မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမိုကရေစီ ပါတီ (People Democracy Party – PDP) ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး မမှန်မကန်စွပ်စွဲမှု၊ အသရေဖျက်မှုတို့ဖြင့် ကချင်ပြည်နယ်အစိုးရက တရားစွဲဆိုထားသဖြင့် သက်ဆိုင်ရာဒေသများ၌ တရား ရင်ဆိုင်နေရပြီး အာမခံမရဘဲ ဖမ်းဆီးခံထားရကြောင်း PDP ပါတီက ပြောသည်။
PDP ပါတီမှ လစဉ်ထုတ် ပြည်သူ့လုပ်သား စာစောင်မှတဆင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင်များအား ပုဂ္ဂိုလ်ရေး ထိခိုက်စေသော ရေးသားမှုများ ထည့်သွင်းဖော်ပြသဖြင့် ကာယကံရှင်များက တရားစွဲဆိုထားပြီး ပါတီဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူ ၃ ဦးတို့ တရားရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ စာစောင်ကနေပြီးတော့ ကချင်ပြည်နယ်အစိုးရကို ဂုဏ်သိက္ခာ ညိုးနွမ်းအောင်၊ ကျဆင်းအောင် ရေးတယ်ဆိုတဲ့ ပုံစံနဲ့ဖမ်းပြီး တရားစွဲတာ” ဟု PDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်အစိုးရက PDP ပါတီ ခေါင်းဆောင်များကို အသရေဖျက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀၊ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ၊ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှုကို သက်ရောက်စေမှု ပုဒ်မ ၅၀၅ (ဂ)၊ ၁၉၆၂ ပုံနှိပ်ဥပဒေ ပုဒ်မ ၂၀ တို့ဖြင့် တရားစွဲဆိုထားကြောင်း သူက ဆက်ပြောသည်။
တရားစွဲခံနေရသော ပါတီဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းထိုက်ဦးနှင့် ပါတီ ဒုဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ တနိုင်းမြို့နယ် စည်းရုံးရေး ကော်မတီဝင် ဒေါ်နန်းခမ်းထွေးတို့မှာ တနိုင်းမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေရပြီး ယင်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။
ထို့အတူ PDP ပါတီ၏ ဗဟိုဦးစီးကော်မတီဝင် ဖြစ်သည့် ဦးဝင်းနိုင်နှင့် ကချင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်ကြေးမုံ တို့မှာလည်း ယင်းအမှုဖြင့်ပင် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရပြီး ယင်းမြို့နယ် ရဲစခန်းတွင်ပင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
ပါတီ တာဝန်ရှိသူများကို ကချင်ပြည်နယ် အစိုးရ၏ တိုင်တန်းမှုဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့က ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဝရမ်းထုတ်၍ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၅ ဦးအနက် ဒေါ်နန်းခမ်းထွေးမှာ ကျန်းမာရေး အာမခံဖြင့် အပြင်ထွက်ခွင့် ရသော်လည်း ကျန်း ၄ ဦးကို အာမခံ ပေးခွင့်မရှိသဖြင့် ချုပ်နှောင်ခံထားရကြောင်း ဦးအောင်မြင့်က ပြောသည်။
တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် အစိုးရအဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။
PDP ပါတီသည် ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းတွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေး မဟာအောင်မြေမြို့နယ်၊ ပုလဲမြို့နယ်နှင့် ရေးဦးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ၃ နေရာစလုံးတွင် အနိုင်မရရှိခဲ့ပေ။
ကချင်ပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ PDP ပါတီက ၎င်းတို့ ထုတ်ဝေသော လစဉ်ထုတ် ပြည်သူ့လုပ်သား စာစောင်မှတဆင့် ဝေဖန်ရေးသားမှုများ မကြခဏ ပြုလုပ်လေ့ရှိပြီး ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သော ကချင်ပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကားလုပ်ငန်း၊ စက်လှေလုပ်ငန်း၊ ကချင်ရိုးရာ မနောပွဲ ကိစ္စရပ်များတွင် အာဏာသုံး လုပ်ဆောင်ချက်များရှိကြောင်း ရေးသားခဲ့သည်။
ယင်းသို့ ရေးသားမှုများအနက် ကချင်ပြည်နယ် မနောပွဲ ဘဏ္ဍာရေး ထိန်းချုပ်မှုနှင့် ပတ်သက်၍ PDP ပါတီ၏ စွပ်စွဲရေးသားမှုကို PDP ပါတီအနေဖြင့် ကချင်ပြည်နယ် အစိုးရကို ပြန်လည် တောင်းပန်ရန် အစိုးရသတင်းစာမှတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း PDP က ယင်းကြေညာချက်ကို ပြန်လည် ရုတ်သိမ်းရန် ချေပပြောဆိုခဲ့သည်။
ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲခံနေရသည့် ပါတီခေါင်းဆောင်များကိစ္စနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ ခုံရုံးဖွဲ့စစ်ဆေးပေးရန် PDP ပါတီက တောင်းဆိုထားသည်ဟု သိရသည်။
“ကျနော်တို့ မှားတယ်ဆိုရင် ပါတီကိုပါ ဖျက်ဖျက်၊ လူတွေလည်း ထောင်ကျကျ ခံရဲပါတယ်။ ကျနော်တို့က မှန်တယ်ဆိုရင်လည်း မှားတဲ့လူကို ဥပဒေအရ အရေးယူသင့်တာပေါ့၊ နိုင်ငံတော်သမ္မတကလည်း Check and balance ဆိုတာပြောထားတယ်။ အခုတော့ သူတို့က လက်ဦးမှုယူပြီး လုပ်သွားတော့ ကျနော်တို့က တဖက်စောင်းနင်းကြီး ခံလိုက်ရတာ” ဟု ဦးအာင်မြင့်က ပြောသည်။
PDP ပါတီခေါင်းဆောင်များကို တရားစွဲဆိုထားသော ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ တနိုင်း အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ် ခံခဲ့သူဖြစ်ပြီး ထိုစဉ်က ပြည်တွင်း၊ ပြည်ပ ကချင်အတိုက်အခံများနှင့် ဒေသခံ လုထုတချို့၏ ကန့်ကွက်မှုကို ခံခဲ့ရသည်။
ယခုနှစ် သြဂုတ်လဆန်းပိုင်းကလည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP) က ထုတ်ဝေသော ဒိုင်ဗာစတီး စာစောင်တွင် နိုင်ငံရေးနှင့် မသက်ဆိုင်သော အကြောင်းအရာများကို ရေးသားဖော်ပြမှုဖြင့် ပါတီ စာစောင် ထုတ်ဝေခွင့်အတွက် စပေါ်တင်ထားသည့် ကျပ် ၅ သိန်းကို ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူလိုက်သည်။
ထိုစဉ်က PDP ပါတီက ထုတ်ဝေသော စာစောင်မျက်နှာဖုံးတွင် ဝန်ထမ်းများ အကျင့်ပျက် လာဘ်ယူနေခြင်းကို သိလျက်နှင့် အရေးမယူသည့် အစိုးရကို နောက်တကြိမ် မဲပေးမမှားကြရန် ရေးသားခဲ့သည်။ ယင်းမတိုင်မီကလည်း ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံဒေသခံ လယ်သမားများထံမှ လယ်မြေများ အဓမ္မ သိမ်းယူကြောင်း ဝေဖန်ရေးသား ခဲ့သဖြင့် ခေါ်ယူ သတိပေးခြင်း ခံခဲ့ရသည်။