ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့နယ် ရေပိုင်နက်အတွင်း လှေဖြင့် တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီ ၁၁၂ ဦးကို ထိုင်း အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသော ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မှ ယခုလ ၂ ရက်နေ့တွင် စတင်၍ ပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှားနိုင်ငံသို့သွားရန် ထွက်ခွာလာသူများ ဖြစ်ပြီး ကင်းလှည့်နေသည့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းဒေလီနယူး သတင်းတွင် ရေးသားထားသည်။
ဖူးခက်ဂေဇက် သတင်းဌာနက ထိုင်းရဲများကို ကိုးကား၍ ဖော်ပြရာ၌ နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသော ဘင်္ဂါလီ ၁ ထောင်ကျော်ပါ လှေ ၇ စင်းရှိသည်ဟု သိရကြောင်း၊ ယခု ထိုင်းအာဏာကိုင်များ ဖမ်းဆီးလိုက်သည်မှာ ယင်းတို့အနက်မှ တစီးဖြစ်ကြောင်း သိရသည်။
ယခု ထိုင်းကမ်းရိုးတန်းတွင် အဖမ်းခံရသည့် ဘင်္ဂါလီများမှာ အသက် ၁၈ နှစ်မှ ၄၀ အရွယ်ရှိကြကြောင်း၊ ဘင်္ဂါလီများက မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့်အတွက် မြန်မာနိုင်ငံကို ပြန်မပို့ရန် ထိုင်းအာဏာပိုင်များသို့ ပြောကြားကြောင်း၊ ယခုအခါ ဘင်္ဂါလီများကို ထိုင်း ဥပဒေအရဆောင်ရွက်ရန် ဖန်ငမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဖန်ငမြို့နယ်ရှိ Tai Muang ရဲစခန်းမှ ရဲမှူး Chaiyuth Boonya က ရဲတပ်ဖွဲ့အနေနှင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသူများကို တရားစွဲဆိုထားကြောင်း၊ ဖန်ငမြို့နယ် လဝကသို့ ခေါ်ဆောင်သွားခြင်း မပြုမီ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြောကြောင်း ဖူးခက်ဂေဇက် သတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသော ဘင်္ဂါလီများသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာမှုများရှိခဲ့ရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်းဒေသများ၊ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီပင်လယ်ဘက်သို့ ရောက်ရှိသွားတတ်ကြကြောင်း သတင်းများအရ သိရသည်။
ဘင်္ဂါလီများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သော နည်းလမ်းများဖြင့် ရောက်ရှိလာမှုကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ဖမ်းဆီးခံရသူများ ကိုယ်တိုင်က နေရပ်ပြန်မပို့ရန်နှင့် ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ဖူးသည်။
ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီများ၏ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာကြောင်း၊ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိကြောင်း သိရသည်။