အမေရိကန်သမ္မတ အိုဘားမားက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို နိုင်ငံသားတဦးကဲ့သို့ အခြေခံ လူ့အခွင့်အရေးများ ပေးအပ်သင့်သည် ဆိုသော ပြောဆိုမှုနှင့် ဆက်စပ်ပြီး ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံကြောင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုလိုက်သည်။
ယနေ့ ညနေ ၅ နာရီ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့၏ ရခိုင်အရေး တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ၎င်းက ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်များကို ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောကြားသော မိန့်ခွန်းထဲတွင် “ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကို မြင်နေရပါတယ်။ ရခိုင် တိုင်းရင်းသားများ အပါအဝင် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန် ညှင်းပန်းနှိပ်စက်မှု ဒဏ်ကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း ခင်ဗျားတို့လို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့ သူတို့ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့ အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက် ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ” ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက အင်မတန်မှ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စု အစိုးရအနေနဲ့ရော၊ ရှေ့က အစိုးရ အဆက်ဆက်အနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကိုသော် လည်းကောင်း၊ တိုင်းရင်းသားဆိုတဲ့ အချက်ကိုသော် လည်းကောင်း လက်ခံထားခြင်း မရှိပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ” ဟု ရှင်းပြသည်။
ဧရာဝတီသတင်းဌာနက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရင်း အမည်မသိ လက်နက်ကိုင်များ၏ ဖမ်းဆီးခေါ်ခြင်း ခံသွားရသော မြန်မာစစ်သားများကိစ္စနှင့် ပတ်သက်ပြီး အစိုးရက မည်သို့မည်ပုံ ဆောင်ရွက်လျက် ရှိပါသနည်းဟု မေးမြန်းရာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အတွက် မိမိမဖြေကြားနိုင်ကြောင်း ပြောသည်။
“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပဲ သက်ဆိုင်တဲ့အတွက် ကျနော် မဖြေနိုင်ပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အဖွဲ့အစည်းများ ရှိနေသည်ဆိုပြီး အစိုးရက မကြာခဏဆိုသကဲ့သို့ သတင်းထုတ်ပြန်လေ့ ရှိသည့်အတွက် မည်သည့်အဖွဲ့အစည်းများ ရှိနေပါသနည်း၊ မည်သူများကို အရေးယူထားပါသနည်း ဆိုသော ဧရာဝတီ၏ မေးခွန်းနှင့် ပတ်သက်ပြီးလည်း တိကျစွာ ဖြေကြားခြင်းမပြုခဲ့ပေ။
“အကြမ်းဖက်မှုတွေဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခြင်း၊ လှုံ့ဆော်ခြင်း ပြုလုပ်တဲ့သူတွေက နှစ်ဖက်စလုံးမှာ ရှိတယ်ဆိုတာ ကျနော်တို့ ပြောခဲ့တာရှိတယ်။ ဒါတွေကလည်း ကျနော်တို့မှာ ခိုင်လုံသော အထောက်အထားတွေ တွေ့ရှိပြီး ဖြစ်ပါတယ်။ ဆက်လက် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အရေးယူမှု မပြုခင် ထုတ်ဖော်ပြောဖို့ မသင့်ဘူးလို့ ယူဆပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး ယင်းသို့လုပ်ဆောင်ရာတွင် လူမျိုးစုနှစ်ခုစလုံးမှ ခေါင်းဆောင်များ၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ စိစစ်ရာတွင်လည်း ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်မျှ နိုင်ငံသားဖြစ်ခွင့်ရှိမည်ကို ဖြေကြားခြင်းနိုင်ခြင်း မရှိသေးကြောင်း၊ လတ်တလော အနေအထားတွင် စိစစ်နေဆဲဖြစ်ပြီး အထောက်အထား မပြနိုင်သူများကို တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်မည်ဟု သိရှိရသည်။
“လူအဖွဲ့အစည်း နှစ်ခုကြားမှာ သံသယတွေ ရှိနေကြတယ်။ ဘင်္ဂါလီတွေ မှတ်ပုံတင်တွေ ရသွား၊ မှတ်ပုံတင်နှစ်ခုလောက် ကိုင်နေတာတွေမြင်တော့ ရခိုင်တွေဘက်ကလည်း ခိုးဝင်လာတဲ့သူတွေဆိုပြီး ခံစားချက်တွေရှိတယ်။ တဘက်ကလည်း ဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်လာတာ ခိုးဝင်တာမဟုတ်ဘူးဆိုတဲ့ ခံစားချက်ရှိတယ်။ နှစ်ဘက်စလုံးက စစ်ဆေးပေးစေလိုတဲ့ အတွက်ကြောင့် စစ်ဆေးတာဖြစ်တယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။
နိုင်ငံသား စိစစ်ရေးလုပ်ငန်းများအပြီး မည်သို့ နိုင်ငံသားမှတ်ပုံတင်ကတ် ထုတ်ပေးမည်၊ တရားမဝင် ဝင်ရောက်လာသူအဖြစ် သတ်မှတ်ပြီးသူများကို မည်သို့မည်ပုံ အရေးယူမည်ကိုမူ နယ်စပ်လုံခြုံရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသွားသည်။
နိုင်ငံသားစိစစ်ရာတွင်လည်း ရိုဟင်ဂျာအဖြစ် မှတ်ပုံတင်ခွင့်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရှိရသည်။
“ရိုဟင်ဂျာအဖြစ် စာရင်းသွင်းဖို့ တောင်းဆိုတာက တထောင်မှာ တရာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လဝကက စစ်လိုက်တော့ အဖေကလည်း ဘင်္ဂါလီ၊ အမေကလည်း ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဖြစ်ချင်တာက ဆန္ဒစွဲတွေဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။
လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ်၌ ဒုက္ခသည် ခြောက်သိန်းရှိနေပြီး ယင်းဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၆၈ သန်း လိုအပ်နေကြောင်း သိရှိရသည်။
“အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် အရေအတွက် ၁၁၁၀၀၀၊ ဟိုတလောက တောင်ပြို၊ ရေကြီးတာကြောင့် ဒုက္ခသည်အရေအတွက် ၁၉၀၀၀၊ ဂီရိမုန်တိုင်းဒဏ်ကြောင့် ဒုက္ခသည် ၂၆၀၀၀၀၊ စိုက်ပျိုးရခက်ခဲ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ၂၀၀၀၀၀ လောက် စားနပ်ရိက္ခာ အခက်အခဲ ရင်ဆိုင်နေရတယ်။ စုစုပေါင်း ဒုက္ခသည်ခြောက်သိန်း အကျပ်အတည်း ဆိုက်ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး မြန်မာအစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေပြီး နေအိမ်များနှင့် အဆောက်အအုံများ မီးရှို့ခံရခြင်း အပါအဝင် အပျက်အစီးများစွာ ကြုံတွေ့ရလျက်ရှိသည်။