ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ရန်ကုန်-အင်းစိန် လမ်းမကြီး စံရိပ်ငြိမ်ကားမှတ်တိုင်အနီး ကားတစီးအား အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုတွင် ပါဝင်သည်ဟု ရဲကယူဆသူ တရားခံ ၈ ဦးအနက်မှ ၄ ဦးကို မိထားပြီဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းက ထုတ်ဖော် ပြောဆိုလိုက်သည်။
ယခုလ ၁ ရက်နေ့ မနက် ၁ နာရီခန့်က စံရိပ်ငြိမ်မှတ်တိုင်အနီးတွင် ကား ၁ စီးအား အခြား ကား ၄ စီးက ရှေ့နောက် ပိတ်ဆို့၍ ကားပေါ်တွင်လိုက်ပါလာသူနှင့် ကားအား ရိုက်နှက်ဖျက်ဆီးခဲ့သူ ၈ ဦးအနက် ၄ ဦးကို အခင်းဖြစ်ပွားရာတွင် စီးနင်းခဲ့သော ကား ၃ စီးနှင့်အတူ ဖမ်းမိကြောင်း ရဲကပြောသည်။
“လောလောဆယ်တော့ ၄ ယောက်နဲ့ ကား ၃ စီးမိထားပြီဗျ၊ ဖြစ်တာတော့ လူမှုရေးကိစ္စပါ၊ ကောင်မလေး၊ ကောင်လေး ကိစ္စတွေ ပါ၊ ဖြစ်စဉ်မှာတော့ အားလုံး ၈ ယောက်ပါ” ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါအမှုဖြစ်စဉ်၌ ဝိုင်းဝန်းရိုက်နက်ခဲ့သည်ဟု ရဲကယူဆထားသူများထဲတွင် ပါဝင်သူ ကိုစည်သူမျိုးဇင် အား ယခုလ ၇ ရက်နေ့က ပြစ်မှုကျူးလွန်ရာတွင် စီးနင်းခဲ့သော မတ်တူးအမျိုးအစား ယာဉ်နှင့်အတူ ကျွန်းတောလမ်း၊ ထူပါ စားသောက်ဆိုင်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာတွင်လည်း ဓာတ်ပုံနှင့်အတူ ပူးတွဲ ဖော်ပြထားသည်။
အခင်းဖြစ်ပွားစဉ်တွင် ကားထဲတွင်ပါဝင်သူ အမျိုးသမီးနှင့် အမျိုးသားကို ကား ၄ စီးပေါ် လိုက်ပါလာသူ လူငယ် တစ်စုက ထိုးကြိတ် ရိုက်နှက်သကဲ့သို့ ကားကိုလည်း အသင့်ပါလာသော ဒုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း ဓာတ်ပုံများနှင့် အတူ အင်တာနက် စာမျက်နှာအချို့နှင့် လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာများပေါ်တွင် ယခုလဆန်းပိုင်းက ပေါ်ထွက် လာခဲ့သည်။
အဆိုပါ မှုခင်းနှင့် ပတ်သက်၍ အသေးစိပ်အချက်အလက် ကို ပြောဆိုရန် ရဲတပ်ဖွဲ့က ငြင်းဆန်ခဲ့ပြီး အခင်းဖြစ်ပွားမှုတွင် ပါဝင်သူ ကျန်ရှိနေသေးသော ၄ ဦးကိုလည်း ဆက်လက် ဖော်ထုတ်နိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယခင်က မှုခင်းဖြစ်စဉ်များကို အများပြည်သူတို့ ရှင်းလင်း ချပြမှု ရှားပါးသော်လည်း ယခုနှစ်ပိုင်းတွင် ၎င်းတို့၏ အင်တာနက် ဝက်ဘ်ဆိုက်နှင့် ဖေ့ဘုတ်များကို လွှင့်တင်ကာ ထိုမှတဆင့် အမှုအခင်းအချို့ကို တင်ပြလျက် ရှိသည်။
သို့သော်လည်း ၂၀၀၈ ခု မတ်လတွင် ရန်ကုန် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သော ၅ လောင်းပြိုင် လူသတ်မှု ကဲ့သို့သော အမှုကြီးမျိုးကိုမူ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
၂၀၁၁ ခုနှစ်အတွင်း လူသတ်မှု ၁၂၄၅ မှုအပါအဝင် အမှုကြီး ၁၀ မျိုး၌ စုစုပေါင်း ၂၂၉၀ မှုဖြစ်ပွားခဲ့ကြောင်း၊ လူသတ်မှု ၁၂၄၅ မှုအနက် ၁၁၂၁ မှုအား ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း၊ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးသော အမှုများကိုလည်း အမှုမှန် ပေါ်ပေါက်ရေး ကြိုးစားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းတို့အင်တာနက်ဝဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။