ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင် ကုမ္ပဏီပိုင် သစ်အချောထည်စက်ရုံမှ ဝန်ထမ်းများ၏ တောင်းဆိုမှုများနှင့် ပတ် သက်၍ လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်ဆုံးဖြတ်ပေးသွားမည်ဟု ခုံသမာဓိအဖွဲ့က အလုပ်သမား ကိုယ်စားလှယ်များ ကို ယမန်နေ့က ပြောဆိုကြောင်း သိရသည်။
တော်ဝင် သစ်စက် အလုပ်သမား ၂၆၀ ကျော် ၏ ကိုယ်စားလှယ် ၇ ဦးက အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့် နစ်နာမှုများကို ဖြေရှင်းပေးရန် ခုံသမာဓိအဖွဲ့နှင့် သွားရောက်တွေ့ဆုံရာတွင် ယင်းသို့ အကြောင်းပြန်လိုက်ခြင်း ဖြစ်သည်ဟုအလုပ် သမား ကိုယ်စားလှယ် တဦးက ပြောသည်။
ခုံသမာဓိအဖွဲ့က အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားနေမှုကို ကြားနာစစ်ဆေးရန် ယင်းအလုပ်သမား ကိုယ်စားလှယ်များ အပါအဝင် လုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ် ၅ ဦးတို့အား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဆင့်ခေါ် စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
တော်ဝင် သစ်အချောထည် စက်ရုံ အလုပ်သမားများသည် လုပ်ခ လစာ မှန်ကန်စွာရရှိရေး အပါအဝင် အလုပ်သမား အခွင့်အရေး များ အပြည့်အ၀ ရရှိရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အလုပ်သမားများ တောင်းဆိုထားသည့် အချက်များမှာ စက်ရုံရှိ အလုပ်သမားများအား အပြင်လုပ်ငန်း ခွင်များသို့ မပို့ရန်၊ အလုပ် သမားများ၏ သဘောတူညီမှုမရဘဲ စည်းကမ်းချက်များ ထုတ်ပြန်ခြင်း မပြုရန်၊ လူမှုဖူလုံရေးကတ် တပတ်အတွင်း ထုတ်ပေးရန်၊ အလုပ်ခန့်အပ်သည့် သဘောတူညီချက်(EC) စာချုပ် အမြန်ဆုံးချုပ်ပေးရန်နှင့် သပိတ်မှောက်တောင်းဆိုခဲ့သည့် ၁၈ ရက်ကြာ ကာလကို တာဝန်ချိန် (On Duty) အဖြစ် သတ်မှတ်ပေးရန် ဟူသည့် အချက်များဖြစ်ပြီး ခုံသမာဓိရုံးက နောက်ဆုံးတချက်မှ အပ အလုပ်ရှင် ဘက်မှ ဆောင်ရွက်ပေးရန် ညှိနှိုင်းဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးဆိုင်ရာ ခုံသမာဓိရုံးက အလုပ်သမားများ တောင်းဆိုသည့် အချက်များထဲမှ အချက် ၄ ချက်အား လိုက်လျောဆောင်ရွက်ပေးရန် ဆုံးဖြတ်ပေးခဲ့သော်လည်း အလုပ်ရှင်ဘက်က ဆောင်ရွက် ပေးခြင်း မရှိဘဲ ယင်း ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အယူခံဝင်ခဲ့သည်။
ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်အရ အလုပ်သမားများက လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ရန် ကြိုးစားသော်လည်း စက်ရုံပိုင်ရှင် ဦး ကိုကိုထွေးက အယူခံဝင်ထားဆဲဖြစ်သောကြေင့်ဟု ဆိုကာ ခွင့်မပြုခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်သမားများဘက်မှ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးသို့ သွားရောက်အသိပေး အကြောင်းကြားထားကြောင်း အလုပ်သမားခေါင်းဆောင် ကိုနေလင်းဦးက ပြောပြ သည်။
“၁၁ ရက်နေ့မှာ နေပြည်တော်က ဒု ညွှန်ချုပ် ဦးသက်နိုင် ကိုယ်တိုင် အလုပ်သွားဆင်းတော့လို့ ပြောလို့ ကျနော်တို့ ပြန်သွားတာပါ။ ဒါပေမယ့် စက်ရုံအဝင်လမ်းကို ပိတ်ထားပြီး လုပ်ငန်းခွင် ဝင်လို့ မရခဲ့ဘူး”ဟု ၎င်းက ပြောသည်။
ရွှေပြည်သာ မြို့နယ်အလုပ်သမားရုံးက ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ချက်ပေးထားပြီးဖြစ်၍ အယူခံဝင်ထားသည့် ကာလအတွင်း လုပ်ငန်းခွင်မဝင်ရောက်သော်လည်း လုပ်ခ ရမည်ဟု ပြောဆိုကြောင်းလည်း ကိုနေလင်းက ပြောပြသည်။
အလုပ်ရှင်ဘက်မှ အယူခံဝင်ထားသည့် ကာလ နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ အတွက် လုပ်ခ တပတ်စာလည်း မရရှိသဖြင့် စက်ရုံအလုပ်သမားများ သည် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရွှေပြည်သာ အလုပ်သမားရုံးရှေ့သို့သွားရောက်ကာ တပတ်စာလုပ်ခ ရရှိရေး ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့ကြသေးကြောင်း သိရသည်။