မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတအိုဘားမားက နိုင်ငံတွင်းက အပြောင်းအလဲတွေကို ချီးမွမ်းပြောဆိုတဲ့အပြင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက် သွားမယ်ဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ ပိုပြီး ကူညီ သွားမယ်လို့လည်း ကတိပေးပြောဆို လိုက်ပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ ခင်ဗျားတို့နဲ့အတူ ရှိနေတယ်” လို့ သမ္မတအိုဘားမားက သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ စင်မြင့်ပေါ်ကနေ တနိုင်ငံလုံးကို ရည်ရွယ်မိန့်ခွန်းပြောရာမှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် “ကျနော်တို့ ရည်မှန်းချက်က အပြောင်းအလဲ ဒီရေမြင့် နေတာကို ဆက်လက်ထိန်းသိမ်းထားဖို့ပါပဲ” လို့လည်း သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှေ့လျှောက်ကြုံတွေ့ရမယ့် ခက်ခဲလှတဲ့ နှစ်တွေမှာလည်း ဒီအကူအညီကို ဆက်ပေးသွားမယ်လို့ ကျမတို့ ယုံကြည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအိုဘားမားနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဘယ်အသွင်ကူးပြောင်းမှုမှာပဲဖြစ်ဖြစ် အခက်အခဲဆုံးအချိန်က အောင်မြင်မှုကို မြင်ရပြီလို့ ထင်တဲ့အချိန်ပါပဲ။ တံလျှပ် လိုအောင်မြင်မှုမျိုးနဲ့ ဖြားယောင်းမခံရအောင် ကျမတို့ သိပ်ကို ဂရုစိုက်ရပါလိမ့်မယ်” လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
သမ္မတအိုဘားမားကတော့ မြန်မာအစိုးရခေါင်းဆောင်တွေအနေနဲ့ တကယ်စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နေမယ်ဆိုရင် “တကယ်အောင်မြင်မှုရဖို့ ကျနော်တို့ လုပ်နိုင်တာတွေ အားလုံး လုပ်ပေးပါ့မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဒီနေ့မနက်ပိုင်း တွေ့ပြီးတဲ့နောက်မှာ သမ္မတ အိုဘားမားက မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဟာ “သိပ်လှတဲ့ ဒီနိုင်ငံရဲ့ အံ့သြလောက်စရာ အလားအလာကောင်းတွေကို” လမ်းပွင့်သွားစေနိုင်တယ်လို့ ပြောပါ တယ်။
မဂ်လာဒုံ လေဆိပ်ကို ဆိုက်ရောက်လာအပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံဆွေးနွေးပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး အခြေအနေကောင်းများကို ဖန်တီး တည်ဆောက်နေကြောင်း ပြောပြီး သမ္မတ အိုဘားမားက ကလေးစစ်သားကိစ္စ၊ လူ့အခွင့်အရေး အခြေခံကောင်းများ ဆက်လက် အရှိန်မြှင့်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ ကိစ္စများကို လေးစားလိုက်နာသွားမည်ဟု ယုံကြည်ကြောင်း ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နေ့လည်ပိုင်းမှာ ရွှေတိဂုံစေတီတော်ကို အိုဘားမားနဲ့ အဖွဲ့ သွားရောက်ဖူးမြှော်ပါတယ်။ အဲဒီကနေ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဆီ ဆက်ပြီး ရန်ကုန်တက္ကသိုလ်မှာ ပရိသတ်တစ်ထောင်လောက် ရှေ့မှာ သမိုင်းဝင်မိန့်ခွန်း ပြောပါတယ်။
အိုဘားမားကို ရန်ကုန်မြို့သူမြို့သားတွေက သွားလေရာ လမ်းဘေးတွေမှာ သောင်းသောင်းဖြဖြ အားပေးကြိုဆိုကြပါတယ်။
သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ၆ နာရီလောက်ပဲ ကြာပါပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်က ၂ နိုင်ငံဆက်ဆံ ရေးမှာ တကယ့်အရေးပါတဲ့ အမှတ်သင်္ကေတဖြစ်ပါတယ်။
မြန်မာပြည်ခရီးစဉ်ဟာ နိုင်ငံကို ကာလအတော်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ပိုင်းကို ထောက်ခံအတည်ပြုတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးမှုတွေ တိုးတက်ဖြစ်ထွန်းနေတာကို အသိ အမှတ်ပြုဖို့နဲ့ ဒီမိုကရေစီတည်ဆောက်ရေးကို အခိုင်အမာ ထောက်ခံပံ့ပိုးဖို့ဆိုတာ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖက်လဲတကင်းလုပ်တာ၊ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဝင်မိန့်ခွန်းပေးတာနဲ့ နေပြည်တော်ကို မသွားခဲ့တာတွေက သက်သေခံခဲ့ပါတယ်။
အိမ်ဖြူတော်အနေနဲ့ မြန်မာအစိုးရကို အခုလို အဆောတလျင် ချီးကျူးဂုဏ်ပြုတာမျိုး မလုပ်သင့်သေးဘူးလို့လည်း ခရီးစဉ်ကို ဝေဖန်ကန့်ကွက် သူတွေက ဆိုပါတယ်။ မြန်မာပြည်မှာ မွတ်ဆလင်တွေကို အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် လူရာနဲ့ချီသေဆုံးပြီး ၁ သိန်းလောက် အိုးပစ် အိမ်ပစ်ဖြစ်ကြရာတာတွေကို သူ့တို့က ထောက်ပြကြပါတယ်။
အမေရိကန် သမ္မတဟာ သူ့ရဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းဝင်မိန့်ခွန်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တင်းမာမှုတွေနဲ့ ကချင်စစ်ပွဲအပေါ် စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
မြန်မာပြည်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့အပေါ် သမ္မတအိုးဘားမားရဲ့ အစိုးရ က လောင်းကြေး ကြီးကြီးမားမား ထပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လမှာ ဒဲရက် မစ်ချယ် (Derek Mitchell) ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခဲ့တာတင်မကပဲ ၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်ကို မြန်မာပြည် စေလွှတ်ခဲ့တာပါ။
သမ္မတအိုးဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်မှာ ဟေလာရီ ကလင်တန်လည်း အတူလိုက်ပါပါတယ်။ အိမ်ဖြူတော် အရာရှိတွေရဲ့ အဆိုအရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သူ့နေရာကို ဆက်ခံမယ့်သူ တွေ့တာနဲ့ ဟေလာရီ ကလင်တန်ဟာ လက်ရှိရာထူးကနေ အနားယူမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ သူနဲ့ သမ္မတအတူသွားတဲ့ နောက်ဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။
သမ္မတအိုဘားမားဟာ သူ့ရဲ့ ရွေးကောက်ပွဲအနိုင်ရပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို ကမ္ဘောဒီးယားနိုင်ငံမှာ အရှေ့ အာရှ ထိပ်သီးဆွေးနွေးပွဲ (East Asia Summit) တက်ရောက်တာနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဒေသတွင်းမှာ တစစတိုးလာနေတဲ့ တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိမယ့် သူ့အစိုးရအဖွဲ့ရဲ့ “အာရှဆုံချက် (Pivot to Asia)” မူဝါဒကို ပိုအားကောင်းလာအောင် လုပ်တဲ့ နောက်ထပ်ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။
သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (U.S. Agency for International Development) ရဲ့ လုပ်ငန်း ပြန်လည်ထူထောင်မယ်ဆိုတာရယ် ပြီးတော့ မြန်မာအစိုးရရဲ့ ဒီမိုကရေ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မူတည်ပြီး လာမယ့် ၂ နှစ်အတွင်း ဒေါ်လာ သန်း ၁၇၀ အထိ အကူအညီပေးသွားမယ် ဆိုပါတယ်။