ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့သည့် မောင်တောမြို့ အကြမ်းဖက်မှုကို ဦးဆောင်သူဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား စစ်တွေခရိုင် တရားရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဒေါက်တာ ထွန်းအောင်အား အရေးပေါ် အက်ဥပဒေ ပုဒ်မ (၅ ည) ဖြင့် ၇ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃ (က) ဖြင့် ၂ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ဂ) ဖြင့် ၂ နှစ်တို့ဖြင့် စုစုပေါင်း ၁၁ နှစ်၊ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် ၁ နှစ် သီးခြား ချမှတ်ခံရသည်။
သို့သော် ပထမ ဥပဒေပုဒ်မများအတွက် စုစုပေါင်း ၁၁ နှစ်အနက် ၇ နှစ်သာ ကျခံရမည်ဖြစ်ပြီး ကြိုးမဲ့ကြေးနန်း အက်ဥပဒေအရ ၁ နှစ်နှင့် စုစုပေါင်း ၈ နှစ် ကျခံရမည်ဟု တရားရုံးနှင့်နီး စပ်သူတချို့က ပြောသည်။
“သီးခြားစီချမှတ်မယ်ဆိုရင် ပုဒ်မ ၃ ခု အတွက် ၁၁ နှစ်ကျတယ်။ ဒါပေမယ့် တပေါင်းတည်းချမှတ်တဲ့ အတွက် ၇ နှစ် ပဲကျခံရမယ်” ဟု တရားရုံးနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
ဒေါက်တာထွန်းအောင်အား တရားစွဲဆိုရာတွင် မှတ်ပုံတင်အတု ပြုလုပ်မှုနှင့် လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈ အမှုများလည်း ပါဝင်ပြီး၊ ထိုအမှု ပုဒ်မတို့အား တရားသေလွှတ်ပေး လိုက်ကြောင်းသိရသည်။ ၎င်းသည် နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင် လဲလှယ်မူ ပုဒ်မဖြင့်လည်း ပြီးခဲ့သည့်လ အနည်းငယ်က ထောင်ဒဏ် ၃ နှစ် ချမှတ်ခံ ထားရသေးသည်။
ဒေါက်တာ ထွန်းအောင်သည် အစ္စလမ်ဘာသာရေး ခေါင်းဆောင်တဦးဖြစ်ပြီး တောင်ကုတ်မြို့၌ မွတ်စလင် ၁၀ ဦး အသတ်ခံရမှု အတွက် မောင်တောမြို့ရှိ ဗလီကျောင်းတခုတွင် ဇွန်လ ၈ ရက်နေ့က ဆုတောင်းပွဲ ပြုလုပ်ရန်နှင့် ပြဿနာ တစုံတရာ မဖြစ်ပွားရန် တာဝန်ယူသည်ဟု အာမခံချက်ပေး၍ ဒေသဆိုင်ရာ အာဏာပိုင်များထံ တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့သည်။ သို့သော် ထိုဆုတောင်းပွဲ အပြီး နာရီပိုင်းအတွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်အတွက် ၎င်းအား ဖမ်းဆီးခဲ့သည်။
မောင်တော အကြမ်းဖက်မှုနှင့် ဆက်စပ်၍ မောင်တော ဒေသအခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဝန်ထမ်း တချို့ကိုလည်း ဖမ်းဆီးခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ဒေါက်တာ ထွန်းအောင်၏ သမီးဖြစ်သူ UNHCR ဝန်ထမ်း ဒေါ်မြနန္ဒာအောင်ထံမှလည်း မသင်္ကာဖွယ်ရာ စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိသည်ဟုဆိုကာ ဇွန်လ ၁၀ ရက်နေ့က စစ်တွေလေဆိပ်၌ ခေတ္တ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့၏ ဖမ်းဆီးခံရသော အစိုးရတပ် စစ်သည် ၃ ဦးနှင့် ဒေါက်တာ ထွန်းအောင် လွှတ်ပေးရေး အလဲအလှယ်လုပ်ရန် အဆိုပါ လက်နက်ကိုင်အဖွဲ့က တောင်းဆိုနိုင်သည်ဟု မောင်တောမြို့တွင် ကောလာဟလများ ထွက်ပေါ်နေသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရန် တာဝန်ထမ်းဆောင်နေသည့် တပ်မတော် ဆောက်လုပ်ရေးတပ်မှ တပ်သား ၃ ဦးအား အမည်မသိ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က ယခုလဆန်းတွင် ဖမ်းဆီးခဲ့ပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့သည်။
မောင်တောဒေသ၌ ယခုအခါ တည်ငြိမ်နေသော်လည်း ဒေသခံများ သွားလာရေးအတွက် လုံခြုံရေး စိတ်မချရသေးကြောင်း၊ မောင်တောဒေသနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်ကိုလည်း ပြီးခဲ့သည့် ၂ ရက်ခန့်မှ စတင်၍ လုံး၀ ပိတ်ထားပြီး စစ်တပ်အင်အား တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
မောင်တောနယ်စပ်၌ ဖမ်းဆီးခံထားရသည့် မြန်မာစစ်သည် ၃ ဦး ပြန်လည် ရရှိရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စစ်တပ်တို့အကြား ဆွေးနွေးညှိနှှိုင်းနေကြပြီး အဖမ်းဆီးခံ စစ်သည်များ မည်သည့်ဒေသတွင် ရှိသည်ကို မသိရသေးပေ။ ထိုကိစ္စနှင့် ပတ်သက်၍ အစိုးရက မည်သို့ ဆောင်ရွက်နေသည်ကို ပြီးခဲ့သည့်ရက်အတွင်း အခမ်းအနားတခုတွင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား ဧရာဝတီက မေးမြန်းရာ ထိုကိစ္စသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကိစ္စဟုသာ ဖြေဆိုသည်။
ထို့အတူ ရခိုင်ဒေသတွင်း ပဋိပက္ခများ နောက်ကွယ်တွင်လည်း ကြိုးကိုင်နေသည့် အဖွဲ့အစည်းများရှိသည်ကို ခိုင်လုံသော အထောက်အထားများ ရရှိထားကြောင်း၊ ဆက်လက် စုံစမ်းနေဆဲ ဖြစ်၍ မဖော်ထုတ်သေးကြောင်းလည်း ဝန်ကြီးက ဆိုသည်။