သတင်း

ထားဝယ် စီမံကိန်း ဒေသခံ ၃၀၀၀၀ ကျော် ၂၀၁၃ ဇွန်လ မတိုင်ခင်ရွှေ့မည်

This article has been converted from Zawgyi One to Unicode

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်းရှိ ရွှေ့ပြောင်းရမည်ဖြစ်သော ရွာသား ၃၀၀၀၀ ကျော်ကို လာမည့်နှစ် ဇွန်လ မတိုင်ခင် စတင်ပြောင်းရွှေ့မည်ဖြစ်ကြောင်း ထားဝယ် အထူး စီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့(ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မည့် ဧရိယာ အတွင်း ကျရောက်သော ထားဝယ်ခရိုင် ရေဖြူမြို့နှင့် လောင်းလုံမြို့နယ်က ရွာပေါင်း ၁၆ ရွာကို နေရာသစ် ၃ နေရာဆီ ပြောင်းရွှေ့မည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရွာတွေ ဆောက်ပြီးတာနဲ့ ကျောင်းဖွင့်ချိန်အမီ ရွှေ့မှာပါ။ မရွှေ့ခင်မှာ ရွာတွေအတွက် အိမ်တွေကို အရင်ဆောက်ပေး နေတယ်။ ရေတွေ မီးတွေ အရင်ဆုံး သွယ်ပေးမယ်။ အဲဒါတွေအပြင် စိုက်ပျိုးရေး မွေးမြူရေးပါ လုပ်ကိုင် စားသောက်လို့ ရအောင် ဖန်တီးပေးမယ်။ အားလုံးပေးပြီးတော့မှ ကျနော်တို့က ရွာတွေကို အစုလိုက် အစုလိုက် ကျောင်းဖွင့်ချိန်အမီ ရွှေ့ပေးသွားမှာ ဖြစ်ပါတယ်။ သူတို့နဲ့ ညှိနှိုင်းပြီးတော့။ အခုဆိုရင် အိမ် ၃၄၃ လုံး ဆောက်ပြီး ပါပြီ။ ဒီနိုဝင်ဘာမှာ စုစုပေါင်း အလုံး ၅၀၀ လောက် ပြီးနိုင် မယ်”ဟု ဦးတင်မောင်ဆွေ ဆိုသည်။

နေရာသစ်တွင် ပေ ၁၀၀ ၊ ပေ ၈၀ ပတ်လည် မြေ အကျယ်အဝန်းအတွင်း ကွန်ကရစ် တိုက်အိမ်များဖြင့် မြို့ပြ စီမံကိန်း အစီအစဉ် (Town plan) ဆွဲပြီး မြို့ပုံစံ တည်ဆောက်ခြင်း ဖြစ်၍ ရေ၊ မီး နှင့် ဆက်သွယ်ရေး လိုအပ်ချက်များ ဖြည့်ဆည်းထားသည်ဟုလည်း ၎င်းက ပြောသည်။

ရေနက်ကွင်းဘက် နဘုလယ် ဒေသ ရှိ မူးဒူး၊ ပရဒပ်၊ လဲရှောင်၊ ဆင်ကြီးနှင့် မရင်ကြီးရွာများကို ဘဝါ ကျေးရွာသစ်သို့ အရင် ပြောင်း ရွှေ့မည် ဖြစ်ပြီး ရေဖြူမြို့ရှိ မင်းဒပ်၊ ပိန်းရှောင်၊ ကျောက်ဘွဲ့ကုန်း၊ သစ်တိုထောက်၊ ယလိုင်၊ ပုဂေါဇွန်း၊ သပြေဇွန်း၊ ရက္ခတပင်အင်း၊ ဝက်ချောင်း၊ ခမောက်ချောင်း စသည်တို့ကို ပုဂေါဇွန်းရှိ စက်မှုဇုန်သစ် အနီးသို့ ပြောင်းရွှေ့မည် ဖြစကြောင်း၊ လောင်းလုံမြို့နယ်ရှိ ညောင်ပင်ဆိပ် ရွာကိုမူ ပန်းတင်အင်း ရွာဆီသို့ ရွှေ့မည် ဖြစ်ကြောင်းလည်း သိရသည်။

ထားဝယ် အထူး စီးပွားရေးဇုန် ပထမ အဆင့် လုပ်ငန်းမှာ ၂ လမ်းသွား ကာလမ်း ၂ လမ်းဖောက်ခြင်း၊ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ အတွက် စက်မှုဇုန်ငယ် တခု တည်ဆောက်ရန် မြေနေရာရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားအတွက် ၃၃ မီဂ္ဂါဝပ် ရှိ ဂက်စ် တာဘိုင် တည်ဆောက်ခြင်းနှင့် ဒေသခံများအတွက် မြို့သစ် တည်ဆောက်ခြင်းများကို ၂၀၁၄ ခုနှစ်တွင် အပြီးဆောင်ရွက် မည် ဖြစ်ကြောင်း၊ ယင်း စီမံကိန်းဒေသတွင် လက်ရှိ အလုပ်သမား ၁၉၀၀ ကျော် အလုပ်လုပ်လျက်ရှိပြီး ထိုင်းနှင့် မြန်မာ အလုပ် သမားများ ဖြစ်ကြောင်း၊ မြန်မာအလုပ်သမား အများစု ဖြစ်ပြီး ၃ ပုံ ၂ ပုံ ခန့် ရှိကြောင်း ဦးတင်မောင်ဆွေက ပြောဆိုသည်။

စက်မှုဇုန်အတွက် ပဂေါဇွန်းနယ်မြေ၌ စက်မှုဝန်ကြီးဌာနပိုင် ပဂေါဇွန်းဆီအုန်းခြံတွင် မြေနေရာရှင်းလင်းရေး စတင်ဆောင်ရွက်နေပြီး ဂျပန်၊ ထိုင်း စသည့် စီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ ရှိကြောင်း သိရသည်။

ဦးတင်မောင်ဆွေက ဒေသခံများကို ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက် စသည်တို့ စိုက်ပျိုးနိုင်ရန် မျိုး နှင့် အဆင့်မြင့် နည်းပညာများ ထောက်ပံ့ ကူညီပေးမည် ဖြစ်ပြီး ဇုန် အပြင်ဘက်တွင် စိုက်ပျိုးမြေများ ရှိမည်ဟုလည်း ဦးတင်မောင်ဆွေက ပြောသည်။

“မျိုး ပေးမယ်ခင်ဗျ။ အဲဒါ အိမ်တိုင်းမှာ ပါတယ်။ မိသားစု နှစ်ရှည်ဝင်ငွေ ရအောင်၊ အိမ်တိုင်း အိမ်တိုင်းမှာ ထည့်ပေးမယ်။ ဒါပေမယ့် စီးပွားဖြစ် စိုက်ပျိုးရေး အတွက်ကျ မျိုးရှာပေးမယ်။ ကိုယ့်ဟာကို ဝယ်ရမယ်။ သူတို့ အရင်းအနှီး စိုက်ရမှာပေါ့။ ကျနော်တို့ နည်းပညာဖြန့်ဖြူးမယ်။ ပိုးသတ်ဆေး ဘယ်လိုသုံးရတယ်ဆိုတာ လိုက်ကြည့်မယ်။ ကူညီပေးမယ်ပေါ့။ နောက် သူတို့မှာ လျော်ကြေး ရထားတဲ့ ငွေတွေ ရှိမယ်ခင်ဗျ။ အဲဒီငွေတွေနဲ့ ဝယ်ပြီးတော့ ဇုန်အပြင်ဘက်မှာ စိုက်မှာပေါ့။ သူတို့မှာရှိတဲ့ မိသားစုတွေထဲက အလုပ်ပေးမယ် လေ။ ယောက်ျားရော၊ မိန်းမရော၊ နောက်တခုက အမျိုးသမီးတွေအတွက်ကျ အိမ်တွင်းမှု စက်မှုလုပ်ငန်းဆိုတာ ရှိတယ်။ အိမ်ထဲမှာပဲ စက်မှုဇုန်အတွက် လိုအပ်တဲ့ ပစ္စည်းတွေလုပ်ပြီး ဇုန်ထဲကို သွင်းဖို့လေ။ နောက်တခုက လူများလာတဲ့အတွက် အရောင်းအဝယ် လုပ်ငန်းတွေ ဈေးရောင်းတာတွေ လုပ်နိုင်တယ်”ဟု သူက ဆိုသည်။

ဒေသခံများကမူ ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် လမ်းအူကြောင်း ဖောက်လုပ်ရာတွင် သီးနှံပင်များ ဆုံးရှုံးရမှုရှိကြောင်း၊ လျော်ကြေး ပေးခြင်းသည်လည်း ပေါက်ဈေးထက် လျော့နည်းကြောင်း ဧရာဝတီကို ပြောသည်။

ဒေသခံ တောင်သူများအနေဖြင့် သီဟိုဋ်၊ ရာဘာ၊ ကွမ်းသီး နှင့် ဆီအုန်း စသည့် နှစ်ရှည် သီးနှံများကို စိုက်ပျိုးကြကြောင်း၊ ယင်း စီမံ ကိန်း ကြောင့် မိရိုးဖလာ လုပ်ငန်းများ ကွယ်ပျောက်ဆုံးရှုံးသွားမည်ကို စိုးရိမ်မှုများ ရှိကြောင်းလည်း သိရသည်။

“လမ်းအူကြောင်း ဖောက်တဲ့အထဲ ဥယျာဉ်သီးနှံပါသွားပြီး လျော်ကြေးမရသေးတာတွေလည်း ရှိတယ်။ လျော်ကြေးက သိပ်နည်း တော့ တချို့လည်း လက်မခံဘူး”ဟု ရေဖြူမြို့နယ် သပြေဇွန်းရွာ ဆရာတော်က ဧရာဝတီကို မိန့်သည်။

လမ်းဖောက်သည့် နေရာများသည် ဥယျာဉ်ခြံများ အတွက် သီးနှံလျော်ကြေးတချို့ပေးပြီးဖြစ်၍ လျော်ကြေး လက်မခံသူများမှာ ဒေသခံ မဟုတ်ဘဲ ဝယ်ရောင်းသမားများ ဖြစ်ကြောင်း၊ သတ်မှတ်ပေး ဈေးနှုန်းအတိုင်း လက်မခံဘဲ ပိုတောင်းသောကြောင့် အဆင်မပြေသေးခြင်း ဖြစ်ကြောင်း ဦးတင်မောင်ဆွေ က ပြောသည်။

ဦးတင်မောင်ဆွေ ကဆက်လက်ပြီး“ကျနော်တို့ သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်းပဲ ပေးလို့ရတယ်။ ခုနက လူမျိုး(ဝယ်ရောင်းသမားများ) ရှိပါတယ်။ အဲလိုလူတွေကျတော့ ငွေကို ဘဏ်ထဲမှာ ထည့်ထားတယ်။ ဒေသက သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်း လက်ခံနိုင်ရင် ကျနော်တို့ ထုတ်ပေးမယ်။ လက်မခံရင်တော့ ငွေက ဘဏ်ထဲမှာပဲ ရှိနေတယ်။ သူ့ရဲ့ ဘေးဘယ်ညာခြံတွေလည်း အတူတူပဲ။ ပတ်ဝန်းကျင်မှာ သတ်မှတ် ထားတဲ့ ဈေးအတိုင်းပဲ ရမှာပေါ့။ အဲဒါထက်တော့ ပိုတောင်းလို့ မရဘူးပေါ့။ တချို့ခြံ တွေလည်း ရှိပါတယ်။ ညှိနှိုင်းလို့ မရဘူးပေါ့။ ဥပမာ ဆီအုန်းခြံတွေ ဘာတွေကျတော့ ဈေးနှုန်း မသတ်မှတ်ရသေးဘူး။ အဲဒါတွေကျတော့ ကျနော်တို့ မထိသေးဘူး။ အဲဒီဟာကျတော့ ကျနော်တို့က ကျွမ်းကျင်တဲ့ အဖွဲ့တွေ ဗဟိုကလာပြီး အဖွဲ့ဖွဲ့၊ စံ ဈေးနှုန်းတခု သတ်မှတ်ပြီးမှ ချေပေးမှာပေါ့”ဟု ပြောဆိုသည်။

သို့သော် ပြောင်းရွှေ့ရမည့် ရွာများအတွက် လျော်ကြေးကို မသတ်မှတ်ရသေး ဟု လည်း ဆိုသည်။

ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနှင့် ထိုင်း အစိုးရချင်း ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးသည့် ဘန်ကောက်မြို့မှ အစည်းဝေးသို့ ယမန်နေ့က ဒု သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်သည်။

ယင်း အစည်းဝေး၌ ထားဝယ် အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ကော်မတီ တခုကို ထိုင်းအစိုးရနှင့် ပူးပေါင်းဖွဲ့စည်း ရန် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးပါက ထိုကော်မတီက ထားဝယ်စီမံကိန်းကို တိုက်ရိုက် ညွှန်ကြားမည် ဖြစ်ပြီး အီတာလျံ-ထိုင်း ကုမ္ပဏီ က ကွန်ထရက်တာတဦး အနေနှင့် ဆက်လက်ပါဝင်မည်ဖြစ်သည်ဟု ဦးတင်မောင်ဆွေကလည်း ပြောဆိုသည်။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံရန်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သံမဏိ စက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သတ်သည့် နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက ရေးထိုးခဲ့ကြသည်။

Loading