အိုးအိမ်ဖံွ့ဖြိုးရေး ဦးစီးဌာမှ လယ်ယာမြေများ သိမ်းယူထားသည်ကို လယ်သမားများက မကျေနပ်သဖြင့် လသာမြို့နယ်ရှိ ဝါဝါ၀င်းကုမ္ပဏီရှေ့တွင် ၁၀ ရက်ဆက်တိုက် နေ့၊ ည ဆန္ဒ ထုတ်ဖော်နေကြသော်လည်း သက်ဆိုင်ရာမှ လာရောက် ညှိနှိုင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းလယ်ယာမြေများသည် ဝါဝါ၀င်းကုမ္ပဏီက အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တဆင့် ဝယ်ယူထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်နေ့မှ စတင်ကာ ယနေ့အထိ ဝါဝါ၀င်းကုမ္ပဏီရှေ့တွင် ထိုင်၍ ဆန္ဒပြခြင်းဖြစ်ကြောင်း၊ တောင်းဆိုမှု မရရှိပါက ဆက်လက်ပြီး ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း လယ်သမားများ၏ ကိုယ်စားလှယ် ဦးဝင်းချိုက ဧရာဝတီသို့ ပြောသည်။
“နောက်ထပ် ဘာလုပ်ဖို့မှ မရှိပါဘူး။ လိုချင်တာ မရမချင်း ဒီမှာပဲ နေပြီး ဆန္ဒပြသွားမယ်။ ဝါဝါ၀င်း ကုမ္ပဏီရော၊ အိုးအိမ်နဲ့ ဆောက်လုပ်ရေးက လူကြီးတွေပါ လာရောက်ပြီး ဆွေးနွေးပေး၊ ညှိပေး စေချင်ပါတယ်။ တောင်းဆိုတာကလည်း လာရောက်ပေးဖို့၊ ညှိနှိုင်းပေးဖို့ပါပဲ။ အခုဆိုရင် မိုးရွာရွာ နေပူပူ ဒီနေရာမှာပဲ ထိုင်တယ်။ လှူတဲ့သူရှိရင် စားရတယ်။ ဟိုတနေ့ကတောင် အပူရှပ်ပြီး ဆေးခန်းကို ၃ ယောက်လောက် ရောက်သွားသေးတယ်” ဟု ဦးဝင်းချိုက ဆိုသည်။
အဆိုပါ လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သတ်သည့် စာရင်းများကိုလည်း လယ်ယာမြေသိမ်းဆည်းရေး ကော်မရှင်သို့ လယ်သမားများက ယုံကြည်စွာ စာရင်း တင်သွင်းထားကြောင်း၊ လွှတ်တော်ပြီးပါက ဖြေရှင်းပေးနိုင်မည်ဟု ယူဆထားကြောင်း၊ ကော်မရှင် ကိုလည်း အားကိုးနေရကြောင်း ဆန္ဒပြနေသည့် လယ်သမားများက ပြောသည်။
လယ်ယာမြေသိမ်းဆည်း ခံရသည့် အတွင်းပဒံ လယ်သမားအုပ်စုမှ ဒေါ်ခင်မြင့်ဝေက “ဝါဝါ၀င်းကုမ္ပဏီက သိမ်းတယ်ဆိုတာ သူတို့ ကုမ္ပဏီ ဆိုင်းဘုတ်ကိုတင်ထားပြီး ခြံစည်းရိုး ခတ်ထားတာ။ အခုတော့ သူတို့က သူတို့နဲ့မဆိုင်ဘူး၊ အိုးအိမ်လို့ ပြောနေတယ်။ ဒါဆိုရင် ဒီမြေတွေ သူတို့ ဘယ်လိုရခဲ့လဲ။ လယ်သမားတွေကို ဘာမှလည်း မပြောဘဲ ဒီလို ခြံခတ်တော့ လယ်လည်း မလုပ်ရတော့ဘူးပေါ့” ဟု ဆိုသည်။
လယ်သမားများအား လယ်ယာမြေ တဧက ကာလပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းကို ပေးစေလိုကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သိမ်းဆည်း မြေယာများ ဝယ်ယူထားသည့် ဝါဝါ၀င်းကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များပါ လာရောက်ပြီး ညှိနှိုင်း ပေးစေလိုကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြ တောင်းဆိုမှုများကို အမြန်ဆုံး လာရောက် ဖြေရှင်းပေး၍ သက်ဆိုင်ရာ လူကြီးမင်းများလည်း သိရှိ ဆောင်ရွက်ပေးစေလိုကြောင်း သူက ဧရာဝတီသို့ ပြောသည်။
“အခု အချိန်အထိ ဘာမှ အကြောင်းမထူးသေးဘူး။ ဒါပေမယ့် ကျမတို့ကတော့ နောက်မဆုတ်ဘူး။ သူတို့ကို သိစေချင်တယ်။ ကျမတို့ ဆန္ဒပြနေတဲ့အချိန်မှာ အလှူရှင်တွေက လာလှူကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အကြီးစား သူတောင်းစား များလား လို့တောင် ထင်လာတယ်။ ကိုယ့်နေရပ်ကိုပြန်ပြီး လယ်လုပ်ချင်နေပြီ။ လယ်ကလည်း မရှိတော့ဘူး” ဟု သူက ဆက်ပြောသည်။
အဆိုပါ လယ်ယာမြေများကို ဝါဝါ၀င်းကုမ္ပဏီက သိမ်းဆည်းထားခြင်း မရှိကြောင်း၊ စီမံကိန်း ဧရိယာနယ်မြေ ဖြစ်သည့်အတွက် အိုးအိမ် ဦးစီးဌာနမှတဆင့် ဝယ်ယူကာ မြေရိုင်းမှ မြေယာများ ဖော်ဆောင်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ တခုအနေဖြင့်သာ ရောင်းဝယ်ခြင်း ဖြစ်သည်ဟု ဝါဝါ၀င်းကုမ္ပဏီ၏ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါ်စန်းစန်းဝင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။
“ဒီလယ်တွေ လယ်သမားပိုင်တယ်၊ အာဏာရှင်တွေနဲ့ ပေါင်းပြီး သိမ်းတယ်ဆိုတာ မဟုတ်ဘူး။ ကျမတို့က အိုးအိမ်ကနေတဆင့် ဝယ်ပြီး မြေယာတွေ ပြန်လုပ်၊ ပြီးမှ တခြား ကုမ္ပဏီတွေကို ပြန်ရောင်းတာပါ။ အဲဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျမ ဘာမှ မသိဘူး” ဟု ဒေါ်စန်းစန်းဝင်းက ရှင်းပြသည်။
အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိမ်းဆည်းထားသည့် လှိုင်သာယာမြို့နယ် အတွင်းရှိ ကျွန်းကြီး ကျေးရွာ၊ အတွင်းပဒံကျေးရွာ၊ ကျွန်းကလေး ကျေးရွာမှ လယ်ယာမြေ ပိုင်ရှင်များကို ယနေ့အချိန်ထိ နစ်နာကြေး တစုံတရာ ပေးအပ်ခြင်းလည်း မရှိ၊ လာရောက် ညှိနှိုင်းခြင်းလည်း မရှိသေးကြောင်း၊ ထို့ကြောင့် လယ်သမားများသည် ၂၀၁၂ ခုနစ် မေလ ၃၁ ရက်နေ့မှစတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ရာ ယနေ့အချိန်ထိ မပြီးဆုံး သေးကြောင်း သိရသည်။
“ဌာနဆိုင်ရာက သက်ဆိုင်တဲ့သူတွေ လာရောက်ပြီးညှိရင်တော့ အဆင်ပြေသွားမှာပါ။ အခုထိလာပြီး ညှိမပေးလို့ ဒီနေ့ထိ ဒီလို ထိုင်စောင့်နေရတာ။ ကျနော်တို့လည်း ဘယ်ဆန္ဒပြချင်ပါ့မလဲ။ လာပြီး မညှိမချင်းတော့ ဒီမှာ ဆက်ပြီး နေသွားမှာပဲ” ဟု လယ်ယာမြေ သိမ်းဆည်းခံရသည့် လယ်သမား ကိုပေါက်က ပြောသည်။
လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ကိစ္စနှင့် ပတ်သတ်ပြီး အမြန်ဆုံး အဖြေရှာသွားမည် ဖြစ်ကြောင်း၊ သိမ်းဆည်း ခံရသူများ စာရင်းလည်း ရယူထားကြောင်း၊ လက်ရှိ သိမ်းဆည်းထားသည့် လယ်ယာမြေများတွင် စီမံကိန်း မဖော်ဆောင် ရသေးသည်ကို သေချာ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာများကိုလည်း လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ရခိုင် ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။