စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီးရစ်ချ်တာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ယနေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့် လှုပ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ဦး ရှိခဲ့သည်။
သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဉ့်ကူးဆက်နွယ်သော မြစ်ကူးတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဉ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင်သေဆုံးသူ ၂ဦး၊ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့်သေဆုံးသူ ၁ဦးစုစုပေါင်း ၆ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ယင်းမြေငလျှင်မှာ မန္တလေးမြေငလျှင်စခန်း မှ မြောက်ဘက် ၈၂မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့မြောက်ဘက် ၄၅မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားပြင်းထန် အဆင့် ၆.၈ ရစ်စကေး လှုပ်ခတ်သွားပြီးယင်းငလျှင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။
ငလျှင်ကြောင့် ကျောက်မြောင်းနှင့် စဉ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ်MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး)သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးက ပြောကြားသည်။
“ငလျှင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေကအခိုင်မာမရှိသေးဘူးလေ။ တစ်ယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေတာ။နောက်တစ်ယောက်ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ” ဟုဦးလှဦးကပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောၤနှစ်စင်းလည်းရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောၤကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်းသိရသည်။
စဉ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။စဉ့်ကူးတွင် ဗလီတစ်ခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်းသိရသည်။
မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများအက်ကွဲခဲ့သည်။ ၂၅လမ်း၊ ၃၅လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်းသိရသည်။ သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသောအသက် ၆၀ ဝန်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့်သေဆုံးသွားကြောင်း သိရသည်။
“ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတစ်ခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရပါတော့မယ်” ဟု မန္တလေးအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။
အဆောက်အဦတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးကအစဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။
မြေငလျှင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။
အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈ ရှိလေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များမြေခခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး)စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။
ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက်ရှိလောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။ ထို့ပြင်ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ဝံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့်မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ဦးဒဏ်ရာရခဲ့သေးကြောင်း သိရသည်။
မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးရရှိသော သတင်းများအရ ဆေးရုံသို့ ရောက်ရှိသော အရေအတွက်ကို အခြေခံပြီး သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း Save The Children က ပြောဆိုသည်။