက်မှ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် မတက်ရောက်သဖြင့် အစိုးရစစ်တပ်ဘက်မှ အဆင့်တူ ဆွေးနွေးမည့် ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း မတက်ရောက်ဘဲ ပြန်သွားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ် ဂွန်မော်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက ဆွေးနွေးမည့် အမည်စာရင်းကို ကြိုတင် မရခဲ့ကြောင်း၊ အခြေအနေအရ လိုအပ်ပါက သွားရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။