ချပ်သင်းဘူတာအနီး ရထား ဆီတွဲများ တိမ်းမှောက်မှု ဖြစ်စဉ်မှ အသက်အန္တရာယ် စိုးရိမ်ရသည့် လူနာ ၂၅ ဦး အနက် ၉ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း ရထား တိမ်းမှောက်ရာတွင် အကူအညီပေးနေသူ ဒေါက်တာလှိုင်မြင့်ဟန်က ဧရာဝတီ သတင်း ဌာနသို့ အတည်ပြု ပြောကြားသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းဘူတာအနီးတွင် နိုဝင်ဘာလ ၉ ရက်နေ့က MOC အထူးဆီရထား ဆီတွဲများ တိမ်းမှောက်မှုကြောင့် ဖြစ်ပွားသည့် နေရာတွင် ပွဲချင်းပြီး ၂၅ဦး သေဆုံးခဲ့ကြောင်း၊ ကန့်ဘလူ ဆေးရုံတွင် ဆေးကုသခံယူ နေရသည့် ဒဏ်ရာရရှိသူ လူနာ ၈၇ ဦးမှာ ခန္ဓာကိုယ်အနှံ့ ဆိုးဆိုးရွားရွား မီးလောင်ခံခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ သေဆုံးသွားသည့် လူနာများမှာ ၁၁ ရက်နေ့က ၄ ဦး၊ ၁၃ ရက်နေ့က ၂ ဦးနှင့် ၁၄ ရက်နေ့တွင် ၃ ဦးတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
စတင်ဖြစ်ပွားသည့်နေ့ သေဆုံးသူစာရင်းမှာ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား၊ အမျိုးသမီး မကွဲပြားသူ ၂ ဦး စုစုပေါင်း ၂၅ ဦး ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့အထိ သေဆုံးသူ ၃၄ ဦး နှင့် ဒဏ်ရာရရှိသူ ၇၆ ဦး ရှိသွားပြီဖြစ်ပြီး ယင်းဒဏ်ရာရသူများထဲမှ ၁၄ ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။
“ဒဏ်ရာရတဲ့လူတွေထဲမှာ သေဆုံးတာ အများဆုံးက ခန္ဓာကိုယ်အနှံ့ ၈၀ ရာခိုင်နှုန်းလောက် မီးလောင်ခံထားရတဲ့ လူတွေပါ။ စိုးရိမ်ရတဲ့ အဆင့်ကနေ သေဆုံးကြတာပါ။ နောက်ထပ်လည်း အဲဒီလို စိုးရိမ်ရတဲ့ အဆင့်ရှိတဲ့ လူနာတွေ ရှိသေးတယ်” ဟု ကန့်ဘလူမြို့ မြို့လယ် နာရေး ကူညီမှုအသင်းမှ ကိုမင်းကြည်ဦးက ပြောသည်။
ကန့်ဘလူရှိ ကုတင် ၁၀၀ ဆံ့ ဆေးရုံတွင် မီးလောင်ခံရသည့် လူနာများကြောင့် နေ့စဉ် ပိုးမွှားအသစ်များ ပိုမို ပေါက်ဖွားလာ သည်ကို တွေ့ရှိရကြောင်း၊ ယင်း ပိုးမွှားအသစ်များအတွက် ဆေးရုံမှ နေ့စဉ် ကုန်ကျစရိတ်မှာ တရက်လျှင် ကျပ် ၃၅ သိန်း ရှိနေကြောင်း ဒေါက်တာ လှိုင်မြင့်ဟန်က ပြောသည်။
ယင်း ဆေးရုံကို လူမှုကူညီရေးအဖွဲ့များမှ လှူဒါန်းမှု နည်းပါးနေသေးပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ဘတ်ဂျက်တွက်ချက် ကူညီပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။
ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသည့် လူနာများမှာ ည ၁၀ နာရီကျော်လျှင် ချမ်း၍ တုန်ခိုက်ဖျားနာလာပြီး ရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရကြောင်း လူနာစောင့် တဦးဖြစ်သည့် ဦးဇော်ဝင်းနိုင်က ပြောသည်။
မန္တလေးမြို့ဟောင်း ဘူတာမှ ထွက်ခွာလာသည့် ရထားအမှတ် ၈၀၇ ဆီအထူး အဆန်ရထားသည် နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် မိုင်တိုင်အမှတ် ၅၁၁/ ၈ နှင့် ၁၃ အကြား ချပ်သင်းဘူတာ အဝင်တွင် တွဲဘီးချော်ကာ တွဲအမှတ် ၇၊ ၈၊ ၉ စသည့် ဆီတွဲ ၃ တွဲ တိမ်းမှောက်ခဲ့ပြီး အပြင်သို့ ထွက်ရှိလာသည့် ဆီများကို နီးစပ်ရာ ဒေသခံများက လိုက်လံ ခပ်ယူရာမှ မီးထလောင်ခြင်း ဖြစ်သည်။
“ရထားဆီတွဲက ၁၀ တွဲပါတာ။ ၃ တွဲက တွဲချော်ပြီး တိမ်းမှောက်တာ။ ဆီတွေက လယ်ဧကတွေထဲ လျှံဖိတ်သွားတာ။ အဲဒါကို နီးစပ်တဲ့ ရွာတွေက ဒေသခံတွေ လာပြီး ဆီတွေ ခပ်ယူကြတာ။ မနက် ၉ နာရီလောက် မှောက်တာ ၁၀ နာရီ လောက်လည်း ရောက်ရော ဘယ်လို ဘယ်လိုကနေ မီးထလောင်တာမှန်း မသိဘူး။ မှောက်တဲ့ ဆီတွဲ အနီးအနားမှာလည်း လူစီးရထားတွဲ ရှိနေတယ်။ တယောက်ယောက်က ဆေးလိပ်တို ပစ်မိတာကြောင့်လည်း မီးထလောင်တာ ဖြစ်နိုင်ပါတယ်” ဟု ကိုမင်းကြည်ဦးက ဆက်လက်ပြောသည်။
ယင်း တိမ်းမှောက်မှုကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ၃၄ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရထားပို့ဆောင်ရး ဝန်ကြီးဌာန ဒုဝန်ကြီး သူရ ဦးသောင်းလွင်နှင့် အင်တာဗျူး၌ မီးလောင်ရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍ တုံးလုံးလဲကျသည့် ဓာတ်ဆီတွဲ ၃ တွဲမှ ဓာတ်ဆီများ လယ်ကွင်းထဲသို့ စီးဆင်းသွားရာ အနီးဝန်ကျင်က သိရှိပြီး လာရောက်ခပ်ယူကြောင်း၊ ဆီတွဲ တာဝန်ကျ ဝန်ထမ်းများက ဟန့်တားသော်လည်း မရကြောင်း၊ အတည်ပြု စုံစမ်းမှုအရ နေပူချိန်တွင် ဓာတ်ဆီခပ်ယူသူများ၏ သံပုံး သံခွက်အချင်းချင်း ထိခိုက်မိရာမှ မီးပွင့်ပြီး လယ်ကွင်ထဲတွင် မီးလောင်ခြင်း ဖြစ်ကြောင်း၊ ဆီတင်တွဲများ မီးလောင်မရှိဘဲ မီးဟပ်သည့် အနေအထားသာ ဖြစ်ကြောင်း ပြောကြားထားသည်။