နိုင်ငံပိုင်သစ်တောတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ သေကြေပျက်စီးတာကို ရပ်တန့်စေဖို့ ၂၀၁၄ ခုနှစ်မှာ သစ်တင်ပို့မှု လုံးဝတားမြစ်သွားမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ အစီအစဉ်ကို သစ်တောထိန်းသိမ်းသူတွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာရှိတဲ့ ပရိဘောဂစက်ရုံတွေဆီ တင်သွင်းဖို့နဲ့ ရိုးရာဆေးဝါးဈေးကွက်တွေအတွက် သစ်ခိုး ထုတ်တာတွေကိုတော့ တားဆီးဖို့ခက်လိမ့်မယ်လို့ သူတို့က ဆိုပါတယ်။
ကျန်နေသေးတဲ့ သစ်တောတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ရေရှည်တည်တံ့မယ့် သစ်မာတင်ပို့မှုဈေးကွက် ဖွံ့ဖြိုးလာစေဖို့အတွက် သစ်တင်ပို့တာတွေကို တားမြစ်မှုတရပ် ပြဌာန်းထားတယ်လို့ မြန်မာအစိုးရက အခိုင်အမာ ပြောဆိုပါတယ်။ ဥရောပ သစ်တော အင်စတီကျူ (Euopean Forest Institute – EFI) ရဲ့အဆိုအရ မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ နိုင်ငံခြားဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို သစ်တင်ပို့ကနေ ရခဲ့တာပါ။
မြန်မာနိုင်ငံဟာ လောလောဆယ် ကမ္ဘာပေါ်မှာ ကျွန်းသစ်အများဆုံး တင်ပို့တဲ့ နိုင်ငံတခုဖြစ်ပါတယ်၊ ဒါပေမယ့် လိုတာထက်ပိုနေတဲ့ တရားဝင် သစ်ခုတ်မှု၊ တရားမဝင် သစ်ထုတ်လုပ်မှုနဲ့ ထင်းလောင်စာအတွက် သစ်ခုတ်တာ၊ စိုက်ပျိုးရေးအတွက် ခုတ်ထွင်ရှင်းလင်း မီးရှို့တာတွေရဲ့ ပေါင်းစပ် အကျိုးသက်ရောက်မှုတွေက ကြီးမားလှတယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ (Natural Resources and Environment Conservation Committee – NRECC) က ပြောပါတယ်။
ပြဿနာက ဘာလဲဆိုတော့ ၂၀ ရာစု အစောပိုင်းထက်ဝက်က မြန်မာပြည်မှာ မြင့်မြင့်မားမားထားရှိခဲ့တဲ့ သစ်တောစီမံမှုဆိုင်ရာ စံချိန်စံညွှန်းတွေဟာ နှစ် ၅၀ စစ်အုပ်ချုပ်ရေးကာလအတွင်းမှာ တဖြည်းဖြည်း ပျက်စီးယိုယွင်းသွားတာပါပဲ။
သစ်တောကဏ္ဍနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မပြည့်စုံတဲ့အပြင် စီမံခန့်ခွဲမှုကလည်း ညံ့ဖျင်းတာမို့ လက်ရှိ မြန်မာ့သစ်လုပ်ငန်းအပေါ် သေသေချာချာ အကဲဖြတ်ဖို့ ခက်တယ်လို့ သစ်တောဆိုင်ရာ လေ့လာသုံးသပ်သူတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ဆိုပါတယ်။
မြန်မာအစိုးရရဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဗဟိုစာရင်းဇယားအဖွဲ့ (Central Statistical Organization) အဆိုအရ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ သစ်တန်ချိန် ၈၆၄၀၀၀ မက်ထရစ်တန် နိုင်ငံခြားတင်ပို့ပြီး အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် တရားဝင်ရရှိခဲ့တယ်လို့ သိရပါတယ်။ သစ်အများဆုံးဝယ်ယူတာက အိန္ဒိယနိုင်ငံဖြစ်ပြီး ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကလည်း မြန်မာ့သစ်တော တင်ပို့ရာ အဓိက ဈေးကွက်တွေပါ။
ရန်ကုန်ဆိပ်ကမ်းတွေကနေ သင်္ဘောနဲ့တင်ပြီးပို့တဲ့ သစ်တွေအကုန်လုံးကို အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်း (Myanmar Timber Enterprise – MTE) က ခွင့်ပြုချက်တံဆိပ်ရိုက်ပြီး တရားဝင်ဖြစ်အောင် လုပ်တယ်၊ ဒါပေမယ့် အဲ့ဒီပို့တာတွေထဲက ဖြတ်တောက်လျှော့ချပြီး တရားမဝင် ပို့တာတွေလည်းရှိနိုင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ EFI ရဲ့ လေ့လာချက်ထဲမှာ ရေးသားထားပါတယ်။
“မြန်မာ့သစ်တောထွက်ပစ္စည်း ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများမှာ ယုံကြည်အားထား၍ မရပေ။ မကြာခဏဆိုသလို ရှေ့နောက်မညီ ဖြစ်လေ့ရှိသည့် ယင်းကိန်းဂဏန်းများတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အပါအဝင် တရားမဝင်တင်ပို့မှုများ ပါဝင်ခြင်းမရှိသည့်အပြင် ပြီးခဲ့သည့်ကာလများ၌ အဆိုပါ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ အထူးသဖြင့် ယူနန် နယ်စပ်တလျှောက်တွင် အများအပြား ရှိခဲ့သည်” လို့ EFI အစီရင်ခံစာက ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သက်သေ (Global Wintess) NGO အဖွဲ့ကတော့ ၂၀၀၂ ခုနှစ်မှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တရားမဝင် သစ်တင်ပို့မှု အများဆုံးဖြစ်ခဲ့ပြီး အဲ့ဒီနှစ်မှာ အနည်းဆုံး သစ် ကုဗမီတာ ၁ သန်း ပို့ခဲ့တယ်လို့ တွက်ချက် ထားပါတယ်။
MTE ဟာ အရင်စစ်အစိုးရနဲ့ ချိတ်ဆက်တွေရှိတာမို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanmar Oil & Gas Enterprise – MOGE) လိုပဲ အမည်းစက်ထင်နေတာပါ။ မက်စ်မြန်မာ၊ ထူးနဲ့ အေးရှားဝေါလ် အပါအဝင် လူသိများတဲ့ ခရိုနီကုမ္ပဏီတွေဟာ MTE ရဲ့ သစ်ထုတ်စာချုပ်တွေ ပိုင်ထားကြတယ်လို့ EFI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“မထိန်းနိုင်သိမ်းမနိုင် ဖြစ်နေတဲ့ သစ်တောလုပ်ငန်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင် အရည်အသွေးကို နိမ့်ကျစေပြီး ဂေဟစနစ်တွေကိုလည်း တိုက်ရိုက် ပျက်စီးဆုံးရှုံးစေတယ်” လို့ ရန်ကုန်အခြေစိုက် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေးအသင်း (Biodiversity and Nature Conservation Association – BANCA) က သတိပေးပါတယ်။
“အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် သဘာဝ အရင်းအမြစ်တွေအပေါ် အများဆုံး မှီခိုနေရတဲ့ ပြည်သူတွေဟာ ရေကြီးတာ၊ မိုးခေါင်တာနဲ့ မြေပြိုတာစတဲ့ သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်တွေကြောင့် ဒုက္ခရောက်ကြရတဲ့အပြင် သူတို့တွေဟာ သဘာဝ ဘေးအန္တရာယ်တွေကိုလည်း တခြားလူတွေထက်ပိုပြီး ခံရနိုင်ပါတယ်” လို့ BANCA က ဆိုပါတယ်။
တကယ်တော့ မြန်မာပြည်မှာ လက်ရှိ သစ်တော ဘယ်လောက်ရှိနေသေးတယ် ဆိုတာကိုတောင် ဘယ်သူမှ သေသေချာချာ မသိပါဘူး။ နိုင်ငံအကျယ်အဝန်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို သစ်တောတွေက ဖုံးလွှမ်းထားတယ်လို့ ၂၀၀၅ ခုနှစ်တုန်းက ခန့်မှန်းခဲ့ဖူးပါတယ်။ တခါ ပြီးခဲ့တဲ့နှစ်မှာ လုပ်ခဲ့တဲ့ နိုင်ငံခြားလေ့လာမှု ၂ ခု (တခုကို ထင်ရှားတဲ့ Science မဂ္ဂဇင်းက လုပ်တာဖြစ်ပြီး အခြားတခုကိုတော့ ကုလသမဂ္ဂက လုပ်တာပါ) ကလည်း အကျယ်အဝန်းရဲ့ အနည်းဆုံး ၄၆ နဲ့ ၄၈ ရာခိုင်နှုန်းကြား သစ်တောတွေ ဖုံးလွှမ်းနေတယ်လို့ ဆိုပြန်ပါတယ်။ ဒါပေမယ့် NRECC အတွင်းရေးမှူး ဦးသိန်းလွင်ကတော့ ၂၄ ရာခိုင်နှုန်းပဲရှိတယ်လို့ သြဂုတ်လမှာ ပြောခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်မှာ အနည်းဆုံး သန်း ၃၀ လောက်ရှိတဲ့ ကျေးလက်နေလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဝန်းကျင်ဟာ “၎င်းတို့၏ အခြေခံ လိုအပ်ချက်များအတွက် သစ်တောများအပေါ် ကြီးကြီးမားမား မှီခိုနေကြရသည်” လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။ လူ ၅ သိန်းက သူတို့အလုပ်အတွက် သစ်တောတွေ အပေါ် မှီခိုနေကြရတာတဲ့။
“ဒေသခံပြည်သူတွေဟာ သဘာဝ သယံဇာတတွေအပေါ်မှာ မြင့်မြင့်မားမား မှီခိုနေရပေမယ့် နိုင်ငံထဲမှာရှိတဲ့ တားမြစ် ဧရိယာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချတဲ့အပိုင်းမှာ ပါဝင်ခွင့်မရဘဲ ချန်ထားခံနေကြတယ်။ ဒါပေမယ့် ဒီအခြေအနေက ဖြည်းဖြည်းချင်းတော့ ပြောင်းနေပါပြီ” လို့ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တော ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ NGO အဖွဲ့တခုဖြစ်တဲ့ Fauna and Flora International (FFI) က ဆိုပါတယ်။
“သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု (Envioronmental Governance) နဲ့ လူသားတွေရဲ့ ဖူလုံရေးကိစ္စရပ်တွေကို ကိုယ်တွယ်ဆောင်ရွက်ဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် အောက်ခြေအဖွဲ့အစည်းတွေ ထူထောင်နေကြပါပြီ” လို့လည်း FFI က ပြောပါတယ်။
FFI ဟာ မြန်မာနိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုနဲ့ ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စတွေမှာ တိုးတက်မှုရှိလာစေဖို့ မြန်မာအာဏာပိုင်တွေနဲ့ အတူတွဲပြီး ကြိုးစားဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO ပါ။ FFI ရဲ့ လုပ်ငန်းညှိနှိုင်းရေးမှူး တယောက်လည်း မြန်မာနိုင်ငံထဲမှာ တာဝန်ပေးထားပါတယ်။ မကြာသေးခင်ကတောင် အဲဒီ FFI ကိုယ်စားလှယ်က အစိုးရရဲ့ သစ်တောအရာရှိတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။
“သစ်တောဌာနအနေနဲ့ လေးလေးနက်နက် အပြောင်းအလဲတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာကို ကျနော် ကိုယ်တွေ့ကြုံခဲ့တာပါ။ အဲဒီ အပြောင်းအလဲတွေထဲက သစ်တောဥပဒေ ပီပီပြင်ပြင် အားကောင်းလာစေရေး၊ သစ်တော စီမံအုပ်ချုပ်မှုနဲ့ ကုန်သွယ်မှုတွေအပြင် ရေတည်တည်တံ့မယ့် သစ်တောစီမံခန့်ခွဲမှုဆိုင်ရာနဲ့ သစ်တောကဏ္ဍမှာ ဒေသခံပြည်သူတွေ အနေနဲ့ အခုထက် ပိုကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်လာနိုင်ရေး စတာတွေကို လွှမ်းခြုံသွားမှာ ဖြစ်ပါတယ်” လို့ FFI လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးမှူး ဖရန့်ခ် မွမ်ဘာ့ဂ် (Frank Momberg) က ပြောပါတယ်။
“သစ်တင်ပို့မှု တားမြစ်ချက်ကြောင့် အထူးသဖြင့် နယ်စပ်ဒေသတွေမှာ တရားမဝင် သစ်ထုတ်နေတာတွေ ရပ်တန့်သွားစေဖို့ ဆောင်ရွက်တဲ့အပေါ် သိပ်ကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်ဖြတ်ကျော် သစ်ထုတ်လုပ်မှု အားလုံးဟာ တရားမဝင်ဖြစ်တယ်ဆိုတဲ့ ဥပဒေအခြေခံကို ဒီတားမြစ်ချက်ထဲမှာ ရှင်းရှင်းလင်းလင်း ထည့်သွင်းထားလို့ပါပဲ။ အခုလို တားမြစ်မှုကြောင့် ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေက တရားမဝင် သစ်ထုတ်နေတာတွေ လျော့သွားမယ်လ့ို မျှော်လင့်ပါတယ်” လို့လည်း သူက ဆိုပါတယ်။
“သစ်တင်ပို့မှု တားမြစ်ချက်အသစ် တရားဝင် မဖြစ်သေးခင် အချိန်အထိ အရေးတကြီး ဆောင်ရွက်စရာတွေကတော့ သစ်တောဥပဒေ ပီပီပြင်ပြင်ဖြစ်လာရေး၊ သစ်တော စီမံအုပ်ချုပ်မှုနဲ့ ကုန်သွယ်မှုမူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပိုကောင်းလာအောင် ဆောင်ရွက်ရေးပါပဲ” လို့လည်း သူက ဖြည့်ပြောပါသေးတယ်။
ကမ္ဘာပေါ်က ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေမှာ လုပ်ငန်းလည်ပတ်နေတဲ့ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်မြို့ အခြေစိုက် FFI က မြန်မာပြည်မှာ မပျက်မယွင်း ရှိနေသေးတဲ့ သစ်တောနယ်ပယ် ကြီးကြီးမားမားရှိနေပြီး အဲဒီသစ်တောတွေဟာ ဂေဟစနစ်တွေ ကြွယ်ကြွယ်ဝဝ တည်ရှိနေရာ ဖြစ်တယ်လို့ဆိုပါတယ်။ တိုင်းပြည်က ဆယ်စုနှစ်နဲ့ချီပြီး အထီးကျန် ဖြစ်ခဲ့တာမို့ တချို့သစ်တောတွေဆိုရင် အနောက်တိုင်း သုတေသီတွေက အခုမှ ရှာတွေ့တာလို့လည်း FFI က ပြောပါတယ်။
FFI ဟာ ၂၀၁၀ ခုနှစ်က ရှားပါး မျောက်နှာလန် (Snub-Nosed Monkey) မျိုး ရှာဖွေတွေ့ရှိတဲ့ လုပ်ငန်းမှာ ဦးဆောင် ပါဝင်ခဲ့တာပါ။ ပထဝီအနေအထားအရ မဲခေါင်နဲ့ သံလွင်မြစ်တွေကြားမှာ အထီးကျန်ဖြစ်နေတဲ့ ဒီမျောက်မျိုးဟာ ကချင်ပြည်နယ်နဲ့ တရုတ်-မြန်မာ နယ်စပ်မှာလောက်ပဲ ရှိတယ်လို့ ယူဆကြပါတယ်။
တကယ်ကောင်းမွန်ပြည့်စုံပြီး အဂတိလိုက်စားမှုမရှိတဲ့ သစ်တော စီမံအုပ်ချုပ်မှုနဲ့ ထိန်းသိမ်းကြပ်မတ်မှု စနစ် မရှိဘူးဆိုရင်တော့ မြန်မာ့သစ်တောတွေဟာ အာရှ ရိုးရာ ဆေးဝါးဈေးကွက်ကို အထောက်အပံ့ဖြစ်စေမယ့် ဒေသတွင်း ရှားပါးတိရစ္ဆာန်နဲ့ သစ်ပင်တွေ ကုန်သွယ်မှုမှာ သားကောင် ဖြစ်သွားနိုင်ခြေရှိပါတယ်။
အဲဒီ့ကုန်သွယ်မှုဟာ တနှစ်ကို ဒေါ်လာ သန်းရာနဲ့ချီပြီး တန်ဖိုးရှိတယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (World Wildlife Fund – WWF) က ခန့်မှန်းထားပါတယ်။
တခြား အဖွဲ့အစည်းတွေကတော့ WWF က ခန့်မှန်းတဲ့တန်ဖိုးထက် ပိုမြင့်နိုင်တယ်လို့ ယူဆကြပါတယ်။ “စနစ်တကျ စုစည်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်အဖွဲ့တွေက ထိန်းချုပ်ထားတဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု တန်ဖိုးဟာ နှစ်စဉ် ဒေါ်လာ ၁၀ ဘီလီယံနဲ့ ၂၀ ဘီလီယံကြားမှာ ရှိတယ်လို့ ကျွမ်းကျင်သူတချို့က ခန့်မှန်းပါတယ်” လို့ ဘန်ကောက်အခြေစိုက် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုဆန့်ကျင်ရေး NGO (Freeland Foundation) က ပြောပါတယ်။
“မျိုးပြုန်းမယ့် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို ကာကွယ်ဖို့ နိုင်ငံအလိုက်ရော နိုင်ငံတကာ ဥပဒေတွေပါ ရှိနေ
ပေမယ့် တောရိုင်းတိရစ္ဆာန် မျိုးစိတ်အားလုံးနီးပါးဟာ ရောင်းဝယ်ဖောက်ကား ခံနေရပါတယ်။ ကြောင်ကြီးတွေ၊ သင်းခွေချပ်တွေ၊ ငှက်တွေ၊ ဆင်စွယ်နဲ့ ခိုးထုတ်တဲ့သစ်တွေကို အကြီးအကျယ် တရားမဝင် ကုန်သွယ်မ ပြုနေကြပါတယ်။ ဒီတရားမဝင် ကုန်သွယ်မှုကလည်း ရိုးရာဆေးဝါးတွေ ဖော်စပ်ရာမှာ လိုအပ်တဲ့ ရှားပါးသစ်ပင်တွေ၊ အရိုးတွေ၊ အကြေးခွံတွေနဲ့ တခြားအရာတွေ လိုအပ်ချက်ကြောင့် ဖြစ်နေရတာပါ” လို့ Freeland Foundation က ဆိုပါတယ်။ ။