မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာခရိုင်တွင် မွတ်စလင်အစွန်းရောက် တချို့၏ မီးရှို့ဖျက်ဆီးခံရစဉ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများမှ ပျောက်ဆုံးသွားသော ဘုရားဆင်းတုတော်များအနက်မှ ၄ ဆူကို ပြန်လည် သိမ်းဆည်းရမိကြောင်း နိုဝင်ဘာလ ၇ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ပန်းဝါမြို့အပါအဝင် မြို့များတွင် မွတ်စလင်အစွန်းရောက်တချို့က ဗုဒ္ဓသာသနိက အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ မာရမာ လူမျိုးတို့၏ နေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးစဉ် ဘုရားဆင်းတုတော်များ ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းပျောက်ဆုံးသွားခဲ့ရသော ဘုရားဆင်းတုတော်များ အနက် ဆင်းတုတော် ၃ ဆူကို စစ်တကောင်းခရိုင် ဦကီယာမြို့နယ် ကူတူပါလန်ကျေးရွာရှိ ဒုက္ခသည် စခန်းအတွင်း ဈေးဆိုင်တဆိုင်တွင် ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး တခြား ဘုရားဆင်းတုတော် ၁ ဆူကိုမူ ပန်းဝါမြို့ ဘိုလ်တာလီ ကျေးရွာအနီးရှိ စပါးခင်းထဲမှ ပြန်လည်သိမ်း ဆည်းရမိကြောင်း သိရှိရသည်။
ပန်းဝါမြို့မှ ပြန်လည်သိမ်းဆည်းရမိသော ဘုရား ၁ ဆူမှာ ရွာကြီးကျောင်း ဘုန်းကြီးကျောင်းမှ ပျောက်ဆုံးသွားသော ဘုရားဆင်းတုတော်ဖြစ်ပြီး လွန်ခဲ့သော နှစ် ၂၀ ခန့်က မာရမာကြီးများ ကိုးကွယ်နိုင်ရန် လွှဲပြောင်းပေးခဲ့သော ဘုရားတဆူဖြစ်ကြောင်း ရွာကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးပညာဒီပက မိန့်သည်။
“ရာမူးက ဖမ်းမိတဲ့ ဘုရားတဆူကတော့ ဦးဇင်းတို့ ကျောင်းကနေ မာရမာကြီးတွေ ကိုးကွယ်နိုင်အောင်လို့ လွှဲပြောင်းပေးလိုက်တဲ့ ဘုရားဖြစ်ပါတယ်။ စာထိုးတာလည်း ပါပါတယ်။ ဒါပေမဲ့ ဦကီယာမြို့နယ်ထဲမှာ မိတဲ့ ဘုရားဆင်းတုတွေကတော့ ဦးဇင်းတို့ သေသေချာချာ မသိသေးဘူး။ ရဲစခန်းကို မေးတော့လည်း RAB (အမြန် စစ်ဆင်ရေး တပ်ဖွဲ့ – Rapid Action Battalion) လက်ထဲမှာပဲ ရှိသေးတယ်လို့ပြောတယ်။ RAB က ပြောတာကတော့ ရာမူးက ဘုရားတွေလို့ပဲ ပြောတယ်” ဟု ဆရာတော်က ဧရာဝတီသို့ မိန့်ကြားသည်။
ဦကီယာမြို့ ဈေးဆိုင်မှ ပြန်လည်သိမ်းဆည်းရရှိသော ဘုရားဆင်းတုတော် ၃ ဆူနှင့် ပတ်သက်ပြီး ဆိုင်ပိုင်ရှင် ဂျာဖား အာလန် ဒီပူလ်နှင့် အီမန် ဟိုဆင်း တို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထားပြီး ဘုရားဆင်းတုတော်များမှာ မည်သည့် ဘုန်းကြီးကျောင်းမှ ဖြစ်သည်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။
“ဦကီယာမှာ သိမ်းဆည်းရတဲ့ ဘုရားဆင်းတုတော် ၃ ဆူစလုံးက အခုခေတ် ကိုးကွယ်နေတဲ့ ပုံနဲ့မတူဘူး။ အဲ့ဒါကြောင့် ပန်းဝါက ဘုရားတွေလို့ ကျနော်တို့ သေသေချာချာ မပြောနိုင်ဘူး။ သေသေချာချာ စစ်ဆေးပြီးမှပဲ ပြောနိုင်မယ်” ဟု ကောက်စ်ဘဇား အခြေစိုက် ရခိုင်အသင်း၏ တာ့ခ်နာဌာနခွဲ ကော်မတီဝင် ကိုကျော်ဇော်အောင် ကပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ပန်းဝါမြို့တွင် အစ္စလမ်ဘာသာကို စော်ကားထားသော ဓာတ်ပုံတပုံအား အွန်လိုင်း တင်လိုက်သည့် ကိစ္စမှ စတင်ပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များကို မွတ်စလင်အစွန်းရောက် တချို့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။