ပြည်တော်ပြန် သီးလေးသီး အဖွဲ့ဝင် တဦးဖြစ်တဲ့ လူရွှင်တော် ပန်းသီရဲ့ မွေးနေ့ အထိမ်းအမှတ် တကိုယ်တော် ဟာသ ဖျော်ဖြေပွဲနဲ့ ပဒေသာကပွဲကို နိုဝင်ဘာ ၅ ရက်နေ့က အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့ပြီး ဒီပွဲ ကပြနိုင်ဖို့အတွက် အခက်အခဲ များစွာ ကြုံတွေ့ရတယ်လို့ ဒီပွဲမှာ ပါဝင်ကပြခဲ့တဲ့ လူရွှင်တော် ကိုကြယ်သီးက ဧရာဝတီကို ပြောပါတယ်။
အမျိုးသား ဇာတ်ရုံမှာ ပွဲကပြခွင့် ပါမစ်ကို ပွဲကျင်းပမယ့်ရက် အရမ်းနီးကပ်မှ ချပေးတာ၊ နေရာ အလိုက် လက်မှတ်တွေ အဆင့်ဆင့် ထိုးပြီးမှ ပွဲကခွင့်ရတာ၊ ဒီပွဲမှာ ပါဝင်ကပြမယ့် ဌာနဆိုင်ရာ အနုပညာ ဝန်ထမ်း တွေကို ပါဝင်မကပြဖို့ တားမြစ်တာ စတဲ့ အခက်အခဲတွေလို့ သိရပါတယ်။
“တိုင်းပြည်မှာ အနုပညာကို လွတ်လွတ် လပ်လပ် ဖန်တီးခွင့် ရှိနေပြီလို့ ပြောတဲ့ အပေါ်မှာ မလွတ်လပ် သေးဘူးလို့ ပြန်ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခက်အခဲတွေက များတာကိုး။ ပါမစ် စယူကတည်းက ခက်ခဲတယ်။ သီးလေးသီး ဆိုတဲ့ အသံကြားတာနဲ့ နောက်က ပါဝင်ပြီး လုပ်ပေးချင်ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက အစ လန့်နေကြရတယ်လေ။ သူတို့ကို လုပ်ပေးလိုက်ရင် သူတို့ ဘဝတွေ နောက်မှာ ဘာတွေ ကသိကအောင့် ဖြစ်နိုင်လဲ ဆိုတာ အခု အချိန်အထိ လန့်နေရတုန်းလို့ မြင်ပါတယ်။ အခု ကျနော်တို့ နောက်မှာ ဘယ်သူမှ မပါဘူး။ ဌာနဆိုင်ရာနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေကိုလည်း တားထားတယ်။ သူတို့အဖွဲ့ကို သွားလုပ်ပေးရင် အရေးယူမယ် ဆိုတာမျိုး၊ မသွားရဘူး ဆိုတာမျိုးပါ။ ပြောချင်တာ ကတော့ လွတ်လွတ် လပ်လပ်နဲ့ တင်ပြခွင့် မရှိသေးဘူး ဆိုတာပါပဲ” လို့ ကိုကြယ်သီးက ဆိုပါတယ်။
ဒါ့အပြင် ဒီဖျော်ဖြေပွဲ ကျင်းပမယ်ဆိုတော့မှ အမျိုးသားဇာတ်ရုံကြီးရဲ့ ငှားခကို မူလဈေး ကျပ် ၁၂ သိန်းကနေ တိုးမြှင့်ပြီး ၃၅ သိန်းအထိ ပေးဆောင်ရမယ် ဆိုတဲ့ အသံတွေလည်း ထွက်နေပါသေးတယ်။
ဒီလို အခက်အခဲတွေနဲ့ တင်ဆက်မယ့် ပန်းသီး တကိုယ်တော် ဖျော်ဖြေပွဲကြီးမှာ ရာမယန ဇာတ်တော်ကြီးကို ထူးထူးခြားခြား ပြန်လည်ဆန်းသစ် တင်ဆက်သွားမယ်လို့ ဒီ ရာမယန ဇာတ်တော်ကြီးကို စီစဉ်သူ လူရွှင်တော် ကိုကြယ်သီးက ဧရာဝတီကို ပြောပါတယ်။
“အရင်တုန်းကဆိုရင် မြန်မာမှု အနုပညာကို တကယ့်ကို မြတ်နိုးတဲ့ သူတွေလောက်ပဲ ကြည့်ကြတာလေ။ ဒီ ရာမ ဇာတ်တော်ကြီးကို ၄၅ ရက် ကတဲ့အခါမှာ ပျင်းရိပြီးတော့ ဒါကို ရုံဝင်လက်မှတ်နဲ့ ပွဲသွင်းတယ် ဆိုရင်တောင် တခါမှ မြတ်တဲ့ပွဲ မရှိဘူး။ ရှုံးတယ်။ အနုပညာ ဆိုတာကြီးကို ပျင်းရိလာလို့လား မသိဘူး။ ဒါကို မြင်လာတယ်။ တိုင်းပြည်တခု ပြောင်းလဲနေပြီလို့ ပြောတဲ့ အသံတခုမှာ၊ အနုပညာကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီးခွင့်ရှိပြီလို့ ပြောလာတဲ့အပေါ်မှာ ကိုယ်တိုင် ကိုယ်ကျ ရိုးရိုးသားသာား ဖန်တီးထားတာလေးကို မူလ အနုပညာ၊ ယဉ်ကျေးမှုတွေ သွေဖီမသွားဘဲ ပြည်သူ့ဆီကို ရိုးရိုးသားသား ချပြချင်တာပါ” လို့ သူက ဆိုပါတယ်။
ဒီဇာတ်တော်ကြီးကို “သီတာချစ်တဲ့ မင်းဒဿ” လို့ နာမည် ပေးထားပြီး အရင်က စန္ဒာဦး ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင် ဦးသန်းကျော်ဦး (ခ) ဦးသန်းစိန်နဲ့ အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်က အငြိမ်းစား ကထိက ဦးရွှေကြည်တို့ စိတ်ကူးခဲ့တဲ့ ပုံရိပ်တွေကို အခု ပြန်လည် အသက်သွင်းတာ ဖြစ်တယ်လို့လည်း ကိုကြယ်သီးက ရှင်းပြပါတယ်။
မစပ်စုတို့ သိခဲ့ရတဲ့ ရာမယန ဇာတ်တော်ကြီးလို့ ဆိုလိုက်တာနဲ့ မင်းသားရာမနဲ့ မယ်သီတာတို့ရဲ့ သစ္စာ စောင့်သိလှတဲ့ ချစ်ခြင်း ဂုဏ်သတ္တိကို အဓိကထား ဖော်ကျူးထားတာ လူတိုင်းသိပြီးသား ဖြစ်ပေမယ့် “သီတာချစ်တဲ့ မင်းဒဿ” ဇာတ်တော်ကြီးမှာတော့ မယ်သီတာအပေါ် အလွန် ချစ်မြတ်နိုးလှတဲ့ ဒဿဂီရိ ဘီလူးကြီးရဲ့ ရင်တွင်း ခံစားချက် ဘယ်လိုရှိမလဲ ဆိုတာကို အဓိက ဇောင်းပေး တင်ဆက်သွားပြီး ဒဿဂီရိ နေရာမှာ ကိုကြယ်သီး ကိုယ်တိုင် ဝင်ရောက် ကပြတာ ဖြစ်ပါတယ်။
ဒီ ရာမဇာတ်တော်ကြီး တခုလုံးရဲ့ နောက်ခံတီးလုံးတွေကိုလည်း ဒရမ်၊ ဂစ်တာ စတဲ့ ခေတ်ပေါ်တီးလုံး ပုံသဏ္ဍန်တွေနဲ့ ထည့်သွင်း ဆန်းသစ်ထားပြီး ဒီဇာတ်တော်မှာ သုံးနှုန်းမယ့် စကား အသုံးအနှုန်းတွေကိုလည်း ကျစ်ကျစ်လစ်လစ်နဲ့ သုံးနှုန်းထားတယ်လို့ ကိုကြယ်သီးက ဆိုပါတယ်။
“စင်ပေါ်မှာ ကပြဖျော်ဖြေမယ့် သူရဲ့ အဓိပ္ပာယ်ကို ပျောက်ပျက်သွားစေမယ့် တီးလုံးမျိုး မဟုတ်ဘူး။ သူတို့နဲ့ ဆိုင်တဲ့၊ ပတ်သက်တဲ့ နောက်က ပံံ့ပိုး တီးလုံးပေါ့။ အဲဒါကို တီးသွားမှာပါ။ စကား အသုံးအနှုန်းကိုလည်း ပုံမှန် ပြည်သူပြည်သား နားထောင်လိုက်တာနဲ့ ချက်ချင်း နားလည်နိုင်မယ့် စကားလုံးမျိုးတွေ သုံးထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒီ “သီတာချစ်တဲ့ မင်းဒဿ” ဇာတ်တော်ကြီးကို အခန်း ၁၈ ခန်းဖြင့် တင်ဆက်ကပြရန် စီစဉ်ထားခဲ့ပေမယ့် အမျိုးသားဇာတ်ရုံကို ကပြချိန်နဲ့ နီးကပ်မှ အသုံးပြုခွင့်ရတဲ့အတွက် ဇာတ်တိုက်ချိန် နည်းပါးမှုကြောင့် အချို့အခန်းတွေကို ဖြုတ်ချပြီး ကပြခဲ့ရတယ်လို့ ကိုကြယ်သီး ဆိုပါတယ်။
နဂို မူလက ရာမ၊ လက္ခဏ၊ ဒဿဂီရိ စတဲ့ ဇာတ်ကောင်တွေဟာ မျက်နှာဖုံး အပိတ်တွေနဲ့ ဖျော်ဖြေခဲ့ကြတာ ဖြစ်ပြီး အခုအခါမှာတော့ ဒီဇာတ်ကောင်တွေရဲ့ မျက်နှာကို ဖွင့်ထား ဖော်ပြထားတဲ့ မျက်နှာဖွင့်တွေနဲ့ နဂိုမျက်နှာကို မြင်တွေ့ရမယ့် ပုံစံ ဖျော်ဖြေတာ ဖြစ်ပါတယ်။
ခေတ်နဲ့အညီ ပြန်လည်ဆန်းသစ်ထားတဲ့ “သီတာချစ်တဲ့ မင်းဒဿ” ဇာတ်တော်ကြီးနဲ့အတူ လွတ်လပ်စွာ ဖန်တီး တင်ဆက်ခွင့်တွေ ရကြပါစေလို့ မစပ်စု ဆန္ဒပြုရင်း …။