အမေရိကန်နိုင်ငံမှ အဆင့်မြင့် အရာရှိများပါဝင်သည့် အဖွဲ့တဖွဲ့သည် ယခုလ ၁၆ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ စစ်တကောင်းတိုင်း၊ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန် Civilian Security, Democracy And Human Rights Department မှ အတွင်းရေးမှူး Maria, ဒုတိယ လက်ထောက် အတွင်းရေးမှူး Keli Clements နှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ် Dan Mozena တို့ ပါဝင်သောအဖွဲ့သည် ကူတူပါလန်ကျေးရွာရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသည့် စခန်းနှင့် UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသည့် စခန်းများကို သွားရောက်ကာ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ကူတူပါလန် ဒုက္ခသည်စခန်းရှိ UNHCR အသိအမှတ်ပြု ဒုက္ခသည်များ၊ အသိအမှတ်ပြုမခံရသော ဒုက္ခသည်များ နေထိုင်သည့် နေရာများနှင့် စာသင်ကျောင်းများကို လှည့်လည် ကြည့်ရှုကြောင်း ဒုက္ခသည်တဦးဖြစ်သူ ကိုမောင်သိန်း (ခ) အအူအာမက်က ပြောသည်။
၎င်းက “ကျနော်တို့ စခန်းတခုလုံးကို လိုက်ကြည့်တယ်။ ကျနော်တို့ ဒုက္ခသည်တွေထဲက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတချို့ကို ခေါ်ပြတယ်။ ဒုက္ခသည်တွေကို စစ်ဆေးမေးမြန်းတာမျိုးတော့ မရှိဘူး။ စခန်းတာဝန်ခံတွေနဲ့ပဲ ပြောဆိုသွားတာကို တွေ့ရပါတယ်” ဟု ဆိုသည်။
ယင်းအဖွဲသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသူတွေကို ကျန်းမာရေး အကူအညီပေးနေသည့် ဟော်လန် နယ်စည်းမခြား ဆရာဝန်အဖွဲ့ (MSF – Holland) ၏ ဆေးခန်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒုက္ခသည်တဦးဖြစ်သည့် နိုဒူဟောက် မာဇီ က “UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး အပြည့်အဝ ထောက်ပံ့ပေးတာက နည်းနည်းပဲရှိတယ်။ ကျန်တဲ့အများစုက ဘာအကူအညီမှ မရဘူး။ ဒုက္ခသည်တွေ စားစရာ မလောက်ဘူး၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေလည်း အများကြီးပဲ” ဟု ပြောသည်။
ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်တွင် နော်ယာပါရာ၊ လေဒန်းနှင့် ကူတူပါလန် ဒုက္ခသည်စခန်းများ ရှိသည့်အနက် ကူတူပါလန်ဒုက္ခသည်စခန်းတွင် UNHCR မှ အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးထားသူ ၁၂၀၀၀ ကျော်၊ UNHCR ဒုက္ခသည်ကတ်သာ ရရှိသူ ၁၇၀၀၀ ကျော်နှင့် UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသူ ၁ သိန်းကျော်ရှိကြောင်း သိရသည်။
“UN က ဒုက္ခသည် စခန်းထဲမှာ သူငယ်တန်းကနေ ၇ တန်းအထိ တက်နိုင်တဲ့ ကျောင်းတွေ ဆောက်ပေးထားတယ်။ ၇ တန်းအောင်ရင်တော့ အပြင်မှာတက်ရတယ်။ အပြင်မှာ တက်တဲ့လူတွေကိုလည်း UN က စရိတ်ထောက်ပံ့ပေးတယ်” ဟု စခန်းအတွင်းမှ ကျောင်းဆရာတဦးက ပြောသည်။
စာသင်ကျောင်းများတွင် ဘင်္ဂါလီစာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သချၤာ စသည်တို့ သင်ကြားကြောင်း၊ ဒုက္ခသည်အဖြစ် အသိမှတ်ပြုမခံရသူများ၏ သားသမီးများမှာမူ မိဘ အုပ်ထိမ်းသူများ၏ အခြေအနေပေါ် မူတည်ပြီး ကျောင်းမတက်နိုင်သူများလည်း ရှိကြောင်း သိရသည်။
ကိုမောင်သိန်း (ခ) အအူအာမက်က ကျောင်းထားနိုင်သည့် မိသားစုများနှင့် ပတ်သက်၍ “သူတို့ကျတော့ တရားမဝင် လမ်းကြောင်းကနေ ပြည်ပရောက်သွားကြတဲ့ လူတွေက ထောက်ပံ့တာတွေ ရှိတယ်။ ဒေသတွင်းမှာ အလုပ် ထွက်လုပ်ကြတာတွေ ရှိတယ်။ အဆင်ပြေတဲ့လူတွေကျတော့ ကလေးတွေကို ကျောင်းထားနိုင်တယ်။ အဆင်မပြေတဲ့ လူတွေကျတော့ ကျောင်းမထားနိုင်ဘူး” ဟု ပြောသည်။