လွန်ခဲ့သည့် ၂ လက ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က အချက် ၁၅ ချက်ပါ စာနယ်ဇင်းကျင့်ဝတ် မူကြမ်းကို ရေးဆွဲထုတ်ပြန်လိုက်ပြီး အကြံပြုချက်များ တောင်းခံထားကြောင်း သိရသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြုလုပ်သော ၅ ကြိမ်မြောက် အစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်တွင် စာနယ်ဇင်းကျင့်ဝတ်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
စာနယ်ဇင်းကောင်စီကို စက်တင်ဘာလ ၁၇ ရက်နေ့က အဖွဲ့ဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယခု ဖော်ပြလိုက်သော စာနယ်ဇင်းကျင့်ဝတ်သည် ကောင်စီအဖွဲ့တွင်း သဘောတူထားချက်များသာဖြစ်ပြီး သတင်းမီဒီယာသမားများထံမှ အကြံပြုချက်များ ရယူနိုင်ရန် တင်ပြခြင်းဖြစ်ကြောင်း၊ ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံလည်းဖြစ် Open News Weekly ဂျာနယ် အယ်ဒီတာချုပ်လည်းဖြစ်သည့် ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။
“အခုလောလောဆယ် ကော်မတီတွေ ခွဲထားတယ်။ စာနယ်ဇင်းကျင့်ဝတ်ကို ဆွဲထားတယ်။ ဒါ အတည် မဟုတ်သေးပါဘူး။ အခု မီဒီယာကလူတွေကို ချပြတယ်။ သူတို့တွေက အကြံပြုချက်တွေပေးမယ်။ ဖြုတ်ချင်တာ၊ ထည့်ချင်တာတွေက ကောင်းတဲ့အချက်တွေကို တို့ယူမယ်။ အားလုံး ဝိုင်းရေးတာကို အားလုံး လိုက်နာတဲ့ ပုံစံမျိုး ဖြစ်စေချင်တာ” ဟု ဦးသီဟစောက ဆိုသည်။
စာနယ်ဇင်းကျင့်ဝတ် မူကြမ်းသည် သတင်းစာစောင်နှင့် ရုပ်သံမီဒီယာများအတွက်သာမက အွန်လိုင်းသတင်းအေဂျင်စီများအတွက်ပါ အကျုံးဝင်သည်ဟု ဦးသီဟစောက ဆိုသည်။
ကောင်စီက ရေးဆွဲသော စာနယ်ဇင်းကျင့်ဝတ်တွင် ဘက်မလိုက်ရန်၊ သတင်းမှားယွင်းပါက ဖြေရှင်းချက် ထင်ရှားစွာထည့်ရန်၊ သတင်းရင်းမြစ်ကို ကာကွယ်ရန်၊ တရားရုံး ကြားနာဆဲအမှုများတွင် တရားစွဲဆိုခံရသူကို အပြစ်ကင်းသူအဖြစ် မှတ်ယူရန်၊ သတင်းယူရာတွင် သတင်းဌာနအမည် ထုတ်ဖော်ပြောဆိုရန်၊ မူရင်းဖန်တီးသူမှ ခွင့်ပြုချက်ရယူကြရန် စသည့်အချက်များပါဝင်သည်။
စာနယ်ဇင်းကောင်စီ (ယာယီ) မှ လုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ရန် ကော်မတီ လေးရပ်ကိုလည်း ဖွဲ့စည်းခဲ့ပြီး တာဝန်ခံ ၄ ဦးက ဦးဆောင်သည်။ ထိုကော်မတီလေးရပ်မှာ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ၊ ကျင့်ဝတ်နှင့် ဥပဒေလေ့လာရေးဆွဲရေး ကော်မတီ၊ စီမံရေးရာနှင့် ဘဏ္ဍာရေး ကော်မတီ နှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီ တို့ဖြစ်သည်။
အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီတွင် ကြေးမုံသတင်းစာ အယ်ဒီတာဟောင်း ဦးကိုကိုကြီးက တာဝန်ခံဖြစ်ပြီး ကျင့်ဝတ်နှင့် ဥပဒေလေ့လာရေးဆွဲရေး ကော်မတီတွင် ကောင်စီ အထွေထွေအတွင်းရေးမှူးဖြစ်သည့် The Voice Weekly ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက တာဝန်ခံသည်။ စီမံရေးရာနှင့် ဘဏ္ဍာရေးကော်မတီကို ဦးသောင်းစုငြိမ်းက တာဝန်ခံပြီး ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီ တာဝန်ခံအဖြစ် ဦးသီဟစောက ဆောင်ရွက်သည်။
အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီက တိုင်စာများ လက်ခံရရှိနေပြီး ယခုအပတ်အတွင်း စတင် ကိုင်တွယ် ဖြေရှင်းတော့မည်ဖြစ်ကြောင်း သိရသည်။
“တိုင်စာတွေက အစောကြီးတည်းက ရောက်နေပြီ။ ၄-၅ စောင်လောက်ရောက်နေပြီ။ ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့ထားတဲ့ စာအပါအဝင်ပေါ့။ ကော်မတီတာဝန်ခံတွေက စတင် ဆောင်ရွက်ပါလိမ့်မယ်။ ကော်မတီက အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တွေအကြား အငြင်းပွားမှုတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တာဝန်ယူ ဖြေရှင်းမှာပါ။ ဒါပေမယ့် တိုင်ကြားမှုက ကြီးမားတဲ့ ရှုတ်ထွေးတဲ့ ကိစ္စရပ်မျိုးတွေကိုတော့ ကောင်စီအဖွဲ့ဝင်အားလုံးရဲ့ သဘောဆန္ဒ ရယူမှာ ဖြစ်ပါတယ်” ဟု ဦးသီဟစောက ဆိုသည်။
စာနယ်ဇင်းကောင်စီဥပဒေနှင့် မီဒီယာဥပဒေတို့ကို ရေးဆွဲရမည့် စာနယ်ဇင်းကောင်စီက ထိုဥပဒေများ ရေးဆွဲရန် အချိန်ယူရမည် ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် ကောင်စီ ဖွဲ့စည်းပုံကို ရေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။ ကျင့်ဝတ်ချိုးဖောက်သူများအတွက် အရေးယူမှုများကို ကောင်စီက လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ကောင်စီဖွဲ့စည်းပုံအရသာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
သြဂုတ်လတွင် ပထမတကြိမ် အစိုးရမှ ဖွဲ့စည်းပေးခဲ့သည့် အမြုတေ စာနယ်ဇင်းကောင်စီတွင် စာနယ်ဇင်းသမား အနည်းငယ်သာ ပါဝင်ပြီး စာပေစိစစ်ရေး၏ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရမည့် တာဝန်များ ပါလာသောကြောင့် စာနယ်ဇင်းသမားများက လက်မခံဘဲ ပယ်ချခဲ့သည်။ သို့သော် သြဂုတ်လမကုန်ခင် စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက် စာနယ်ဇင်းသမားများကို ကိုယ်စားပြုသော ယာယီ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသည့် မီဒီယာဥပဒေမူကြမ်းကို မယူတော့ဘဲ စာနယ်ဇင်း သမားများနှင့်အတူ ဥပဒေမူကြမ်းသစ် ရေးဆွဲမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က စက်တင်ဘာလဆန်းပိုင်းက ပြောဆိုခဲ့သည်။
ထို့အပြင် အစိုးရပိုင် မီဒီယာများဖြစ်သည့် နေ့စဉ်ထုတ် သတင်းစာများ၊ ရေဒီယို၊ ရုပ်သံနှင့် စာပေဗိမာန်တို့အား အများပြည်သူ ဝန်ဆောင်မှုမီဒီယာများအဖြစ် ၂၀၁၃ သြဂုတ်လမှ ၂၀၁၅ သြဂုတ်လအတွင်း အပြီးပြောင်းလဲဆောင်ရွက်မည်ဟုလည်း နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာပြုပြင်ပြောင်းလဲရေး စီမံချက် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် ဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းကို ယခုလ ၉ ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ယုဇနတာဝါ အခန်းအမှတ် (၉၀၂) ၌ တရားဝင်ဖွင့် လှစ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ စာနယ်ဇင်းကောင်စီ ရုံးခန်းနှင့် လည်ပတ်မှု အသုံးစရိတ်များကို အဖွဲ့ဝင်များက ထည့်ဝင်ကြောင်း၊ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ရုံးခန်းနေရာနှင့် တခြား ကမ်းလှမ်းမှုရှိသော်လည်း လက်မခံကြောင်း ဦးသီဟစောက ဆိုသည်။