အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံံသို့ သမိုင်းဝင် လာရောက် လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကနဦး သဘောမတူမှု၊ စိုးရိမ်မှုတချို့ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စိုးရိမ်မှုများထဲမှ တခုတွင် သမ္မတ အိုဘားမားအနေဖြင့် နေပြည်တော်သို့ သွားရောက်လည်ပတ်မည့် ကိစ္စလည်း ပါဝင်ကြောင်း အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းတွင် Josh Rogin ရေးသားသည့် သတင်းတပုဒ်အဆိုအရ သိရှိရသည်။
သို့သော် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နေပြည်တော်သို့ သွားရောက်ရန် မရှိကြောင်း၊ ရန်ကုန်မြို့သို့သာ သမ္မတ အိုဘားမား လာရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြသည်။
သမ္မတ အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တလကြာ သူ၏ အမေရိကန် ခရီးစဉ်ကာလကအတွင်းက သာမက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် အမေရိကန် အရာရှိများနှင့် တွေ့ဆုံခဲ့စဉ်များက သူ၏ စိုးရိမ်မှုများကို ပြောဆိုခဲ့သည်ဟု သိရသည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) က မေးခွန်းတော်တော် ထုတ်ခဲ့တယ်။ စိုးရိမ်မှု တော်တော်များများလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်လို အခြေအနေမျိုးအောက်မှာ မလာနဲ့ဆိုတာမျိုးတော့ သူ မပြောခဲ့ပါဘူး။ အခုတော့ သူ့ (အိုဘားမား) ရဲ့ မြန်မာခရီးစဉ်ကို ထောက်ခံပါတယ်” ဟု သတင်းရင်းမြစ် တခုကို ကိုးကား၍ Foreign Policy မဂ္ဂဇင်းက ဆိုထားသည်။
သမ္မတ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများက ကချင်ပြည်နယ်က စစ်ပွဲများနှင့် လူအခွင့်အရေး ချိုးဖောက်မှု၊ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မတည်ငြိမ်မှု၊ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် မလွတ်မြောက်သေးဘဲ ကျန်ရှိနေမှု၊ ဒုက္ခသည်များအရေး စသည့် အဖက်ဖက်မှ လိုအပ်နေသည့် အခြေအနေများကို ထောက်ပြဝေဖန်ပြီး အချိန်စောလွန်းသေးကြောင်း ဝေဖန်နေကြသည်။
ဇွန်လ ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ စီမံကိန်းများတွင် အမေရိကန်က ရင်းနှီးမြှုပ်နှံမှုလုပ်မည်ဆိုပါက ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိသေးသည့်အတွက် သတိရှိသင့်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် သမ္မတ အိုဘားမားက ပြီးခဲ့သည့် ဇူလိုင်လတွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးပြီး MOGE နှင့်ပါ ပူးတွဲ လုပ်ဆောင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန် ကုမ္ပဏီများကိုလည်း ခွင့်ပြုကြောင်း ကြေညာခဲ့သည်။
သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၇ ရက်နေ့က အမေရိကန် ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် နောက်ထပ် သမ္မတ သက်တမ်း ၄ နှစ်အတွက် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီးနောက် အရှေ့အာရှနိုင်ငံများသို့ ပထမဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်လည်ပတ်မည်ဖြစ်သည်။
ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ခေါင်းဆောင်များနှင့် အစည်းအဝေးတက်ရောက်ရန်၊ အရှေ့အာရှ ထိပ်သီး ခေါင်းဆောင်များနှင့် စည်းဝေးရန် သမ္မတ အိုဘားမားက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား အရှေ့အာရှနိုင်ငံများ ခရီးစဉ်ကို အိမ်ဖြူတော်က မကြာသေးခင်က အတည်ပြု ကြေညာခဲ့သည်။