တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တချို့က ရခိုင်ပြည်နယ် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအနေဖြင့် လက်တွေ့ကျသည့် ဖြေရှင်းမှု အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမြန်ဆုံး ပြန်လည်ရရှိရန် အစိုးရအနေဖြင့် “ပဋိပက္ခများ ဖြစ်ပွားနေသော၊ ပဋိပက္ခများ ဖြစ်နိုင်ခြေရှိသော ဒေသများတွင် လုံခြုံရေး လိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အားမြှင့်တင်ခြင်း၊ လုံခြုံရေး အစီအစဉ်များ အဆင့်တိုးမြှင့်ခြင်းတို့ကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ရန် လိုအပ်ပါသည်” ဟု ယမန်နေ့ နေ့စွဲဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် နေပြည်တော်တွင် နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင်ပဋိပက္ခကိစ္စ အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ဤသဘောထား ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စု အရေးဖြစ်၍ လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်၌ အရေးအကြီး အဆိုအဖြစ် တင်ပြဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဖွား ဌာနေ တိုင်းရင်းသား ရခိုင်လူမျိုးများ၏ စိုးရိမ်ပူပန်ကြောင့်ကြမှုများကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“သာမန် ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင် အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းတော့မည်တို့ကို နိုင်ငံပိုင် သတင်းစာများမှတဆင့် သိရှိရ” ကြောင်း၊ “လူများစုနှင့် လူနည်းစု ဟူ၍လည်းကောင်း၊ လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံ၍လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်း မပြုဘဲ လူသားအားလုံးက လူ့အခွင့်အရေးများကို လေးစားလိုက်နာကြရန် တာဝန်ရှိကြောင်း” လည်း ကြေညာချက်က တိုက်တွန်းထားသည်။
နော်ဝေနိုင်ငံနှင့် ဥရောပ ခရီးစဉ်တလျှောက် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ဆန္ဒပြ ကန့်ကွက်မှုတချို့နှင့် ပြင်းထန်သော မေးခွန်းများစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခအပေါ် တရားဥပဒေစိုးမိုးရေး မရှိ၍ ယခုကဲ့သို့ ဖြစ်ရကြောင်းသာ ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ကချင်စစ်ပွဲများကိစ္စအပေါ် သဘောထားတရပ် ရှင်းလင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်း မလုပ်ဆောင်ခဲ့ဟု ထောက်ပြဝေဖန်နေချိန်တွင် ပထမဆုံးအနေဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တိုင်ရင်းသား အမတ်တချို့၏ သဘောထား ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာရှိသူလည်း မဟုတ်ပဲ အလွန်ခက်ခဲသိမ်မွေ့သည့် နေရာတွင် ရှိနေခြင်းဖြစ်ပြီး အရာရာကို ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းနေရသည်ကို နားလည်စေလိုကြောင်း NLD ပါတီ နာယကတဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီး ဒေါ်စုက တဖက်ဖက်က ရပ်ပြီး ပြောတာမျိုးလည်း လုပ်မှာ မဟုတ်ဘူး။ သူ့နေရာက အလွန်သိမ်မွေ့တယ်” ဟု သူက ဆိုသည်။
ယခုကြေညာချက် ထွက်ပေါ်ရေး ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာ ချုပ်ငြိမ်းရေးနှင့် ဖြေရှင်းရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဆိုင်ရာ ကိစ္စများ စသည်ဖြင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရကြောင်း သိရသည်။
“ရခိုင်ကိစ္စ ဆွေးနွေးပွဲမှာ ရခိုင်လွှတ်တော်အမတ်တွေက အတူယှဉ်တွဲနေထိုင်ဖို့ကိစ္စ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကို တော်တော်ပြေလည်အောင် ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆွေးနွေးခဲ့ရတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ လွှတ်တော်အမတ်တဦးက ဧရာဝတီကို ပြောသည်။
အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပဋိပက္ခများထပ်မံ မဖြစ်ပေါ်ရေး၊ ဒုက္ခသည်အရေးတို့ အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိမ်မွေ့စွာ ညှိနှိုင်းခဲ့ရသည်ဟုလည်း သူကဆက်ပြောသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ပြည်သူအား အသိပေးချပြရန်နှင့် ရခိုင်ပဋိပက္ခကို အစိုးရက မည်သည့်မူဝါဒနှင့် ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကိုလည်း ပြည်သူအား အသိပေးရန်လိုအပ်သည်ဟုလည်း ကြေညာချက်တွင် ထောက်ပြထားသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ဘင်္ဂါလီပေါင်း ၈ သိန်းဝန်းကျင်ခန့်နှင့် ပတ်သက်ပြီး အလွန်တင်းကျပ်မှုများ ရှိကြောင်းနှင့် တခြား အငြင်းပွားမှုများ ယနေ့အထိရှိနေပြီး နိုင်ငံမဲ့ဖြစ်နေသည့် ၎င်းတို့အား မြန်မာနိုင်ငံသား သတ်မှတ်ရေး၊ မသတ်မှတ်ရေး၊ အဆိုပါ ဥပဒေနှင့် ငြိစွန်းပါက မည်သို့ အရေးယူ ဆောင်ရွက်မည်တို့နှင့် ပတ်သက်၍ ရှင်းလင်းသဲကွဲမှု မရှိကြောင်း ထောက်ပြဝေဖန်နေကြသူများ ရှိသည်။
မကြာသေးမီကပင် အဆိုပါ နိုင်ငံသား ဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲရေးကို အမျိုးသားလွှတ်တော်တွင် အဆိုတင်ခဲ့သော်လည်း ကန့်ကွက်ခံခဲ့ရပြီး လွှတ်တော်တွင် မှတ်တမ်းတင်ခြင်းသာ အဆုံးသတ်ခဲ့သည်။
နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော၊ အားပေးကူညီနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ အကြမ်းဖက်သူများ၊ ဥပဒေ ချိုးဖောက်သူများ၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် စပ်လျဉ်း၍လည်း ဥပဒေအရ ထိရောက်စွာ စစ်ဆေး အရေးယူမှု၊ စီရင်ဆုံးဖြတ်မှုတို့ကို ပွင့်လင်းမြင်သာစွာ ပြည်သူအား အသိပေးရမည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် ပတ်သက်၍ အကူအညီလိုအပ်နေသူ အားလုံးအတွက် ၂ ဦး ၂ ဖက် လက်ခံနိုင်သော နည်းလမ်းနှင့် အမြန်ဆောင်ရွက်ပေးရန် လိုကြောင်း၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍လည်း နယ်မြေ ထိစပ်နေသည့် ၂ နိုင်ငံ အစိုးရများက တာဝန်ရှိကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထပ်မံဖြစ်ပွားခဲ့ရသည့် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဖြစ်ရသည့် လူပေါင်း ၃ သောင်းကျော်နှင့် လူပေါင်း ၈၉ ဦး သေဆုံးခဲ့ရသည့်အပေါ် အစိုးရ၏ ကိုင်တွယ်မှု မူဝါဒများကို ပွင့်လင်းမြင်သာမှုရှိရေး အစိုးရက ရှင်းလင်းပြောကြားရန် လိုအပ်ကြောင်းကြေညာချက်တွင် တောင်းဆိုထားသည်။
ယခင် မေလနှင့် ဇွန်လပိုင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် လူ ၈၀ ခန့် သေဆုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူပေါင်း ၇၅၀၀၀ ခန့် ရှိခဲ့သည်။