နယ်စပ်အခြေစိုက် အင်အားစုများဖြင့် ပူးပေါင်းဖွဲ့စည်းထားသော မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Burma Partnership) ၏ တာဝန်ခံဒေါ်ခင်ဥမ္မာသည် မြန်မာပြည်သို့ အောက်တိုဘာ ၂၅ ရက်တွင် လာရောက် လေ့လာခဲ့သူဖြစ်သည်။ ဒေါ်ခင်ဥမ္မာသည် ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာ (WLB) ကို တည်ထောင်ခဲ့သူ တဦးလည်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်း အစိုးရ (NCGUB) တွင် အမျိုးသမီး ရေးရာ တာဝန်ခံအဖြစ် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အစိုးရများအား မြန်မာ့အရေးနှင့် ပတ်သက်၍ စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
ဒေါ်ခင်ဥမ္မာ၏ မြန်မာပြည်တွင်း လတ်တလေ ာ လေ့လာချက်များထဲမှ မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး၊ အမျိုးသမီး ရေးရာနှင့် မြန်မာပြည်အရေး အခြေအနေတို့နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ နှစ်ပေါင်း ၂၀ ကျော် ကြာပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာ ဘယ်လို ထူးခြားမှုတွေ တွေ့ရလဲ။
ဖြေ။ ။ မြင်ရတာကတော့ ဟိုနှစ် ၂၄ နှစ်ထက် စာရင် ဆက်သွယ်ရေး ကောင်းလာတာ တွေ့ရတယ်။ လမ်းပန်း ဆက်သွယ်ရေး တွေကတော့ ထင်သလောက် မကောင်းဘူး။ ပြင်ပ အဆောက်အဦးတွေ တိုးတက်လာတာတော့
တွေ့ရတယ်။ ရန်ကုန်ဆိုရင် တချို့ဟာတွေ ဆုတ်ယုတ်သွားသာ တွေ့ရတယ်။ ဥပမာ – ရန်ကုန်မြို့လယ်ခေါင်၊ ဆူးလေး တဝိုက်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ ထက် ကျမ ထင်ထားတာထက် ပိုဆိုးနေတယ်။ ပြီးတော့ ချမ်းသာတဲ့သူတွေက အရမ်းချမ်းသာ
နေတယ်။ ဘာလဲဆိုတော့ တခါမှမကြားဖူးတဲ့ သန်းထောင်ချီ ပေးပြီးတော့ အိမ်ငှားတဲ့ ကိစ္စပါပဲ။ သာမန်ပြည်သူတွေ အခြေခံ ပြည်သူတွေ နေ့စဉ် လုပ်စားနေရတဲ့ ဘဝကတော့ လွန်ခဲ့တဲ့ ၂၄ နှစ်နဲ့ ဘာမှ မကွာပါဘူး။ သူတို့ ဝင်ငွေနဲ့ လူတန်းစေ့လေး နေနိုင်စားနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါဆို တိုးတက်လာတယ် ပြောနိုင်တယ်၊ ဒါပေမယ့် အခုထိတော့ အဲဒီလို မနေနိုင်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျမ ဝမ်းနည်းတာကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်မှာ အနောက်နိုင်ငံက စီးပွားရေး ပိတ်ဆို့ထားတယ်လို့ ပြောပေမယ့် မြန်မာနိုင်ငံကို စီးပွား မပိတ်ဆို့ဘဲနဲ့ စီးပွားရေး လာလုပ်တဲ့ တရုတ်လိုမျိုးတွေလို ကြီးကြီးရှိနေသလို ချေးငွေတွေ၊ အလှူငွေတွေ အများကြီး ရှိပါတယ်။ ကျမတို့နိုင်ငံရဲ့ သဘာ၀ သံယံဇာတ ပေါကြွယ်ဝမှုလည်း အခုချိန်ထိ မဆင်းရဲသေးပါဘူး။ သူများနိုင်ငံကိုတောင် ရေနံထုတ်ရောင်းနေရ၊ သဘာဝဓာတ်ငွေ့တွေ ထုတ်ရောင်းနေရတာပဲ။ တကယ်ေတော့ မဆင်းရဲပါဘူး။ ဒါပေမယ့် ပြည်သူတွေက ၂၄ နှစ်အတွင်း ဘာလို့ သူများထက် နောက်ကျ ဆင်းရဲ နေသေးတာလဲ။ ဗိုလ်ချုပ်နေဝင်း လက်ထက်တုန်းက ထုတ်ရောင်းတဲ့ တွင်းထွက် ပစ္စည်းနဲ့ ယှဉ်လိုက်ရင် ဘာမှ
မယှဉ်သာဘူး။ ဒါဆိုရင် အဲဒီရောင်းလိုက်တဲ့ ဟာတွေ ဘယ်သူ့လက်ထဲ ရောက်သွားတာလဲ ဆိုတာ မေးချင်တယ်။
အဲဒီလောက် မဆင်းရဲသင့်ဘဲ ဆင်းရဲသွားတာဟာ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့လို့ မဟုတ်ဘူး။ ဘယ်သူတွေက ပိုချမ်းသာပြီး ဘယ်သူ့လက်ထဲ ရောက်သွားလဲ။ မြန်မာနိုင်ငံကို လေယာဉ် မဆင်းမီ မြင်ရတဲ့ မြေတွေကြည့်ပြီး ဒီမြေတွေ ဘယ်သူ့လက်ထဲ ထက်ရောက်သွားမှာလဲ ဆိုတာ သွေးပူနေရပါတယ်။
မေး။ ။ မြန်မာပြည်ကို လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါလား။
ဖြေ။ ။ အဓိကကတော့ လောလောဆယ်ရှိနေတဲ့ အပြောင်းအလဲကို ကျမ ကိုယ်တိုင် ပြည်သူဆီကနေ ကြားချင်တယ်၊ မြင်ချင်တယ်။ ရန်ကုန်မှာရှိတဲ့ ပြည်သူတွေဆီက ကြားတာနဲ့ နယ်မှာရှိတဲ့ ပြည်သူတွေဆီကရယ်၊ ပြီးတော့ ဗမာနဲ့ တိုင်းရင်းသားတွေ အကြားမှာ ကြားရတဲ့ စကားသံက မတူတာတွေ အများကြီး ရှိတယ်။ ကျမ ကိုယ်တိုင် အဲဒီ
အသံတွေကို သေသေချာချာ မှတ်တမ်း ယူချင်လို့၊ အဲဒါကို ကျမ တာဝန်ယူထားတဲ့ အတိုင်း နိုင်ငံတကာ အသိုင်းအဝန်း အကြားမှာ မှန်မှန်ကန်ကန်နဲ့ ပြည်သူပြောတဲ့ အတိုင်း မချွင်းမချန် တင်ပြခြင်တယ်။
မေး။ ။ ဒေါ်ခင်ဥမ္မာအနေနဲ့ မြန်မာပြည်လာတဲ့ ဒီကာလအတွင်း ရောက်ခဲ့တဲ့မြို့ ဘယ်နှမြို့ ရှိလဲ။
ဖြေ။ ။ သွားတာကတော့ ရန်ကုန်အပါအဝင် ၃ မြို့ပါ။ မန္တလေးနဲ့ တောင်ကြီးပေါ့။ ဒါပေမယ့် မန္တလေးတုန်းက ဆိုရင် ကျမဆီ ရောက်လာတဲ့ သူတွေက မကွေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ နောက် မန္တလေး
မြို့အနီးတဝိုက်က လူတွေ အများကြီးပါပဲ။ တောင်ကြီးမှာဆိုရင် ဟိုပုံး စတဲ့ အဝေးကြီးက လူတောင်လာတယ် ထင်တောင် မထင်ဘူး။
မေး။ ။ ရန်ကုန်အပြင် ဘာဖြစ်လို့ အဲဒီနှစ်မြို့ကို ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ သီးသန့်ကြီး ရွေးလိုက်တာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်မလာခင်က နယ်ကိုသွားဖို့ စဉ်းစားပြီးပါပြီ။ ရန်ကုန်က ဘာပဲဖြစ်ဖြစ် ကျမရောက်တဲ့အခါ ကြည့်လိုက်တော့ NGO တွေ၊ ပြီးတော့ Civil Society
တွေ အားကောင်းတယ်။ နောက် အခွင့်အလမ်းတွေ အရမ်းများတယ်။ ဒါပေမယ့် အမြဲတမ်းတောက်လျှောက် ကျမတို့ နိုင်ငံဖြစ်နေခဲ့တာ ရန်ကုန်မြို့ကြီးပြကြီးမှာ ရှိတဲ့ လူတွေနဲ့ ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူကြားထဲမှာ၊ အထူးသဖြင့်
တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေ ကြားထဲမှာရတဲ့ အခွင့်အလမ်းတွေ အမြဲတမ်းပဲ မယှဉ်နိုင်အောင် ကွာဟချက်ကြီးတယ်။
ဒီကာလမှာ ကျမတို့က ကိုယ့်နိုင်ငံ က ဟန်ချက်ညီညီနဲ့ အားလုံးကို ဖွံ့ဖြိုးရေး အတူတူ သွားနိုင်ကြဖို့ ဆိုရင် ဘယ်နေရာမှ ချန်ခဲ့လို့မရဘူး။ အထူးသဖြင့် ဒီကာလမှာ ဖွံ့ဖြိုးရေးတို့၊ ဘာတို့ဆိုရင် ဦးစားပေး လုပ်ငန်းဖြစ်သွားပြီ။ ဦးစားပေး လုပ်ငန်းက ဟိုအရင်တုန်းက ကမ္ဘာ့ဘဏ်တို့ ဘာတို့ ငွေချေးပြီး၊ ဖွ့ံ့ဖြိုးရေး အတွက်ဆိုပြီး၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးဆိုပြီး လုပ်ခဲ့ကြတာပဲ။ ဒါပေမယ့် အခုထိ ဘာမှ မဖွံ့ဖြိုးသေးဘူး။ အခုကာလမှာလည်း နာမည်ကတော့ ပြည်သူတွေ ဖွံ့ဖြိုးရေး၊တိုင်းရင်းသားဒေသ မဖွံ့ဖြိုးတဲ့နေရာ ဖွံ့ဖြိုးရေးပြောပြီးတော့ တကယ်လုပ်ရင် ဆုံးဖြတ်ချက်က ဘယ်သူလဲ၊ ဘယ်လို ဆုံးဖြတ်ချက် ချမှာလဲ ဆိုတာ မူတည်တယ်။
ကျမ စိတ်ပျက်မိတာဘာလဲ ဆိုတော့ အခု နိုင်ငံတကာ အသိုင်းအဝန်းက နေပြီး ကျမတို့ မြန်မာနိုင်ငံကို အကူအညီတွေ အများကြီး ပေးနေတဲ့အချိန်မှာ အဲဒီပေးတဲ့ အကူအညီက ရန်ကုန်က ပြည်သူတွေပဲ သိလို့ မရတော့ဘူး။ နယ်က လူတွေ၊
တိုင်းရင်းသား ပြည်သူတွေပါ သိဖို့လိုတယ်။ ဖွံ့ဖြိုးရေး လုပ်တဲ့ အခါမှာ တိုင်းရင်းသားဒေသကို အဓိက ပစ်မှတ်ထားပြီး လုပ်ကြမှာဆိုတော့ တိုင်းရင်းသား ပြည်သူတွေ၊ ခေါင်းဆောင်တွေ ကနေ ပါဝင်ဆုံးဖြတ်ဖို့ လိုလာပါပြီ။ ဘာဖြစ်လို့လဲ
ဆိုတော့ သူတို့ ဒေသက သူတို့ အသိဆုံး၊ သူတို့ ရွေးချယ် ဆောင်ရွက်သင့်တယ်။ ကျမကတော့ ကျမသိတဲ့ သတင်း အချက်အလက်တွေ သူတို့ဆီပို့တယ်၊ နောက်ပြီး သူတို့ဆီက ရှိတာတွေကို ယူသွားမယ်ဆိုတဲ့ ဆန္ဒပါပဲ။
မေး။ ။ ကျမက အမျိုးသမီး အခွင့်အရေးကို အဓိက လုပ်ဆောင်နေတယ် ဆိုတော့ လက်ရှိ မြန်မာပြည်က အမျိုးသမီး တွေကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ မြန်မာနိုင်ငံက အမျိုးသမီးတွေကို ပြောမယ်ဆိုရင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘဝတွေမှာ ပါဝင်မှု အများကြီး နည်းနေသေးတယ်။ ဒါပေမယ့် လာမယ့် ကာလမှာ လမ်းပွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
လောလောဆယ် နိုင်ငံရေး လောကထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးဘူး။ အထူးသဖြင့် နိုင်ငံရေး ကဏ္ဍဆိုတာ နိုင်ငံတခုရဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဆုံးဖြတ်ချက်တွေကို ချတဲ့ နေရာမျိုးဖြစ်တယ်။
ဒါကြောင့် လူဦးရေ တဝက်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေ ပါဝင်မှု အားကောင်းဖို့ လိုအပ်တယ်။ လွှတ်တော်မှာလား၊ နိုင်ငံရေးပါတီမှာလား၊ အစိုးရ ဌာနတွေမှာလား၊ အဲဒီအထဲမှာ အမျိုးသမီးတွေ ဒီထက် အများကြီး ပါဝင်ဖို့ လိုပါတယ်။ပါဝင်လာအောင် အများကြီး ကြိုးစားရအုံးမယ်။
တချိန်တည်းမှာပဲ အခု ကာလမှာ စီးပွားရေး အရမ်းဆိုးဝါးတဲ့ အခါကျတော့ ဒီအမျိုးသမီးတွေကို ကျမမြင်ရတာ အရမ်း ဝမ်းနည်းတယ်။ လေယာဉ်ကွင်းကနေ စလာတဲ့ညမှာပဲ လမ်းမှာ စကတ်တိုနဲ့ ကားတားတဲ့ ကလေးတွေ ငယ်ငယ်လေးပဲ ရှိသေးတယ်။ အမှန်ပြောရရင် Sex Worker ဆိုတဲ့ ဘဝနဲ့ ရပ်တည်နေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ယုံကြည်တဲ့ လူတယောက်အနေနဲ့ အစ်မ လက်ခံတယ်။ အမျိုးသမီး တယောက်က ကိုယ့်ခန္ဓာကိုယ်ကို ရင်းပြီး လုပ်မယ်ဆိုရင်တောင် သူ့မှာလည်း ဂုဏ်သိက္ခာ ရှိရမယ်လေ။ အဲဒီလိုလုပ်နိုင်ဖို့ လူ့အသိုင်းအဝန်းက ဖန်တီး ပေးနိုင်ရမယ်လေ။ လောလောဆယ် တော့ တို့နိုင်ငံမှာရှိတဲ့ ဥပဒေကြောင်းအရ ပြင်ရမယ့် ကိစ္စတွေ၊ ပြည့်တန်ဆာ ဥပဒေဆိုတာ ရှိတယ်။ သူက မိန်းကလေးတွေကို ကာကွယ်ပေးတဲ့ ဥပဒေမဟုတ်ဘဲနဲ့ စီးပွားရေး မကောင်းလို့၊ ဘဝနိမ့်ကျလို့ ကြုံသလို ဘ၀ ဖြတ်သန်းနေတဲ့ မိန်းကလေး တယောက်ကို ဒီဥပဒေက မကာကွယ်ပေးတဲ့အပြင် သူက ပိုတောင် ဖိနှိပ်သလို ဖြစ်နေတယ်။ အဲဒီဥပဒေကို တို့က မဖြစ်မနေ
အမှန် ပြင်ရမယ့် ဥပဒေပါဆိုတော့၊ Sex Worker တွေကို တချို့နိုင်ငံက တရားဝင် ခွင့်မပြုဘူး၊ တချို့နိုင်ငံက တရားဝင် ခွင့်ပြုတယ်။ ဒါကတပိုင်းပေါ့။ ဒါ ဒီလူ့ အသိုင်းအဝန်းရှိ လူမှုအသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှု ထုံးစံအရ ဘယ်လောက် လက်ခံလဲ။ ဒါပေမယ့် သူတို့ကို ကာကွယ်ဖို့တော့ ကြိုးစားရမယ်။
အမျိုးသမီး ဘဝတွေကို မြှင့်တင်ပေးဖို့အတွက် လိုအပ်တဲ့ သူတို့ ကျောင်းတက်ဖို့၊ ကျောင်းတက်ခွင့်ရရင် Sex worker လုပ်ချင်မှ လုပ်တော့မယ်၊ ရွေးချယ်ခွင့်မရှိလို့ အဲဒီလိုလုပ်တဲ့အတွက် သူတို့ကို ကာကွယ်ပေးဖို့ အစိုးရ တရပ် ရှိဖို့၊ ဥပဒေရှိဖို့ လိုပါတယ်။
မေး။ ။ သမ္မတ အိုဘားမား ဒေါ်အောင်ဆန်းစုကြည် ခြံထဲမှာ ပြောသွားတဲ့ မိန့်ခွန်းထဲကလို အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမှု တန်ဖိုးကိစ္စကို မြန်မာပြည်မှာ ဘယ်လိုဖြစ်နေတယ်လို့ ခံစားရလဲ။
ဖြေ။ ။ အမျိုးသားနဲ့ အမျိုးသမီးဆိုတာ ခန္ဓာဗေဒအရ တည်ဆောက်ပုံချင်းသာ မတူတာပါ။ အမျိုးသမီး တယောက်က အထူးသဖြင့် သား၊ သမီးတွေ၊ မျိုးဆက်ပြန့်ပွားရေး ကိစ္စတွေအတွက် အရေးပါသလို ဘယ်လိုပဲဖြစ်ဖြစ် ပုခုံး နှစ်ဘက်ကြား ခေါင်းပေါက်တဲ့ သူဖြစ်တယ်။ လူ့ အသိုင်းအဝန်းမှာ ယောက်ျား မိန်းမ ၂ မျိုး ကြားထဲမှာ တမျိုးထက် တမျိုးက ပို အခွင့်အရေး ရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဒီထက် နောက်ကောက် ကျန်လို့ မရတော့ဘူး။ ဒီထက်ပို နောက်ကောက်ကျန်ရင် မြန်မာနိုင်ငံရဲ့ အမျိုးသားတွေ ဘယ်လောက် တော်တော် မြန်မာပြည်ရဲ့ ဖွံ့ဖြိုးမှု ကဏ္ဍမှာ ဟန်ချက်ညီမှု ရှိမှာမဟုတ်ဘူး။
မြန်မာပြည်က အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားနေမှုကတော့ သမိုင်းကြောင်းအရ ပြောရရင် တော်တော်ရှည်မယ်။ သမိုင်းက
ဘယ်လိုပဲ ဖြစ်နေဖြစ်နေပါ၊ အခါကာလ သမိုင်းကြောင်းကို အခြေခံပြီး အမျိုးသမီးတွေ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍ အသီးသီးမှာ ဥပဒေကြောင်း ကာကွယ်မှု အခွင့်အရေးတွေ နည်းနေတယ်၊ အရမ်းကြီး ဖိနှိပ် ခံနေရသေးတယ်။ အဲဒါတွေကို အမျိုးသားတွေရဲ့ နားလည်မှု၊ သိမြင်မှု၊ ပံ့ပိုးမှုတွေ အများကြီး လိုအပ်တယ်။ အမျိုးသမီး တွေရဲ့ ဘ၀ မြင့်မားလာဖို့၊ အခွင့်အရေးရဖို့ လူ့အဖွဲ့အစည်းထဲမှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိတာနဲ့အမျှ ယောက်ျားတွေနဲ့ တန်းတူ လူ့အဖွဲ့အစည်း ဖွံ့ဖြိူးရေးအတွက် ဘယ်လောက်အထိ လုပ်ဆောင်နိုင်လဲ။ လောလောဆယ်တော့ အမျိုးသားတွေ ကိုယ်တိုင် နားလည်ပေးရမယ်၊ လမ်းဖွင့်ပေးရမယ်၊ ပူးပေါင်း ဆောင်ရွက် ပံ့ပိုးပေးရမယ်။ အမျိုးသမီးတွေကလည်း အမျိုးသားတွေထက်
၂ ဆ၊ ၃ဆ ကြိုးစား လုပ်ဆောင်သင့်တယ်။
လက်ရှိ မြန်မာနိုင်ငံက ပညာရေးစနစ်မှာ အမျိုးသားအမှတ်နဲ့ အမျိုးသမီးအမှတ် ကန့်သတ်ချက် ထားတဲ့အပေါ်ရော၊
အဲဒီစနစ်က ဘယ်နိုင်ငံမှ မရှိဘူး။ တချို့နိုင်ငံက အမျိုးသမီးနဲ့ အမျိုးသား လုပ်အားခ ခွဲတာတော့ ရှိတယ်။ အဲဒါတောင် ဥပဒေ ပြန်ပြင်ဖို့ လုပ်နေပါတယ်။ အဲဒီ အမှတ်ကိစ္စလည်း ပြောင်းရမယ်။ တော်တော်လည်း ခွဲခြားတာ ခံရတယ်။
မေး။ ။ မြန်မာပြည်က အမျိုးသမီး ရေးရာ အဖွဲ့တွေနဲ့ရော တွေ့ဖြစ်သေးလား။
ဖြေ။ ။ ဒီတခါလာတာက အမျိုးသမီး ရေးရာအတွက် ဦးစားမပေးလိုက် ရဘူး။ လူ့အခွင့်အရေးကိုပဲ ဦးစားပေးလိုက်တယ်။ တိုက်ရိုက် ပတ်သတ်နေတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေနဲ့ပဲ မဖြစ်မနေ ဆွေးနွေး လိုက်ရပါတယ်။
မေး။ ။ အစိုးရရဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ရော တွေ့ဖြစ်သေးလား။
ဖြေ။ ။ သူတို့ စဖွဲ့ကတည်းက တွေ့ဖို့ ကြိုးစားတယ်။ ဒါပေမယ့် တွေ့ခွင့်လည်း မပေးဘူး။ စာတွေလည်း အခါခါ တင်ပါတယ်၊ မရခဲ့ပါဘူး။ လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ခွင့်မရတဲ့ အပေါ် အစ်မအနေနဲ့ ဘာပြောချင်ပါသလဲ။ ကျမတို့ကို သူတို့ အနေနဲ့ တံခါးဖွင့်ပေးပါလို့ ပြောချင်ပါတယ်။ လူ့အခွင့်အရေးဆိုတဲ့ စကားကို သုံးပြီးကတည်းက အာဏာရှင် မဟုတ်တော့ဘူးလေ။အာဏာရှင် ဆိုရင်တော့ ဘယ်သူ့ကိုမှလည်း မေးမနေတော့ဘူး။ ဒါပေမယ့် လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ပြောပြီးတော့
ပြည်သူရဲ့ အခွင့်အရေးအကြောင်း ပြောမယ့်ကိစ္စကို တံခါးမဖွင့်ပေးရင်တော့ ဒါဟာ တကယ်ကို ဟန်ပြ လုပ်ပြတာ ဖြစ်သွားပြီ။ အဲဒါ မဖြစ်သင့်ဘူး။
မေး။ ။ မြန်မာပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အများကြီး ခံနေရတဲ့ နိုင်ငံလို့ ထင်လား၊ လက်ရှိ အခြေအနေကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အရမ်းကြီး ထူးထူးခြားခြား ပြောလို့ရတာကတော့ နိုင်ငံရေးနဲ့ ပတ်သတ်ပြီးတော့ ပြောခွင့်ဆိုခွင့်။ အရင်တုန်းကဆိုရင် လ္ဘက်ရည်ဆိုင်မှာ နိုင်ငံရေးအကြောင်း ပြောခွင့်မရဘူး။ အခုဆိုရင် ပြောလို့ရတယ်။ ဒါဟာ ကောင်းပါတယ်။ ဒီထက်ပိုပြီးတော့ စိတ်ကို ဒုန်းဒုန်းချလို့တော့ မရသေးဘူး။ ဥပဒေကြောင်းအရ ဖိနှိပ်မှု ဥပဒေတွေ ရှိနေသေးတယ်။ ငြိမ်းချမ်းရေးနေ့က ကိစ္စ လုပ်သွားတဲ့ လူငယ်တွေ ဖြစ်နေတာတွေ၊ တရားဥပဒေ ရင်ဆိုင်နေရတာတွေ၊ မဖြစ်သင့်ဘူးလေ။
မေး။ ။ အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်ထဲမှာ မိန့်ခွန်းပြောသွားတာဆိုတော့ ရန်ကုန်တက္ကသိုလ်ကြီး တံခါးပြန်ဖွင့်မယ်လို့ ယုံကြည်လား။
ဖြေ။ ။ အခုတော့ မခံစားရသေးဘူး။ ဒါပေမယ့် ပြန်ဖွင့်မယ်လို့ မျှော်လင့်တယ်။ ဖွင့်ပါစေလို့ ဆုတောင်းတယ်။ စိတ်မချမ်းသာတဲ့ ကိစ္စတခုက မန္တလေး ရတနာပုံ တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်။ အပြင်ကကြည့်ရင် ဆိုင်းဘုတ် တပ်ထားတာ မဆိုင်သူ မဝင်ရဆိုတာ မဖြစ်သင့်ဘူး။ အဲဒါမြင်ရတော့ အရမ်း စိတ်မကောင်းဘူး။ အကန့်အကန့် ခွဲထားတယ်ဆိုတာ ထောင်ပဲရှိတယ်။ တက္ကသိုလ်ဆိုတာ နိုင်ငံခေါင်းဆောင်တွေ၊ လူ့အသိုင်းအဝန်းကို မွေးထုတ်ပေးတဲ့ နေရာမှာ အဲဒီလိုတော့ မလုပ်သင့်ဘူး။ အိုဘားမား လာပြီးနောက်မှာတော့ ရန်ကုန်တက္ကသိုလ်ရင်ပြင်ကို ပြန်ဖွင့်မယ်လို့ ထင်ပါတယ်။ မျိုးဆက်တွေရဲ့ လျှောက်လမ်း ခြေချရမယ့်နေရာတွေမှာ ကြိုးတွေနဲ့ နှောင်ဖွဲ့တဲ့အရာ စပြီး ဖြေဖျောက်မှု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ ဒေါ်ခင်ဥမ္မာတို့ တည်ထောင်ထားတဲ့ ထိုင်းနိုင်ငံ အခြေစိုက် WLB က မြန်မာပြည်မှာ အခြေစိုက်ဖို့ ရှိပါသလား။
ဖြေ။ ။ မြန်မာပြည်မှာ WLB အခြေစိုက်ဖို့အတွက် လုပ်ဖော်ကိုင်ဘက် အားလုံးက ဆန္ဒရှိပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အစိုးရ အနေနဲ့ ဘယ်လောက်အထိ မှန်မှန်ကန်ကန် လုပ်ဆောင်သွားလဲဆိုတာကို ကြည့်ပြီးတော့
ပြန်ဝင်လာမှာပါ။ ။