ပြည်တွင်းပြည်ပ ဧည့်အဝင်များသည့် ဒေသများတွင် ဟိုတယ်ခန်း မလုံလောက်သည့်အပြင် ဝန်ဆောင်မှုတချို့ ညံ့ဖျင်းသောကြောင့် တည်းခိုလိုသည့် ဧည့်သည်များ အခက်အခဲ တွေ့နေသည့်အပြင် ရကြောင်း သိရသည်။
ရန်ကုန်တမြို့တည်း၌ပင် ၂၀၁၃ – ၁၄ ခုနှစ်တွင် ဟိုတယ်အခန်း ၄၀၀၀ ကျော် လိုအပ်မည်ဖြစ်ရာ ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ်များ ဆောက်လုပ် ပြီးစီးခဲ့ပါက လာမည့် ၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်အခန်း ၂၀၀၀ ကျော်အထိသာ ပြီးစီးနိုင်မည် ဖြစ်သောကြောင့် အခန်းလိုအပ်ချက်များ ရှိနိုင်သေးကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးကဆိုသည်။
ဧည့်အဝင်များသည့် ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် ဟိုတယ်အခန်း မှာယူပါက မိမိလည်ပတ်မည့် အချိန်ထက် လအနည်းငယ်စောပြီး ကြိုတင်မှာယူထားမှသာ အခန်းအဆင်ပြေနိုင်ကြောင်း၊ ဟိုတယ်ခန်း ချက်ချင်း ရချင်သူများအတွက် အလွယ်တကူ ငှားရမ်း မရနိုင်သည့် အခက်အခဲများ ရှိနေကြောင်း၊ ထို့အပြင် ကိုယ်တိုင် သွားရောက် တည်းခိုသည့် အခါတွင်လည်း ကြိုတင် မှာယူစဉ်က ဈေးနှုန်း မဟုတ်တော့ဘဲ တိုးမြှင့်ပြောင်းလဲ သတ်မှတ် ခြင်းများ ရှိနေကြောင်း၊ ဝန်ဆောင်မှု ညံ့ဖျင်းခြင်းအပြင် ကြိုတင် မှာယူသည့်အခန်း မရသည့် ပြဿနာများလည်း ရှိနေကြောင်း ဧည့်သည်များနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံမှ သိရသည်။
ယခင်နှစ်များက ဆိုလျှင် ဟိုတယ်များအနေဖြင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လိုင်ကိုင်သည့် ကုမ္ပဏီများသို့ ပွင့်လင်းရာသီ မရောက်ခင် ကတည်းက ကြိုတင်လာရောက်၍ ၎င်းတို့ဟိုတယ်တွင် ဧည့်သည်များ တည်းခိုပါရန် တောင်းပန်ပြောဆိုလေ့ ရှိကြောင်း၊ ယခုနှစ်တွင်မူ ခရီးသွားကုမ္ပဏီများက လပေါင်းများစွာ ကြိုတင် ဘွတ်ကင်လုပ်သည့် တိုင်အောင် အမှန်တကယ် ဧည့်သည် တည်းခိုချိန်တွင် ပြောထားသည့် အခန်းမပေးကြောင်း အမည်မဖော်လိုသည့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီကြီး တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။
“၆ လလောက် ကြိုပြီး ဘွတ်ကင်လုပ်တာတောင် ပြောထားတဲ့အခန်းမရဘူး။ ဧည့်သည်က မကြိုက်လို့ ပြောင်းပေးပါ ဆိုတော့ နေချင်နေ မနေချင် မနေနဲ့ ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်။ ဟိုတယ်တခုဆိုရင် နိုင်ငံခြား ဧည့်သည်က ရေချိုးခန်း ရေလျှံနေလို့ လုပ်ပေးပါဆိုတာ မလုပ်ပေးဘူး” ဟု သူကဆိုသည်။
အခန်းခများမှာ ရှိသင့်သည့် ဈေးနှုန်းထက် မြင့်နေသည့်အပြင် ဘွတ်ကင် စတင်လုပ်စဉ်က ပြောထားသည့် ဈေးထက် ပိုမို တောင်းခံကြောင်း၊ တခြားဟိုတယ်သို့ ပြောင်းရန် မဖြစ်နိုင်တော့သောကြောင့် အခက်အခဲဖြစ်နေသည့် အပေါ် အခွင့်အရေး ယူသည်ဟု ထင်မြင်ကြောင်း သူက ဆက်ပြောသည်။
“အဒီလိုတွေ ဖြစ်နေတော့ နိုင်ငံခြားသားတွေက တခါလာပြီးရင် မြန်မာနိုင်ငံအပေါ် စိတ်ပျက်သွားကြတယ်၊ ဒါက နိုင်ငံအတွက် ပုံရိပ် မကောင်းဘူး” ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ဦးညီညီက ဆိုသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကမူ ပြောဆိုညှိနှိုင်းထားသည့် ဈေးနှုန်းကွာဟခြင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်းများ တွေ့ရှိပါက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းသို့ တိုက်ရိုက် တိုင်းကြားနိုင်ကြောင်း ပြောသည်။
“ဟိုတယ်တွေမှာ ဒီလိုတွေ ဖြစ်နေတာတော့ မကောင်းဘူး။ အတ္တနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် ဒါမျိုးတွေကို ထိန်းသိမ်းရမယ်။ လိုအပ်ရင် တိုင်ကြားဖို့ကို ဝန်ကြီးကိုယ်တိုင်က လမ်းဖွင့်ပေးထားပါတယ်” ဟု သူက ဆိုသည်။
၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ကာ ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်နှုန်းသည် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဟိုတယ်ခန်းများ လုံလောက်စေရေးအတွက် ဆောင်ရွက်ထား သင့်ကြောင်း၊ ဟိုတယ်ဈေးနှုန်းများ မြင့်မားနေသည့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ နိုင်ငံခြားသား ဧည့်သည်များ အတွက် Home stay နေထိုင်ခွင့်ပြုနိုင်မည် ဆိုပါက ဟိုတယ်ခန်း မလုံလောက်သည့် ပြဿနာအပြင် ငွေကြေး မတတ်နိုင် သည့် ဧည့်သည်များအတွက်လည်း အဆင်ပြေသွား နိုင်ကြောင်း ဦးညီညီက ရှင်းပြသည်။
“ဟိုတယ်တွေက ပြန့်ကျဲနေတော့ ဘွတ်ကင်တင်လို့ မရတာနဲ့ အခန်း မရဘူးတော့ပြောလို့ မရဘူး။ တချို့ ဟိုတယ်တွေက ဖုန်းနဲ့ ဘွတ်ကင်လုပ်ရင် အာမခံချက် မရှိလို့ဆိုပြီး အခန်းမပေးတာမျိုးလည်း ရှိတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်က ပြောသည်။
Myanmar Voyages Int’l Tourism ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက “လာမယ့့် ၃ – ၄ နှစ် နောက်ပိုင်းမှာ ဟိုတယ်တွေ လုံလောက်လာပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာဖို့ရှိပေမယ့် အဲဒီအချိန် မြန်မာနိုင်ငံရဲ့ ပြည်ပခရီးသွားဈေးကွက် လျော့နည်းသွားရင် ပြန်ကုစားဖို့ အချိန်ပြန်ယူရမယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ အနှံ့တွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင် ဟိုတယ် စုစုပေါင်း ၇၄၆ လုံးရှိနေပြီး အခန်းပေါင်း ၂၇၀၀၀ ကျော်ရှိကာ ကြယ်ပွင့်အဆင့် သတ်မှတ်ထားသော ဟိုတယ် ၁၄၁ လုံးရှိကြောင်း၊ ထပ်မံဆောက်လုပ်ရန် လျှောက်လွှာ တင်ထားသည့် တိုင်းရင်းသားပိုင် ဟိုတယ် ၂ လုံး ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
နိုင်ငံခြားသားဧည့် ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်တွင် ၄၁၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် ၆၀၀၀၀၀ ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်တခုတည်းမှ ပြည်ပဧည့် ဝင်ရောက်နှုန်းမှာ တနေ့လျှင် ဦးရေ ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။