အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လာမည့် တနင်္ဂနွေနေ့တွင် ထိုင်းဘုရင်မင်းမြတ်အား တွေ့ဆုံ ဂါရ၀ ပြုမည်ဖြစ်သည်ဟု သတင်းရရှိသည်။
သမ္မတ အိုဘားမားသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သီရိရတ် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်အား နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သွားရောက် ဂါရဝပြုရန် အစီအစဉ်ဆွဲထားပြီး အဆိုပါ အထူးတွေ့ဆုံမည့် အစီအစဉ်ကိုလည်း ထိုင်းဘုရင်ကြီးက ခွင့်ပြုခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်းဘုရင်ကြီးနှင့် တွေ့ဆုံဂါရဝပြုပြီးနောက် သမ္မတ အိုဘားမားသည် ထိုနေ့၌ပင် ထိုင်း ဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်နှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း လန်ဒန်ရောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူရာပေါင် တိုဝိချချိုက်ကူလ်၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ်က ကိုးကားဖော်ပြသည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီးသည် ထိုင်း ဝန်ကြီးချုပ်နှင့် အတူ ဗြိတိန်နိုင်ငံသို့ တရားဝင်ခရီး အတူသွားနေသည်။
သမ္မတ ဒုတိယ သက်တမ်း ပြန်လည်အရွေးခံထားရသော သမ္မတ အိုဘားမား၏ ခရီးစဉ်သည် ယခုနှစ် ကျရောက်သည့် ထိုင်း-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး နှစ်ပေါင်း ၁၈၀ ပြည့် အထိမ်းအမှတ် အဖြစ်လည်း နွေးထွေး နီးကပ်မှုရှိကြောင်း ပြသမှုလည်း ဖြစ်ကြောင်း သိရသည်။
သမ္မတ အိုဘားမားသည် ထိုင်း ဝန်ကြီးချုပ်နှင့် ပူးတွဲ ကြေညာချက် တစောင် ထုတ်ရန်ရှိကြောင်း၊ အဆိုပါ ပူးတွဲ ကြေညာချက်သည့် အငြင်းပွားဖွယ် ဖြစ်နေသော အမေရိကန် ဦးဆောင်သည့် ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက်နှင့် ပတ်သက်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်ကို Trans Pacific Partnership ဟုလည်း လူသိများပြီး ထိုင်းနိုင်ငံက ပူးပေါင်းမည်ဟု သဘောတူထားခဲ့ပြီး ဖြစ်သည်။
သမ္မတ အိုဘားမားသည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံသို့ လာမည့် တနင်္လာနေ့တွင် ဆက်လက်ထွက်ခွာမည်ဖြစ် သည်။ သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ တိုးမြှင့် လုပ်ဆောင်လျှက်ရှိသည်။