စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းသွားရန် သပိတ်စခန်း ၂ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
စီမံကိန်း ဆက်လက် မလုပ်ဆောင်နိုင်ရန် ထောင်ဂဏန်းဝန်းကျင်ရှိ ဒေသခံများသည် ယနေ့ နံနက်ပိုင်းတွင် စီးပွားရေး ဦးပိုင် လီမိတက်နှင့်တရုတ်အမျိုးသားပိုင် ဝမ်ပေါင် ကုမ္ပဏီရှေ့နှင့်လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့သည့် နေရာတို့၌ သပိတ် စခန်းပြုလုပ်ထားကာ ဆန္ဒပြ တောင်းဆိုနေကြ ကြောင်း ဦးဆောင်သူ တဦး ဖြစ်သည့် ကိုဟန်ဝင်းအောင် က ဧရာဝတီ ကို ပြောသည်။
“ဆန္ဒပြလူအုပ်ကြီးက ဒီနေ့ မနက်မှာပဲ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီရှေ့မှာ ဝိုင်းထားကြတယ်၊ ကုမ္ပဏီဝင်းထဲ က စက်ယန္တ ယားတွေ လုပ်ငန်းခွင်ထဲ လုံးဝထွက်ခွာလို့ မရအောင် ပိတ်ဆို့ တားဆီးထားကြပါတယ်”ဟု ၎င်း က ဆိုသည်။
ကုမ္ပဏီများရှေ့၌ ပင်မ သပိတ်စခန်း ထားရှိကြောင်း သပိတ်စခန်းအနီးတွင် လုံးခြုံရေးအင်အား ၃၀၀ ကျော်အထိ တိုးမြှင့်ချ ထား ကြောင်း၊ သို့သော် ယခုအချိန် ထိဖမ်းဆီးခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း မရှိသေးကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် ဒေသခံ ကိုအောင်ဇော်ဦး က လည်း ပြော သည်။
၎င်းက“ကြေးနီစီမံကိန်း မရပ်မချင်း ဆန္ဒပြသွားဖို့ ဆုံးဖြတ်ထားကြပြီးပါပြီ”ဟု ဆိုသည်။ တကျော့ပြန် ဆန္ဒပြမှုကို နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ကြသည်။ ထိုစီမံကိန်းနှင့်ပတ်သက်သည့် ဆန္ဒပြမှုများ ပြီးခဲ့သည့် မေလကပင် ဖြစ်ပွားနေခြင်းဖြစ်သည်။
မုံရွာ၊ မြင်းခြံ၊ ပခုက္ကူ၊ ရေစကြို၊ မြေမြို့ စသည့် ဒေသများမှ ဆရာတော်၊ သံဃာတော်များသည်လည်း အင်အားဖြည့်ရန် ဆား လင်းကြီး ဒေသသို့ စုရုံးရောက်ရှိနေကြောင်း၊ ဆန္ဒပြသူများအတွက် စားသောက်ဖွယ်ရာများကို ဒေသခံပြည်သူများက ဆောင် ရွက်ပေးနေကြောင်း၊ ကျန်းမာရေးကိစ္စ အရေးပေါ် ဖြစ်လာပါ က ကူညီနိုင်ရန် ဆေးခန်းတခု ပြုလုပ်ရန် စီစဉ်နေကြောင်း ကို ဟန်ဝင်းအောင် က ပြောသည်။
ဒေသအသီးသီးမှ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် ၂၀၀ ဝန်းကျင်သည် ဆန္ဒပြလူထုကို ဦးဆောင်၍ ဆား လင်းကြီးအရပ် ညောင်ပင်ကြီးဂိတ်မှတဆင့် ကုမ္ပဏစီ၊ မံကိန်းလုပ်ငန်းခွင်၊ လယ်တီဆရာတော်ကြီး ကျောင်း အထိ ကြွေးကြော် သံများ၊ ပိုစတာများ ကိုင်ဆောင်၍ ချီတက်ကြ ကြောင်း ဦးဆောင်ပါဝင်ခဲ့သော သံဃာတော် အရှင် ဦးနန္ဒာ စာရ က မိန့်ကြား သည်။
ကြွေးကြော်သံများတွင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ဝမ်ပေါင်ကုမ္ပဏီ ဖျက်သိမ်းရေး၊ ဦးပိုင်ကုမ္ပဏီ ဖျက်သိမ်းရေး ဒို့အရေး စသည်ဖြင့် ကြွေးကြော် ချီတက်ကြကြောင်း ဆက်လက် မိန့်ကြားသည်။
စီမံကိန်း လုံး၀ ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းတည်ဆောက်၍ ဆက်လက် ဆန္ဒပြလုပ်ဆောင်မည် ဖြစ်ကြောင်း၊ အာဏာ ပိုင်များ၊ ကုမ္ပဏီ တာဝန်ရှိသူများနှင့်ညှိနှှိုင်း ဆွေးနွေးရန် လုံး၀ အစီအစဉ် မရှိကြောင်း ဆန္ဒပြသူများက ပြောသည်။
အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် စီမံကိန်း ပတ်ဝန်းကျင်ရှိ ဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီး တောစသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော်သိမ်းဆည်း ခံထားရသည်။ စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြတောင်း ဆိုမှုများ မေလမှစ၍ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုဒေသ၌ ဇူလိုင်လ ၂၃ ရက်မှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည်။
ကြေးနီစီမံကိန်း လုပ်ငန်းခွင်များမှ စွန့်ပစ်ပစ္စည်းများ၊ ဆာလဖြူရစ် အက်စစ် စက်ရုံတို့ကြောင့် ဒေသတဝိုက်တွင် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိကြောင်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များက လည်း ထောက်ပြ ဝေဖန်မှုများ ရှိသည်။
ဆားလင်းကြီး မြို့နယ်အတွင်းရှိ ကြေးစင်တောင်နှင့် လက်ပန်းတောင်းတောင် ဒေသများရှိ ကြေးနီစီမံကိန်းများအား စီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများ ဖြစ်သည့် ဝမ်ပေါင်၊ မြန်မာ ယမ်စီ ကုမ္ပဏီ များက၂၀၁၁ ခုနှစ် နှောင်းပိုင်းမှစတင်၍ ကြေး နီ တူးဖော်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဆားလင်းကြီး ကြေးနီစီမံကိန်းအပြင် မုံရွာတွင်လည်း ကြေးနီ စီမံကိန်း တခုရှိကာ တရုတ် ကုမ္ပဏီများက ပါဝင်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်
မုံရွာကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီ စီမံကိန်းတခုဖြစ်ပြီး ယခင် မြန်မာအစိုးရ အမှတ်(၁) သတ္ထုတွင်း ဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ(Ivanhoe Mines)တို့ ပူးပေါင်းဖွဲ့စည်းထားသော မြန်မာ အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီလီမိတက်(Myanmar Ivanhoe Copper Company Limited – MICCL) က လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။
ထို MICCL အား ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက တားမြစ်ထားသည့် ကုမ္ပဏီများစာရင်းတွင် ထည့် သွင်းခဲ့သည်။