အမျိုးသမီးများ အခွင့်အရေး အပြည့်အဝ ရရှိလာပြီး မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် အမျိုးသမီးဖိုရမ်တရပ်ကို ယာယီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးဖိုရမ် (ယာယီအဖွဲ့) အား တိုင်းနှင့်ပြည်နယ်များမှ ကိုယ်စားလှယ် ၂၅ ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၈ ဦး၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၆ ဦးတို့ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
“ရည်ရွယ်ချက်ကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းက အမျိုးသမီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး လက်ရှိကာလက အမျိုးသမီး ရေးရာ ကိစ္စရပ် ပြဿနာတွေကို ဖော်ထုတ်ပေးဖို့ပါ။ နောက်တခုက အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို Gender ခွဲခြားပြီး ကဏ္ဍအသီးသီးမှာရှိတဲ့ မူဝါဒ ချမှတ်မှုတွေကို အကြံပြုဆွေးနွေးမယ်၊ အမျိုးသမီးအားလုံး ပါဝင်တဲ့ အမျိုးသမီး Forum ဖြစ်မြောက်လာပြီး လမ်းခင်းပေးနိုင်ဖို့ကို ရည်မှန်းနေပါတယ်” ဟု အဆိုပါ အမျိုးသမီး ဖိုရမ်မှ မမေစံပယ်ဖြူက ပြောသည်။
အမျိုးသမီး ဖိုရမ်အဖွဲ့နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အပါအဝင် NGO များ၏ ပထမဆုံး အမျိုးသမီး ချစ်ကြည်ရေး သံတမန်အဖြစ် အောက်မြန်မာပြည် အတွက် အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေနှင့် အထက် မြန်မာပြည်အတွက် ရေဗက္ကာဝင်း တို့အား ရွေးချယ်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုတော် သရုပ်ဆောင် ချစ်သုဝေနှင့် အဆိုတော် ရေဗက္ကာဝင်း တို့သည် အမျိုးသမီးအရေး ကိစ္စနှင့် လူမှုရေး လုပ်ငန်း များတွင် စိတ်ပါဝင်စားပြီး ကူညီလုပ်ဆောင်ပေးကြသူများဖြစ်သောကြောင့် အမျိုးသမီးချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန် ရွှေဂုံတိုင် တော်ဝင် နှင်းဆီခန်းမ၌ ပြုလုပ်သည့် အမျိုးသမီးဖိုရမ်၊ အမျိုးသမီးတို့အသံ သတင်းစာ ရှင်းလင်းပွဲ၌ အမျိုးသမီးဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် မရွှေရွှေစိန်လတ် (ဖန်တီးအိမ်) က ပြောသည်။
“သံတမန်တွေ အနေနဲ့ Women Forum ရဲ့ Issue တွေအပြင် မီဒီယာတွေနဲ့လည်း အမြဲလိုလိုတွေ့ပြီး အမျိုးသမီးတွေ ဘယ်လို အခွင့်အရေးချိုးဖောက်ခံနေရတယ်၊ ဘယ်လို အခွင့်အရေးကို တန်းတူမရဘူး ဆိုတာတွေကို အများပြည်သူတွေ သိအောင် ချပြရမယ်၊ ပြောပေးရမယ်” ဟု ၎င်းက ဆိုသည်။
အနုပညာရှင်များကို အမျိုးသမီး ချစ်ကြည်ရေး သံတမန်အဖြစ် ရွေးချယ်ခြင်း၏ အကြောင်းရင်းမှာ ပညာရှင်များ၏ တိုက်တွန်းပြောဆိုခြင်းထက် အနုပညာရှင်များ၏ ပြောဆိုတိုက်တွန် ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်းခြင်း အပေါ် ပြည်သူများက ပိုမို လက်ခံလေ့ရှိသောကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရသေးဘဲ ခွဲခြားဆက်ဆံမှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ လူ့အခွင့်ရေး ဆိုင်ရာနှင့် အမျိုးသမီး အခွင့်ရေးဆိုင်ရာ ပြဿနာရပ်များအား Women Forum အဖွဲ့က ဝိုင်းဝန်း ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ ကျား၊ မ မခွဲခြားဘဲ တန်းတူ အခွင့်အရေး ရရန် ထိုအဖွဲ့မှ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးကို ပြဌာန်းထားသော်လည်း လိုက်နာ ကျင့်သုံးမှု အားနည်းချို့ယွင်းနေဆဲ ဖြစ်၍ အမျိုးသမီး အခွင့်အလမ်းများ နည်းပါးနေသေးကြောင်း၊ အမျိုးသမီးများ၏ အခွင့်အလမ်းအား ဖော်ဆောင်ပေးမည့် ဥပဒေ မရှိသေးကြောင်း၊ အခြေခံဥပဒေ ပုဒ်မ ၃၅၂ ၌ဖော်ပြထားသည့် အမျိုးသား များနှင့်သာ သင့်လျော်သော ရာထူးများ ဆိုသည့် အချက်သည် အမျိုးသမီးများ အတွက် အခွင့်အလမ်းရရှိမှု မညီမျှစေရေး ကိုသာ ဦးတည်နေကြောင်း UNDP မှ မစန္ဒာသန့်က ပြောသည်။
အထက်ပါ အဖြစ်အပျက်များသည် ၁၉၉၇ ခုနှစ်တွင် ရေးထိုးခဲ့သည့် စီဒေါ ခေါ် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်အား ယခုထက်ပို၍ အကောင်အထည် ဖော်သင့်သည်ကို ရည်ညွှန်းနေကြောင်း Care မှ မနန်းဖြူဖြူလင်းက ဆိုသည်။
အဆိုပါ စီဒေါ သဘောတူညီမှု စာချုပ်တွင် နိုင်ငံရေးရာ ဆုံးဖြတ်ချက်ချသည့် နေရာများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင် ရမည်ဟု သတ်မှတ်ထားသော်လည်း လတ်ရှိကာလတွင်မူ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ခုပေါင်းတွင်မှ ၄. ၆ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီဒေါနှင့် မကိုက်ညီသော အင်္ဂလိပ် အစိုးရလက်ထက်ကတည်းက ပြဌာန်းထားသည့် ဥပဒေများအား ယနေ့အထိ ကျင့်သုံးနေပြီး ခေတ်စနစ်နှင့် မလျော်ညီသည့် ဥပဒေများလည်း ရှိနေကြောင်း UNDP မှ မစန္ဒာသန့်က ဆိုသည်။
“ကျမတို့ အဲဒီ မမျှတတာတွေ၊ မသင့်လျော်တော့ တာတွေ၊ အမျိုးသမီးတွေကို တိုက်ရိုက် သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ခွဲခြားဆက်ဆံတဲ့ နည်းဥပဒေတွေကို ပြောင်းလဲ ပြင်ဆင်သင့်တယ် ဆိုတာကို ဆွေးနွေးတင်ပြထား ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍများအပြင် ဆုံးဖြတ်ချက်ချရသည့် ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ပါဝင် နှုန်းသည်လည်း အလွန်နည်းပါး နေသေးကြောင်း၊ တိုင်းဒေသကြီး အဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး စသည့် အုပ်ချုပ်ရေး ဌာနကဲ့သို့ ထိပ်ပိုင်းနေရာ များ၌လည်း အမျိုးသမီးများ လုံးဝ မပါဝင်ကြောင်း၊ ဤအချက်နှင့် ပတ်သက်ပြီး ဆွေးနွေးကြရာတွင် ဥပဒေ ပြဌာန်းချက်၌ အမျိုးသမီးများ ပါဝင်နိုင်မှုကို ကန့်သတ်မှုများ ရှိနေပြီး ဥပဒေပိုင်းအရ အလွန် အားနည်းနေခြင်းကြောင့် ဖြစ်ကြောင်း မရွှေရွှေစိန်လတ်က ရှင်းပြသည်။
“အမျိုးသမီးတွေ ကိုယ်တိုင်က မိန်းမဆိုတာ ခေါင်းဆောင်နေရာမှာ နေရတာမဟုတ်ဘူး၊ ဒီနေရာတွေဟာ ကိုယ့်အတွက် မဟုတ်ဘူး၊ ယောက်ျားသားတွေကိုပဲ ပံ့ပိုးပေးရမယ်ဆိုတဲ့ စိတ်တွေ၊ မိမိပတ်ဝန်းကျင် ကလည်း အမျိုးသမီးတွေဆို ခေါင်းဆောင်နေရာ မပေးချင်တဲ့၊ အားမပေးတဲ့ စိတ်တွေကြောင့် ကျမတို့ဟာ အုပ်ချုပ်ရေးမှာ အတွေ့အကြုံမရဘူး။ ဒါကြောင့် အရည်အချင်း မရှိဘူး၊ ဒါကြောင့် ယုံကြည်မှုနည်းတယ်၊ ဒါကြောင့် ဝင်နေရာမယူဘူး ဒီလိုတွေနဲ့ပဲ သံသရာ လည်နေကြ ပါတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသမီးများအား “မှီခို” ဆိုသည့် အသုံးအနှုန်းမသုံးဘဲ မိခင် (သို့) အိမ်ထောင်ရှင်မ ဟုသာ သုံးစွဲပေးမည်ဆိုပါက ပိုမိုကောင်းမွန်နိုင်ကြောင်း၊ တချို့ လူမျိုးများသည် သမီး မိန်းကလေးများကို အမွေ မပေးကြကြောင်း၊ ထို့အပြင် သားသမီး မွေးဖွားမှုနှုန်းကို အမျိုးသမီးများက ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် အမျိုးသမီးများအနေဖြင့် မိသားစု အရေးကိစ္စများတွင် ဆုံးဖြတ်ချက်ချသည့် နေရာတွေမှာ ပါဝင်ခွင့် ရသင့်ကြောင်း Care မှ မနန်းဖြူဖြူလင်းက ဆိုသည်။
အမေရိကန် သမ္မတ အိုဘားမားကလည်း ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်း ၎င်းနှင့် တွေ့ဆုံပြီး နောက် ပရိသတ်များကို မိန့်ခွန်း ပြောရာတွင် နေရာတိုင်း၌ အမျိုးသမီးနှင့် အမျိုးသားများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တန်းတူညီမျှမှုရှိနိုင်ရမည်ဟု ဆိုသွားခဲ့သည်။