အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နှစ် ၄၀ အတွင်း ပထမဦးဆုံးအကြိမ် အိန္ဒိယသို့ ပြန်လည်ခြေချသည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းတွင် အစပြုပြီဖြစ်သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၁၄ ရက်နေ့၌ ပြုလုပ်မည့် ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပွဲတွင် ဟောပြောပို့ချမှုပြုလုပ်ပေးရန် အိန္ဒိယနိုင်ငံ အာဏာရပါတီကြီးတခုဖြစ်သော ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီ၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခြင်းဖြစ်သည်။
“ထိုင်းလေကြောင်းလိုင်းနဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေမှာ ရန်ကုန်ကနေထွက်ပြီး၊ ၁၃ ရက်နေ့မှာ နယူးဒေလီကို ရောက်ပါမယ်။ ၁၄ ရက်နေ့ မနက်မှာ ဝန်ကြီးချုပ် မာမိုဟမ်ဆင်းနဲ့တွေ့ပြီး အဲ့ဒီနေ့ ညနေမှာ ဂျဝါဟာလာ နေရူးအထိမ်းအမှတ် ဟောပြောပွဲကို သွားပါမယ်။ ၁၇ ရက်နေ့ကျရင် နယူးဒေလီက ပြန်ထွက်လာပြီး ရန်ကုန်ကို ၁၈ ရက်နေ့မှာ ပြန်ရောက်ပါမယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ လွှတ်တော်သို့လည်း သွားရောက်လေ့လာမည်ဖြစ်ပြီး အိန္ဒိယ အောက်လွှတ်တော်ဥက္ကဌ၊ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
နိုဝင်ဘာ ၁၆ ရက်နေ့မနက်ပိုင်းတွင် သူမ ပညာသင်ကြားခဲ့ရာ လေဒီရှရီယမ် အမျိုးသမီး ကောလိပ်သို့ သွားရောက်မည်ဖြစ်ပြီး အဆိုပါ ကောလိပ်မှ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်မည်ဖြစ်သည်။ ထိုနောက် ဒေလီအနောက်ပိုင်းရှိ သူမ၏ ရံပုံငွေများနှင့် မတည်၊ တည်ထောင်ထားသည့် Prospect Burma ကျောင်းသို့ သွားရောက်မည်ဖြစ်ပြီး၊ နယူးဒေလီရောက် မြန်မာဒုက္ခသည် မိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် မဟတ္တမ ဂန္ဒီ၏ အုတ်ဂူနှင့် ဂျဝါဟာလာနေရူး၏ အုတ်ဂူရှိရာနေရာများသို့ သွားရောက်ဂါရဝပြုရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
ထို့အတူ ဂူရ်ဂေါင်းမြို့ရှိ စွမ်းအင်နှင့် အရင်းအမြစ်ဆိုင်ရာတက္ကသိုလ်၊ အိန္ဒိယတောင်ပိုင်း ဘန်ဂလောမြို့ရှိ အိန္ဒိယနည်းပညာတက္ကသိုလ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အိန္ဒိယ ဆင်ခြေဖုံးဒေသဖွံ့ဖြိုးရေးနှင့် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးအဖွဲ့က အင်ဒရာပရာဒေ့ရှ်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်လေ့လာမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ၁၉၈၈ လူထုအုံကြွမှုကာလအတွင်း မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေး ကူညီမှုများ ပြုခဲ့သော်လည်း အရှေ့မျှော်ဝါဒကို ပြောင်းလဲကျင့်သုံးလာသည့်နောက်ပိုင်းတွင် မြန်မာအစိုးရနှင့် ပူးပေါင်းမှုများ ပိုမိုပြုလာကာ မြန်မာ့ဒီမိုကရေစီရေးတွင် ရေငုံနှုတ်ပိတ်နေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံမှ ယခင်လို ပြန်လည်တက်ကြွစွာ ပါဝင်လာလိမ့်မည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက မျှော်လင့်နေကြသည်။