ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က သီတာရပ်ကွက်ရှိ မိဘမဲ့ဂေဟာ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ အိမ်ရှင် သားအဖ အပါအဝင် စုစုပေါင်း ၆ ဦး၏ အမှုမှာ တရားလို စရဖ (စစ်ဖက်ရေးရာ လုံခြုံရေး) ဘက်မှ ရုံးချိန်းလာရောက်ရန် ပျက်ကွက်မူများ၊ ရွေ့ဆိုင်းမူများကြောင့် ကြန့်ကြာလျက်ရှိကြောင်း သတင်းရရှိသည်။

“စရဖ တွေက ရုံးချိန်းတွေဆို မလာဘူး။ ဘာလို့ မလာဘူးလို့မေးရင် တရားရုံးက ဖုန်းဆက် ထားတယ်၊ စာပို့ထားတယ်ပဲ ပြောတယ် ဒီနေ့ရုံးချိန်းလည်း မလာဘူး” ဟု အဖမ်းခံထားရသူ ဦးဒရောင် တန်ဂွန်း၏ သမီး မဒရောင် ခေါ်န်ဘူက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။
မဒရောင် ခေါ်န်ဘူ၏ ခင်ပွန်းသည်လည်း အဖမ်း ခံထားရသည်။ ယင်းအမှုကို မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက တရားလို အဖြစ် တရားစွဲဆိုခြင်း ဖြစ်သည်။
ယင်းအမူ အတွက် တရားလိုပြသက်သေ ၃၄ ဦး စစ်ဆေးမည်ဟု တင်ခဲ့သော်လည်း အမှု အစပိုင်းတွင် ရှေ့နေအဖြစ် ဆောင်ရွက်ပေးသူ ဒေါ်ဒွဲဘူက ၁၅ ဦးကိုသာ စစ်ဆေးရန် တင်ပြခဲ့သည်။ အစိုးရသက်သေများ သည်လည်း ပုံမှန် ရုံးချိန်းလာလေ့ မရှိဘဲ ၎င်းတို့လာသည့် အချိန်တွင်မှ အမူစစ်ဆေးနေရသည်။
ပေါက်ကွဲမူ ဖြစ်ပွားသည့်အချိန်တွင် နေအိမ်တွင်မရှိဘဲ ခရီးလွန်နေသည့် အိမ်ရှင် ဦးတန်ဂွန်းကို ပေါက်ကွဲစေမူ၊ သတင်းထိန်းချန်မူ၊ လူသတ်မူ၊ လူသေမူ၊ မီးလောင်မူတို့နှင့် တရားစွဲထားသည်။ ဦးတန်ဂွန်းနှင့် အမူတွဲ ၅ ဦးကိုလည်း မြစ်ကြီးနားထောင်ကြီးတွင် ချုပ်နှောင်ထားဆဲဖြစ်သည်။
အမှုစတင်ဖြစ်ပွားစဉ်က စရဖသည် ဦးတန်ဂွန်းကို ၂၄ နာရီကြာ ကျဉ်စက်တို့၍ နှိပ်စက်ခြင်း၊ တခြားသူ ၅ ဦးကို ရိုက်နှက်ခြင်းများ ပြုခဲ့သည်ဟု မခေါ်န်ဘူက ပြောသည်။
“ထောင်ကြီးကို ရောက်သွားတော့ နှိပ်စက်တာတွေ မရှိတော့ပါဘူး” ဟု မခေါ်န်ဘူက ဆိုသည်။
ပေါက်ကွဲမူဖြစ်ပြီး ပျက်စီးသွားသည့် ဂေဟာသည်လည်း ယနေ့အထိ ပြင်ဆင်ခွင့်မရဘဲ ရှိနေသည်။ မြေစာရင်း၊ စည်ပင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အပြန်အလှန် လက်လွှဲနေမူကြောင့် ယင်းဂေဟာတွင်နေသည့် မိဘမဲ့ ကလေးများနှင့် အိမ်သားများမှာ ဘုရားကျောင်းတွင် သွားရောက်နေထိုင်နေရကြောင်း သိရသည်။
“အိမ်ပြင်မယ်ပြောတော့ ရပ်ကွက်လူကြီးက မပြင်ခိုင်းဘူး။ ဂရန်ပြတဲ့၊ ဂရန်က မရှိတော့ဘူးလေ။ ဒါဆိုမြေစာရင်းသွားတဲ့၊ မြေစာရင်းကို သွားတော့ စည်ပင်ထောက်ခံချက် လိုတယ်တဲ့၊ စည်ပင်က မြေစာရင်းကို ပြန်သွားဖို့ပြောတယ်။ မြေစာရင်းက ရပ်ကွက်ထောက်ခံစာ လိုတယ်၊ ဒါပေမယ့် ရပ်ကွက်လူကြီးက ထောက်ခံစာ မပေးဘူး” မဒရောင် ခေါ်န်ဘူက ပြောသည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် မူတည်ကာ အမှုအခြေအနေ ကောင်းလာနိုင်သော်လည်း လက်ရှိအခြေအနများက ရှေ့နေများပင် မှန်းဆ မရနိုင် ဖြစ်နေကြောင်း မခေါ်န်ဘူက ပြောသည်။
အမူကြန့်ကြာနေခြင်း၊ အိမ်ပြန်ပြင်ဆောက်ခွင့် မရခြင်းတို့နှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စာတင်ထားသည်ဟု မခေါ်န်ဘူက ဆိုသည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမူကြောင့် မိဘမဲ့ကလေး ၁၀ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ မှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ခဲ့ရသည်။