ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်းနှင့်ချီပြီးရှိနေသည့် ကျူးကျော်နေထိုင်သူများကို တရားဝင် နေထိုင်ခွင့် (ဂရမ်မြေ) နေရာ
အစားပေးရန် ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီမှ တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ကော်မတီဝင်များနှင့် ညှိနှိုင်း စီစဉ်နေကြောင်း သိရသည်။
ကျူးကျော် နေထိုင်သူများ ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဥပဒေတရပ် ရေးဆွဲပြဌာန်းသင့်ကြောင်း ဒေါပုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန် အဆိုကို လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ရှိသူများက အောက်တိုဘာ ၂၃ ရက်နေ့တွင် ဆွေးနွေးခဲ့ကြကြောင်း တိုင်းဒေသကြီး
လွှတ်တော် ဥပဒေ ကော်မတီဝင် ဦးအေးသိန်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်၌ ၄၄ မြို့နယ်တွင် ကျူးကျော် နေထိုင်သူများရှိနေပြီး မြို့နယ်တိုင်းတွင်
ကျူးကျော်ဆိုင်ခန်းများ မပါဘဲ အနည်းဆုံး ကျူးကျော် တဲ၊ အိမ်၊ အဆောက်အဦး ၅ ပုံ ၁ ပုံစီခန့် ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီမှ ခန့်မှန်းခြေ အတည်ပြုထားသည်။
“မြေချ ပါမစ်လည်းမရှိဘူး၊ ဂရမ်လည်း မရှိဘူးဆိုရင် မြေချပါမစ်တွေ၊ ဂရမ်တွေရအောင် ကျူးကျော်နေထိုင်တဲ့ မိသားစုတွေ၊
အိမ်ထောင်စုတွေ၊ နေအိမ်တွေ ကော်မတီဖွဲ့ပါ၊ စည်ပင်သာယာရေး ကော်မတီကို အမြန်ဆုံးတင်ပါ” ဟု ဦးအေးသိန်းက ဆိုသည်။
ပဉ္စမအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမပြုလုပ်ခင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူ
များသည် အစုအဖွဲ့များ၊ ကော်မတီများဖွဲ့စည်းပြီး ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီသို့ အသိပေးစာ တင်ထားရမည်
ဖြစ်ကြောင်း သိရသည်။
“နေမြဲတိုင်း ထိုင်မြဲတိုင်းပဲ နေချင်တာပေါ့။ နိုင်ငံတော်ရဲ့ တရားဝင်အမိန့် ဖြစ်လာရင်တော့ အဘတို့က လွန်ဆန်လို့မရဘူး။ အဖေအမေ၊ အဖိုးအဖွားကအစ ဗမာဗုဒ္ဓဘာသာအစစ်၊ ဗမာပြည်မှာမွေးထားတာ။ ဒီနေ့ အဘရဲ့ မိသားစုအနေနဲ့ ဗမာပြည်
မှာ မည်သည့်နေရာမဆို နေထိုင်ခွင့် တနေရာ ရှိကိုရှိရမယ်” ဟု သာကေတမြို့နယ် ၆ ရပ်ကွက် အနောက်တွင် ၁၅ နှစ်ကျော်
ကျူးကျော် နေထိုင်လာခဲ့သည့် အသက် ၆၀ ကျော်အရွယ်ရှိ ဦးတင်သိန်းက ဧရာဝတီသို့ ပြောသည်။
သာကေတမြို့နယ် ၆ ရပ်ကွက် အနောက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ၁၁၅ စု၊ အိမ်ခြေ ၁၁၀ နှင့် လူဦးရေ ၇၁၇ ဦးကျော် ရှိပြီး ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အရေးအခင်းပြီး နောက်ပိုင်းတွင် စတင်နေထိုင်လာခဲ့သူများ ဖြစ်ကြောင်း သိရသည်။
ခေတ်အဆက်ဆက် ပြောင်းရွှေ့ပေးရန်နှင့် ဖျက်သိမ်းပေးရန် အမိန့်ပေး ထုတ်ပြန်ခဲ့သော်လည်း နေစရာနှင့် လုပ်ကိုင် စားသောက်ရန် အခက်အခဲ ရှိခြင်းကြောင့် လက်ရှိနေရာတွင် နှစ်ကာလ ကြာမြင့်စွာ ကြောက်လန့်မှုများဖြင့် နေထိုင် လာခဲ့ရကြောင်း ကျူးကျော်နေ ပြည်သူများက ဆိုသည်။
“ပြောင်းတဲ့လူတွေက ကြိုက်ရင်ကောင်းတာပေါ့။ ကျနော်တို့ မြေယာတွေမှာလည်း ကျူးကျော်တွေ ရှိနေတယ်။ ကျူးကျော်တွေ
ဖယ်မရတော့ စည်ပင်သာယာရေး ကော်မတီက ဒါတွေ ရှင်းပေးမယ်ဆိုရင်လည်း ကောင်းပါတယ်။ တချို့ကျတော့ ကျူးကျော်
ပေမယ့် တိုက်တွေ တဲတွေ ပြန်လုပ်ပေးတယ်။ သူတို့ဘာတွေ ပြန်လုပ်ပေးမယ် ဆိုတာတော့မသိဘူး။ ကောင်းအောင် စီစဉ်ပေး
ရင်တော့ ကောင်းတာပေါ့” ဟု တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်နေသည့် တော်ဝင် မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး
က ဧရာဝတီသို့ ပြောသည်။
မြေရာပိုင်ဆိုင်ခွင့် မရှိဘဲ နှစ်ကာလကြာမြင့်စွာ ကျူးကျော် နေထိုင်လာခဲ့သူများကို လက်ရှိ အစိုးရသစ်လက်ထက်တွင် တရားဝင် နေထိုင်ခွင့် ပေးတော့မည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တိကျသည့် အတည်ပြုပြောဆိုခြင်း မရှိခဲ့ပေ။