
မြန်မာပြည်က အလှဖန်တီးရှင်များရဲ့ အလှမယ်ရွေးချယ်ပွဲ Miss Red Ribbon Beauty Contest ပြိုင်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် ဆီဒိုနားဟိုတယ်မှာ ကျင်းပပြုလုပ်မှာပါ။
“အဓိကကတော့ အလှူလုပ်ဖို့ ရည်ရွယ်တာပါ။ ပထမတခေါက်လိုပဲ HIV/AIDS ဝေဒနာရှင်တွေအတွက် လှူမှာပါ။ တခြားနေရာတွေလည်း လှူမယ်လို့ထင်တယ်။ ဘယ်နေရာလဲဆိုတာကတော့ ပွဲစီစဉ်သူတွေက သေသေချာချာတော့ မပြောပြသေးဘူး။ အဓိကကတော့ အလှူလုပ်ချင်လို့ပါပဲ။ တခြား ဘာရည်ရွယ်ချက်မှ မဟုတ်ပါဘူး” လို့ ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်သူတဦးဖြစ်တဲ့ မိတ်ကပ် ဒီဇင်ဘာနှင်းက ဧရာဝတီကို ပြောပါတယ်။
အလှဖန်တီးရှင်များရဲ့ Miss Red Ribbon Beauty Contest ပြိုင်ပွဲကို ပထမအကြိမ်အဖြစ် ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တာပါ။ ဒီပြိုင်ပွဲကို ရိုက်ကူးထားတဲ့ အလွန်နာမည်ကြီး လူကြိုက်များခဲ့တဲ့ အခွေတွေလည်း ခိုးကူး
လောကမှာ အရောင်းရဆုံးစာရင်း ဝင်သွားခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကိုလည်း HIV/AIDS ဝေဒနာရှင်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒီပြိုင်ပွဲကို လက်ရှိ ဖောင်တင်ထားတဲ့ ပြိုင်ပွဲဝင်တွေထဲကမှ အလှမယ် ၃၀ စိစစ်ရွေးချယ်ပြီး ယှဉ်ပြိုင်စေမှာပါ။ ပြိုင်ပွဲမှာ အလှဖန်တီးရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
အခု ဒုတိယအကြိမ်မြောက် Miss Red Ribbon Beauty Contest ပြိုင်ပွဲကိုလည်း ပထမအကြိမ်က စီစဉ်ခဲ့တဲ့
မြန်မာနိုင်ငံအတွင်း အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်များ တင်သွင်းနေတဲ့ ZAR & ZAR Co.Ltd ပိုင်ရှင် ဒေါ်ယုဇော်ကပဲ တာဝန်ယူဆောင်ရွက်မယ်လို့ သိရပါတယ်။ သူဟာ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇနဲ့ မရီးတော်စပ်သူလို့လည်း သိရပါတယ်။
ကဲ .. ၂၀၁၂ ခုနှစ်ရဲ့ အလှဖန်တီးရှင် အလှမယ် ဘယ်သူများ ထွက်ပေါ်လာပေလိမ့်ဦးမလဲဆိုတာ စောင့်ကြည့်ကြပါဦးလို့..။
မီဒီယာသမား တဖြစ်လဲ အနုပညာရှင်များ
မြန်မာပြည်တွင်းမှာ ဂျာနယ်ပေါင်းစုံ ဖောချင်းသောချင်း ထွက်နေတဲ့ကြားမှာ အနုပညာရှင်တွေကလည်း သူတို့ကိုယ်တိုင်
အယ်ဒီတာချုပ်လုပ်ပြီး ထုတ်ဝေတဲ့ ဂျာနယ်တွေလည်း အပါအဝင်လို့ ပြောရမှာပါ။
အခုလည်း မြန်မာသံအဆိုတော် ပိုးအိစံ ကိုယ်တိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေတဲ့ “အကဲလေး” ဆိုတဲ့
ပေါ့ပ်ဂျာနယ်တစောင်ကို ပြည်တွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစလို့ အပတ်စဉ် တနင်္လာနေ့တိုင်း စတင်ထုတ်ဝေနေပါပြီတဲ့။
“အခုနောက်ပိုင်းမှာ မီဒီယာက အရမ်းခေတ်စားလာတာပေါ့နော်။ နောက် မီဒီယာပိုင်းဆိုင်ရာက အရေးကြီးလာပြီလေ။ ကျမတို့အနေနဲ့လည်း မိမိဖော်ပြချင်တဲ့ အကြောင်းအရာလေးတွေကို ပြည်သူတွေသိရအောင် အဓိကက ပြန်ကြားရေးပေါ့လေ။ ဂျာနယ်လုပ်တယ်ဆိုတာက သတင်းတွေကို ပြန်ကြားပေးတာပေါ့နော်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ပေါ့။ စာဖတ်ပရိသတ်တွေလည်းဘဲ ဖတ်သင့်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြချင်တဲ့စိတ်နဲ့ ဒီဂျာနယ်ကို ထုတ်ဖြစ်တာပါ” လို့ “အကဲလေး” ဂျာနယ် အယ်ဒီတာချုပ်ဖြစ်တဲ့ အဆိုတော် ပိုးအိစံက ဧရာဝတီကို ပြောပါတယ်။
ဒီဂျာနယ်ကို ထုတ်ဝေဖို့ လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး လူငယ်ပရိသတ်တွေအတွက် အဓိကထား ရည်ရွယ်ထုတ်လုပ်တာ
ဖြစ်ကြောင်း၊ ဒီဂျာနယ်မှာ အနုပညာပိုင်းဆိုင်ရာရော၊ အသိပညာပိုင်းဆိုင်ရာပါ အကုန်ပါဝင်ကာ ဗေဒင်၊ လက္ခဏာကဏ္ဍ တွေလည်း
ပါတယ်လို့ သူကဆိုပါတယ်။
ဂျာနယ်အမည်ကို “အကဲလေး” လို့ ပေးဖြစ်တာကလည်း သူ့ရဲ့ “အကဲလေး” ဆိုတဲ့ စီးရီးခေါင်းစဉ် တေးသီချင်း အမှတ်တရ အဖြစ်နဲ့ ပေးထားတာပါလို့လည်း သူက ဆက်ပြောပါတယ်။
ကာလသားကြိုက် ပလေးဘွိုင်းမဂ္ဂဇင်း အလား ဒီဂျာနယ်မှာပါဝင်တဲ့ ဓာတ်ပုံတွေဟာလည်း အပျံစားပဲလို့လည်း ရန်ကုန်မှာ ပြောနေကြပါတယ်။
ဒီလို ပြောနေကြတာနဲ့ ပတ်သက်ပြီး အကဲလေး ဂျာနယ် အယ်ဒီတာချုပ် ပိုးအိစံက အခုလိုပြောပါတယ်။
“ခေတ်ရေစီးကြောင်းနဲ့အညီ ခေတ်အလိုက်ကို သွားနေမှ ကျမတို့က Funcy ဖြစ်နေမှာလေ။ အနောက်မှာ ကျန်ခဲ့မယ်ဆိုရင်လည်း မဖြစ်သေးဘူး။ အဓိကကတော့ မပေါ်သင့် မပေါ်ထိုက်တဲ့ နေရာတွေကို မပေါ်ဘဲနဲ့ ဝတ်စားဆင်ယင်မှုကိုလည်း ပြချင်တာပေါ့နော်။ နိုင်ငံတကာမှာဆိုလည်း ဒီလို ဝတ်စားဆင်ယင်မှုတွေကို အင်တာနက်တွေမှာရော မီဒီယာတွေမှာပါ မြင်တွေ့နေရတာပဲလေ။ ခေတ်နောက်မကျန်ခဲ့ချင်ဘူး။ ခေတ်သစ် အမြင်သစ်နဲ့ဘဲ အရှေ့ကို သွားချင်ပါတယ်။ မျက်နှာဖုံး Cover မှာ လန်ထွက်နေပေမယ့် အထဲမှာ ကျမတို့က ပညာပေးအနေနဲ့ ပြောထားပါတယ်။ အထိန်းအကွပ် သဘောလေး ပြန်လုပ်ထားပါတယ်။ ကိုယ့်အသိဉာဏ်နဲ့ ကိုယ်ဘာသာကိုယ် ချင့်ချိန်နိုင်အောင်လို့လေ” လို့ ဆိုပါတယ်။
အခုလိုပဲ မျက်နှာဖုံး Cover ကြော်ငြာ လန်ထွက်နေလို့ အရက်ကြော်ငြာလားလို့တောင် လူတွေ ထင်မှတ်မှားကြတဲ့
Monitor ဂျာနယ်ဟာလည်း ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုတဲ့အနေနဲ့ ခါတော်မီ ထွက်ရှိလာချိန်မှာ နာမည်ကြီးသွားလိုက်ပါသေးတယ်။
အခုလို အနုပညာရှင်တွေကိုယ်တိုင် အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေနေတဲ့ ဂျာနယ်တွေထဲမှာ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ Envoy News ဂျာနယ်လည်း တခုအပါအဝင်ပါ။ ဒီဂျာနယ်ကတော့ ၂၀၁၀ လဆန်းပိုင်းလောက်
မှာ ထွက်ရှိလာတာပါ။
ဒီ Envoy News ဂျာနယ်မှာ တလောက ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကာလလောက်က အဆိုတော်လေးဖြူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီကို စိတ်ထဲရှိတဲ့အတိုင်း မဲပေးခဲ့ပါတယ်လို့ ကာယကံရှင်ကို အင်တာဗျူး လုပ်ခဲ့ခြင်းမရှိဘဲ ရေးသားလိုက်တဲ့အတွက် ကာယကံရှင်က မကျေနပ်လို့ အစိုးရ သတင်းစာတွေထဲမှာ ဒီကိစ္စ ပြန်လည်ရုတ်သိမ်းဖို့နဲ့ ဂျာနယ် တာဝန်ရှိသူတွေက ကာယကံရှင်ကို ပြန်တောင်းပန်ဖို့ ပြောဆိုခံခဲ့ရဖူးပါသေးတယ်။
ကဲ … ဒါဆိုရင်တော့ မစပ်စုတို့ မီဒီယာလောကကြီး ပွင့်လင်းထင်သာမြင်သာမှု ရှိနေပါပြီလို့ ပြောရမလိုဖြစ်နေပါပြီနော် …။