သတင်း

ကမ္ဘာ့ဘဏ် ဗျူဟာ ပွင့်လင်းမှုမရှိကြောင်း မြန်မာ လူထုအခြေပြု အဖွဲ့များ ဝေဖန်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံသို့ ချေးငွေနှင့် အကူအညီများပေးရန် ဆောင်ရွက်နေသည့် ကမ္ဘာ့ဘဏ်၏ မဟာဗျူဟာမှာ မြန်ဆန်လျှို့ဝှက်လွန်ပြီး
ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြည်တွင်း အခြေစိုက် မြန်မာလူထု အခြေပြု အဖွဲ့အစည်းများက ပြောဆိုဝေဖန် လိုက်ကြသည်။

ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းရှိ COMREG ရုံးခန်းတွင် ကျင်းပသော စိမ်းရောင်စို၊ စိမ်းလန်းပြင်ဦးလွင်၊ Community Management Center ၊ Dawe Development Association ၊ Generation Wave ၊ ပဒုမ္မာ၊ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည်၊ Peace Network ၊ အင်းစိန်လူငယ်များ အဖွဲ့ အစရှိသည့် လူထု အခြေပြု အဖွဲ့အစည်း ၂၃ ခု ပူးပေါင်း ကျင်းပ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ထင်သာမြင်သာရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ရှိလာပြီးနောက် ကမ္ဘာ့ဘဏ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ တရားဝင် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၄ လ အကြာတွင် အမေရိကန် ဒေါ်လာ သန်း ၈၀ တန် လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (Community Driven Development) နှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ၁၈ လ ကြားဖြတ် မဟာဗျူဟာ ထွက်ပေါ်လာကြောင်း၊ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာ ရေးဆွဲရာတွင် လူ့အခွင့်အရေး၊ ပဋိပက္ခ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ် လေ့လာချက်များကို ပြုလုပ်ကာ ပြည်သူများထံ ချပြ ရေးဆွဲရမည် ဖြစ်သော်လည်း အဆင့်ကျော် ပြုလုပ်ခဲ့ကြောင်း အဆိုပါ လူထု အခြေပြု အဖွဲ့အစည်းများက ဆိုကြသည်။

“ကျမတို့နဲ့ ကမ္ဘာ့ဘဏ် ဒါရိုက်တာအဖွဲ့ ဖေဖော်ဝါရီလမှာ တွေ့တုန်းက မြန်မာနိုင်ငံအတွက် အချိန်ယူ လေ့လာဦးမယ် ပြောတယ်။ ဧပြီမှာ ထပ်တွေ့တော့လည်း ဘာအစီအစဉ်မှ မရှိဘူးပဲ ပြောတယ်။ နောက်တော့ မြန်မာနိုင်ငံအတွက် ကြားဖြတ် မဟာဗျူဟာ ထွက်လာတယ်။ အရမ်းမေးမှ ပြောတယ်။ ဘာကြောင့်ဒီလောက် လျှိ့ဝှက် နေရတာလဲဆိုတာ မေးစရာ ရှိလာပါတယ်” ဟု ယင်းသတင်းစာ ရှင်းလင်းပွဲသို့ ဧည့်သည်တော်အဖြစ် ဖိတ်ကြားခံထားရသည့် ထိုင်းနိုင်ငံ အခြေစိုက် လူထု အခြေပြု အဖွဲ့တခုဖြစ်သော Burma Partnership အဖွဲ့မှ မခင်ဥမ္မာက ပြောသည်။

၁၈ လစာ ကြားဖြတ် မဟာဗျူဟာ ရေးဆွဲခြင်းနှင့် ပတ်သတ်ပြီး ကမ္ဘာ့ဘဏ်က ၎င်းတို့ချမှတ်ထားသည့် မူဝါဒများကိုပင် လိုက်နာမှု မရှိခဲ့ကြောင်း မြန်မာ့အရေး ဆောင်ရွက်နေသူ မခင်ဥမ္မာက ဆိုသည်။

ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံသို့ ၂၀၁၂ သြဂုတ်လတွင် ဝင်ရောက်ခဲ့ပြီး ၄ လအကြာတွင် ရပ်ရွာအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (CDD)၊ မြန်မာနိုင်ငံတွင် ၁၈ လအတွင်း ပြုလုပ်သွားမည့် ကြားဖြတ်မဟာဗျူဟာများကို ရေးဆွဲခဲ့သည်။

မြန်မာနိုင်ငံမှ အရပ်ဘက် လူ့အဖွဲ့အစည်းများက ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခန်သန် ရှန်ကာ (Kanthan Shankar) နှင့် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ဆုံစဉ်က မည်သည့်အစီအစဉ်မှ ပြုလုပ်ရန်မရှိသေးကြောင်း၊ စောင့်ကြည့်နေသေးကြောင်း ပြောဆိုခဲ့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့ကမူ CDD စီမံချက် ပြုလုပ်မည့် အကြောင်းကို ၎င်းတို့၏ ဝက်ဘ်ဆိုက် တွင် တင်ခဲ့ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ကို လူဦးရေ၏ ဝ. ၂ ရာခိုင်နှုန်းသာ အသုံးပြုနိုင်သေးကြောင်း၊ ကမ္ဘာ့ဘဏ်သည် ၎င်းပြုလုပ်မည့်
စီမံကိန်းများကို ဒေသစကားနှင့် တင်ပေးရမည်ဖြစ်သော်လည်း ဘာသာပြန်ရန် နှောင့်နှေးခဲ့ကြောင်း ကမ္ဘာ့ဘဏ် လှုပ်ရှားမှု များကို စောင့်ကြည့်နေသည့် Community Management Center အဖွဲ့မှ ကိုစည်သူမောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ဝေဖန်လိုက်သည်။

၆ နှစ် သက်တမ်းအတွင်း ဒေါ်လာသန်း ၈၀ ထောက်ပံ့မည့် CDD စီမံကိန်းကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဘုတ်အဖွဲ့ကို အတည်ပြုရန် တင်ခဲ့ပြီး တပတ်ခန့်အကြာ နိုဝင်ဘာ ၁ ရက်နေ့တွင် ဘုတ်အဖွဲ့က အတည်ပြုခဲ့ကြောင်း၊
ပုံမှန်အားဖြင့်မူ ဘုတ်အဖွဲ့က အတည်မပြုမီ ပြည်သူများ သိနားလည်စေရန် ဖွင့်ချကာ ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ရန် ၁ လခန့် အချိန်ယူသင့်ကြောင်း ၎င်းက ဆိုသည်။

“ဘာလို့ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်တာလဲဆိုတော့ ဒီစီမံကိန်းလေးက သေးသေးလေးမို့လို့ မလိုဘူးလို့ ပြောပါတယ်” ဟု ကိုစည်သူမောင်က ဆက်ပြောသည်။

ကမ္ဘာ့ဘဏ်က ချပေးမည့် အကူအညီများသည် အစိုးရမှ တဆင့် စီးဆင်းမည်ဖြစ်သောကြောင့် ထိုအလှူငွေများကို နိုင်ငံရေးအတွက် အသုံးချခြင်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း Dawei Development Association မှ ကိုဘိုဘိုက ဆိုသည်။

“ရွာသားတွေက ဒီအစီအစဉ်အကြောင်း သိချင်မှ သိမယ်၊ အဲဒီအချိန်မှာ နိုင်ငံရေး ပါတီတခုခုက လူတွေက အခွင့်အရေးယူ ဆောင်ရွက်ရင်း နိုင်ငံရေး အမြတ်ထုတ်သွားနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်” ဟု ကိုဘိုဘိုက ဆိုသည်။

မစ္စတာ ခန်သန် ရှန်ကာ ကမူ ကမ္ဘာ့ဘဏ်အနေဖြင့် အစိုးရကို ဒေါ်လာသန်း ၈၀ အားလုံး ပေးလိုက်မည်း မဟုတ်ကြောင်း၊ စီမံကိန်း တခုခြင်းစီအတွက် ငွေစာရင်း ဖွင့်ထားပြီး ကုန်သွားသည့် ငွေများကို ပြန်ဖြည့်မည့် ပုံစံဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း CDD စီမံကိန်း၊ ကြားဖြတ် မဟာဗျူဟာတို့နှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ကမ္ဘာ့ဘဏ်သည် ၎င်းတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သတ်ပြီး လုံလောက်သော ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သော်လည်း မြန်မာ့အရေးနှင့် ပတ်သက်လျှင် နှုတ်ဆိတ် နေလေ့ရှိကြောင်း မခင်ဥမ္မာက ဆိုသည်။

“အရမ်းမေးမှ ပြောတယ်။ ဘာကြောင့် ဒီလောက် လျှို့ဝှက်နေရတာလဲ ဆိုတာ မေးစရာ ရှိလာပါတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာ အရပ်ဘက် လူ့အဖွဲ့အစည်းများသည် နုပျိုတက်ကြွကာ တိုင်းပြည်ကို တိုးတက် စေလိုသူများဖြင့် ဖွဲ့စည်း ထားသည်ဟု မြင်ကြောင်း မစ္စတာ ခန်သန် ရှန်ကာ က ပြောဆိုခဲ့သည်။

“သူတို့နဲ့ တွေ့ရတာ ကျနော်သဘောကျပါတယ်။ နောင်လည်း တွေ့သွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကမ္ဘာ့ဘဏ် ဆောင်ရွက်ချက်များကြောင့် အခြေခံ လူတန်းစားများ အထူးဒုက္ခရောက်ခဲ့ပြီး
တိုင်ကြားမှုများ ရှိခဲ့သဖြင့် နောက်ဆုံးတွင် ကမ္ဘာ့ဘဏ်က ၎င်းတို့ ဆောင်ရွက်နေသည်များကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေရရှိခဲ့သည့် အုပ်ချုပ်သူများနှင့် နီးစပ်မှုရှိသည့် ခရိုနီ ကုမ္ပဏီ များသည် နိုင်ငံ၏ သစ်တောရာခိုင်နှုန်း ၃၀ ကို ခုတ်ယူခဲ့သောကြောင့် ကမ္ဘောဒီးယား နိုင်ငံသားများက မကျေနပ်ဘဲ တိုင်ကြားရန် နေရာများသို့ တိုင်ကြားခဲ့ရာ စစ်ဆေးရေးအဖွဲ့က စစ်ဆေး အတည်ပြုနိုင်ခဲ့သောကြောင့် ကမ္ဘာ့ဘဏ်က ၎င်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးရန် အကြွေး ဒေါ်လာသန်း ၉၀၀ ရှိနေပြီး ၎င်းအကြွေးများကို ဖြေရှင်းနိုင်ရန်အတွက် ကြားဖြတ် မဟာဗျူဟာ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာ ကုမ္ပဏီများက စောင့်ကြည့်နေလေ့ရှိပြီး ကမ္ဘာ့ဘဏ် ဝင်ရောက်ခြင်း
အဆင်ပြေမှသာ တခြားသော ရင်းနှီးမြှုပ်နှံမူများ ဝင်ရောက်လာလေ့ရှိကြောင်း၊ ကြွေးဟောင်းများကျေမှသာ ကြွေးသစ်များကို ချေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့ဘဏ်ဆိုတာကလည်း ဘဏ်ပဲလေ၊ ငွေချေးပေးတာပဲ၊ အလကားပေးတာ မဟုတ်ပါဘူး။ အဲဒီငွေတွေကို နိုင်ငံတော်က ဆပ်ရမှာ။ နိုင်ငံတော်ဆိုတာလည်း ပြည်သူတွေပဲဆိုတော့ ပြည်သူတွေပဲ ပြန်ဆပ်ရမှာပါ” ဟု မခင်ဥမ္မာက ပြောသည်။

Loading