မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကူးသန်းသွားလာခွင့်ကို မြန်မာဘက်က ပိတ်ထားလိုက်ပြီး နယ်စပ်တွင် ဖမ်းဆီးခံရကာ ပျောက်ဆုံးနေသော မြန်မာစစ်သား ၃ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ရှာဖွေမပေးသည့် အတွက် ဖြစ်နိုင်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးလုပ်ငန်းခွင်မှ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့ဝင် စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့သည်။
မောင်တောမြို့နယ် အောင်ဗလရွာသား လှေသမားတဦးက “ခြံစည်းရိုးလုပ်ရင်း အဖမ်းခံလိုက်ရတဲ့ တပ်ကလူတွေကို ဘင်္ဂလားဘက်က ပြန်ရှာမပေးလို့ မြန်မာဘက်က ပိတ်ထားတာပါ။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာ မသိဘူး။ လောလောဆယ်တော့ ကျနော်တို့ တရားမဝင်လှေတွေ ထွက်လို့မရဘူး။ တရားဝင် နေ့ချင်းပြန် ပတ်စ်ပို့သမားတွေကိုလည်း ပိတ်ထားတယ်လို့ ကြားပါတယ်” ဟု ပြောသည်။
မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းရာ နယ်စပ်ပိတ်လိုက်သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသော်လည်း အသေးစိတ်ဖြေဆိုရန်မှု ငြင်းဆန်သွားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တရားမဝင်နှင့် တရားဝင် ကူသန်းသွားလာခွင့်ကို ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဇွန်လ ၈ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး သြဂတ်လ ၂၇ ရက်နေ့တွင် နေ့ချင်းပြန် နယ်စပ်ကူးလက်မှတ်နှင့် တရားမဝင်လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ကြောင်း၊ ၇ ရက်သက်တမ်း နယ်စပ်ကူးလက်မှတ်ကိုမူ ယနေ့အထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့နယ်ရှိ မြစ်နားရွာသားတဦးက “အခြေအနေကတော့ ဟိုဘက်ဒီဘက် သွားလာတာတွေ မရှိဘူး။ ဘင်္ဂလားဘက်က ပိတ်ထားတာတော့ မဟုတ်ဘူး။ တာ့ခ်နာက နှစ်နိုင်ငံ ကုန်သွယ်ရေး ဆိပ်ကမ်းမှာလည်း မြန်မာဘက်က လှေတွေ မရှိသလောက်ပဲ။ တရားဝင်လမ်းက ၂ စီးလောက်ပဲ ရှိတယ်” ဟု မြစ်နားရွာသားက ပြောသည်။
ဖမ်းဆီးခံရသည့် စစ်သားများ ပြန်လည်ရရှိရေးအတွက် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် (BGB) တို့ ၇ ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ သစ်၊ နွား၊ ဝါး၊ ဆား၊ ငါး၊ ငါးခြောက်၊ သွားရည်စာ ယိုထုတ်များ၊ အဝတ်အထည် စသည်တို့ကို တင်သွင်းကြောင်း၊ တရားဝင်ရော မှောင်ခိုကုန်ပစ္စည်းကိုပါ ဘင်္ဂလားဒေ့ရှ်က တရားဝင်အဖြစ် လက်ခံကာ ယင်းပစ္စည်းများပေါ်တွင် အခွန်ကောက်ခံကြောင်း သိရသည်။
“သစ်တို့၊ နွားတို့ကျတော့ မြန်မာဘက်က တရားဝင် ခွင့်ပြုတာတော့ မဟုတ်ဘူး။ ကျနော်တို့ ကုန်သည်တွေကလည်း အလုပ်အကိုင်ရှားပါတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပေးကမ်းပြီး လာနေကြရတာပဲ။ ဘင်္ဂလားဒေ့ရှ်က ကျတော့လည်း သစ်တို့၊ နွားတို့ အပေါ်ကရတဲ့ အခွန်က အများဆုံး။ နောက်ပြီး သူတို့နိုင်ငံကို ဝင်လာတာဆိုတော့ ဘယ်လိုနည်းနဲ့လာလာ လက်ခံနေတာပေါ့” ဟု တောင်ကုတ်မှ သစ်ကုန်သည်တဦးက ပြောသည်။